သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးနဲ့ နိုင်ငံရေး အကြား စည်းတားဖို့ သမ္မတဦးသိန်းစိန် သတိပေး


သမ္မတ ဦးသိန်းစိန်
သမ္မတ ဦးသိန်းစိန်
ဘာသာရေးနဲ့ နိုင်ငံရေးကို ဆက်စပ်ခြင်းဟာ ဘာသာတရားတော်တွေနဲ့ မကိုက်ညီသလို၊ ဘာသာရေးလွတ်လပ်ခွင့်တွေကိုပါ ထိခိုက်စေတယ်ဆိုပြီး တချိန်က ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့စကားရပ်တွေကို ကိုးကားပြီး သမ္မတဦးသိန်းစိန်ရဲ့ သူ့ရဲ့ လစဉ် ရေဒီယိုမိန့်ခွန်းမှာပြောကြားသွားပါတယ်။ သုံးသပ်လေ့လာသူတွေကတော့ အခုလို ပြောဆိုချက်ကို ကြိုဆိုလိုက်ပြီး၊ ဒီလို ပြောဆိုချက်မူဝါဒကို အစိုးရအုပ်ချုပ်မှုပိုင်း အောက်ခြေအဖွဲ့အစည်း အဆင့်ဆင့်အထိ လက်တွေ့အကောင်အထည်ဖော်သွားဖို့လည်း တိုက်တွန်းပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာပါ။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အလယ်ပစ္စယံ ညီလာခံမိန့်ခွန်းကို ကိုးကားပြီးတော့ လွတ်လပ်စွာ ဘာသာကိုးကွယ်နိုင်မှုဟာ နိုင်ငံသားအခွင့်အရေးတွေထဲက တခုဖြစ်တာမို့၊ လွတ်လပ်စွာ ကိုးကွယ်နိုင်မှုဆိုတဲ့ အခွင့်အရေး ကို ပေးတဲ့နေရာမှာ ဘာသာရေးနဲ့ နိုင်ငံရေး စည်းတားထားရမယ် ဆိုပြီး သမတဦးသိန်းစိန်က ဒီကနေ့ မနက်ပိုင်းပြောတဲ့သူ့ရဲ့ လစဉ် ရေဒီယိုမိန့်ခွန်းမှာပြောသွားတာပါ။

လူအများကို နစ်နာစေမယ့် တရားဓမ္မဖြစ်လေဟန် ဟောပြောတာတွေ လုပ်ဆောင်တာတွေကိုလည်း တားးမြစ်ရမယ်လို့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းထဲမှာ ပြောသွားတဲ့အကြောင်း သမ္မတဦးသိန်းစိန်က ထပ်လောင်းပြောပြီး၊ ဒါတွေဟာ ဒီကနေ နိုင်ငံအခြေအနေမှာ စဉ်းစား သင်ခန်းစာယူ ရမှာဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာ့နိုင်ငံရေးလေ့လာ အကဲခတ်သူ ဒေါက်တာ ရန်မျိုးသိန်းက ဒီ ကိုကားပြောဆိုချက်ကို ထောက်ခံပါတယ်။

"ဘာသာရေးနဲ့ပတ်သက်တဲ့မိန့်ခွန်းမှာ ဗိုလ်ချုပ်အောင်ဆန်းပြောသွားတဲ့ အလယ်ပစ္စယံမိန့်ခွန်းကို ထည့်ပြီးပြောသွားတဲ့ အချက်လေး ကတော့ ကောင်းတယ် လို့ ပြောလို့ရတယ်ဗျာ။ တနည်းအားဖြင့် ဘာသာရေး နဲ့ နိုင်ငံရေး ရောထွေးမှုဟာ တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးမရှိဘူး ဆိုတဲ့ အချက်လေးကို အလေးအနက်ထားပြောသွားတဲ့ သဘောမျိုးရှိပါတယ်ခင်ဗျာ။ အဲ့တာလေးကတော့ ကောင်းပါတယ်ခင်ဗျာ။"

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်ကတော့ အခု သမ္မတဦးသိန်းစိန်ပြောဆိုချက်ဟာ ပြည်ထောင်စုအစိုးရကို ကိုယ်စားပြုတယ်လို့ ယူဆပြီး၊ ဒီ သဘောတရားဟာ အုပ်ချုပ်ရေးအောက်ခြေအဆင့်ဆင့်အထိ လိုက်နာဆောင်ရွက်သွားနိုင်ဖို့ တိုက်တွန်းပါတယ်။

"ကျနော်တို့တိုင်းပြည်ဟာ Secular State ဖြစ်သင့်တယ်ဆိုတဲ့အပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်း အလယ်ပစ္စယံ မိန့်ခွန်းကို ကိုးကားပြီးပြောထားတဲ့ မိန့်ခွန်း ဒီမိန့်ခွန်းထဲမှာ ထူးထူးခြားခြား တွေ့ရတယ်။ ဆိုတော့ သမ္မတကိုယ်တိုင် ပြောတယ်ဆိုတဲ့အခါကျတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောထားဖြစ်လိမ့်မယ်လို့ ကျနော်ယူဆတယ်။ အဲ့တာကိုတော့ အောက်ခြေ အဖွဲ့အစည်း အဆင့်ဆင့် အထိပေါ့ သေသေချာချာ လုပ်တယ် ဆိုလို့ရှိရင် ကောင်းတဲ့ကိစ္စဖြစ်တယ်လို့ ကျနော် အနေနဲ့ ပြောချင်ပါတယ်။ လက်တွေ့သေသေချာချာ အကောင်အထည်ဖော် မယ်ဆိုရင် ကောင်းတဲ့ ကိစ္စဖြစ်တယ်လို့ ကျနော့်အနေနဲ့ပြောချင်တယ်။ "

သူတို့အစိုးရအဖွဲ့အနေနဲ့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့ခေါင်းဆောင်လူကြီးတွေ၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဌနဲ့ လူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးတော့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးနဲ့ ပဋိပက္ခကာကွယ်တားဆီးရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

တဆက်တည်းမှာတော့ တတိုင်းတပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရအောင်ကြိုးစားနေတဲ့အကြောင်းနဲ့၊ နိုင်ငံရေးအကျဉ်းသားတွေ ဒီနှစ်ကုန်ပိုင်းမှာ တဦးတယောက်မှ ထောင်ထဲမှာ မကျန်စေရဘူးဆိုတဲ့ ဂတိကဝတ်ကိုလည်း သမ္မတဦးသိန်းစိန်က ထပ်လောင်းပြောခဲ့ ပါတယ်။ ဒေါက်တာရန်မျိုးသိန်းကတော့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စမှာ လက်တွေ့ဖော်ဆောင်မှု အားနည်းနေသေးတယ် လို့ ဝေဖန်ထောက်ပြပါတယ်။

"ဒါပေမဲ့ လက်ရှိအခြေအနေမှာ ကျနော်တို့ မြင်တွေ့နေရ သလောက်ပေါ့လေ။ ပြည်တွင်း ငြိမ်းချမ်းရေး မှာ ပြောနေတာတွေပဲ များပြီးတော့ တကယ့် လက်တွေ့မှာ အကောင်အထည်ဖော်နိုင်မှုပိုင်းတွေမှာ တော်တော်ကြီးကို အားနည်းနေတာ တွေ့ရတယ်ဗျ။ ကျနော့်အမြင်မှာ ဘာဖြစ်လို့ ဥပမာ General Annesty အခုထက်ခိ မလုပ်နိုင်သေးတာလဲပေါ့။ အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်ကို မကြေညာနိုင်သေးတာလဲပေါ့။ အဲ့လိုပုံစံမျိုးတွေမှာတော့ အားနည်းမှုတွေ တွေ့နေရသေးတယ်လို့ မြင်တယ်ဗျ။ "

ဒါ့အပြင် အခု လစဉ် မိန့်ခွန်းမှာတော့ သြဂုတ်လမှာ ကျရောက်မယ့် ၈လေးလုံး လူထုလှုပ်ရှားမှု ၂၅ နှစ်ပြည့် အတွက် တစုံတရာ မှတ်ချက် သဘောထား ပြောသင့်တယ် လို့ ဒေါက်တာရန်မျိုးသိန်းက ယူဆပါတယ်။

"သြဂုတ်လ ၁ရက်နေ့မှာ ပြောတဲ့ မိန့်ခွန်းမှာ ကျနော့်အမြင်အားဖြင့်ဆိုရင် ဇူလိုင်လ ကိစ္စတွေကိုပြောတာထက် သြဂုတ်လနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ပြောမယ် ဆိုရင် ပိုပြီးတော့ကောင်းမယ်လို့ မြင်တယ်။ ဥပမာအားဖြင့် အာဇာနည်နေ့ကိုပြောတာ ကောင်းသလို ကျနော်တို့ သြဂုတ်လ ၈ရက်နေ့ ၈လေးလုံးပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးနဲ့ပတ်သက်တဲ့ မှတ်ချက်တချို့ကိုလည်း ထည့်ပြီးပြောမယ်ဆိုရင် ပိုပြီးတော့ ဆီလျော်တယ်။ ပိုပြီးတော့ ကောင်းမွန်တယ်လို့ ကျနော်ကတော့ မြင်တယ်ဗျာ။"

သမ္မတဦးသိန်းစိန်အနေနဲ့ သူ့အစိုးရအဖွဲ့ရဲ့သဘောထားတွေ အစိုးရမူဝါဒတွေကို ထင်ဟပ်စေတဲ့ လစဉ် ရေဒီယိုမိန့်ခွန်း ပြောဆိုမှုတွေကို ဒီနှစ်ထဲမှာပဲ စတင်ခဲ့တာပါ။ အထူးသဖြင့်တော့ အစိုးရအဖွဲ့အနေနဲ့ တလအတွင်း လုပ်ငန်းဆောင်တာတွေနဲ့ ရည်မှန်းထားချက်တွေကို ရှင်းလင်းပြောကြားတာဖြစ်ပါတယ်။
XS
SM
MD
LG