သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ နှစ်ပတ်လည် အခမ်းအနား မြန်မာအစိုးရ အာဏာပိုင်တွေကို ဖိတ်ကြား


ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား ဖိတ်စာ
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား ဖိတ်စာ
မကြာခင် ကျရောက်မယ့် ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားကို တက်ရောက်ဖို့ အဖွဲ့အစည်းပေါင်းစုံ နဲ့ ပြည်သူအားလုံး ကို ငွေရတုအထိမ်းအမှတ် ဖြစ်မြောက်ရေးကော်မတီကနေ ဖိတ်ကြားခဲ့ပါတယ်။ ဒီအထဲမှာ နိုင်ငံတော်အစိုးရ အာဏာပိုင်တွေနဲ့ လွှတ်တော် တာဝန်ရှိသူတွေကိုပါ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ အဓိကကတော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုတဲ့ ဦးတည်ချက်နဲ့ အခုလိုမျိုး အဖွဲ့အစည်းပေါင်းစုံကို ဖိတ်ကြားခဲ့တာဖြစ်တယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေက ပြောကြပါတယ်။ အသေးစိတ် ကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ၈ လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး ဖြစ်ပွားခဲ့တာ အခုဆိုရင် ၂၅ နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ဒီလို ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်ကို ၈၈ ကျောင်းသားခေါင်းဆောင်တွေက ရန်ကုန်မှာ အခါတိုင်းနဲ့ မတူအောင် ကျင်းပဖို့အတွက် ကိုလည်း ပြင်ဆင်နေကြတာပါ။ ဒီနေရာမှာ ထူးခြားတာက ဒီနှစ်ကျရောက်တဲ့ ဒီ ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အခမ်းအနားမှာ ပထမဦးဆုံးအကြိမ် - သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရကိုရော လွှတ်တော် တာဝန်ရှိသူတွေကိုပါ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ ဒီလို ဖိတ်ကြားခဲ့တာနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဦးကိုကိုကြီး က အခုလို ပြောပြပါတယ်။

"၈၈က ဒီအခမ်းအနားကို ကျနော်တို့ ကျင်းပတဲ့ရည်ရွယ်ချက်က ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဦးတည်ချက်နဲ့ ဒီငွေရတုအခမ်းအနားကို အင်အားစုအားလုံးပါဝင်အောင် ကြိုးစားမယ်ဆိုတာက ဒီကော်မတီ စဖွဲ့ကတည်းက အားလုံးဆုံးဖြတ်ထားတာပါ။ အဲ့တာကြောင့် ကျနော်တို့ ဖိတ်တဲ့နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အပစ်ရပ်အဖွဲ့အစည်းတွေ၊ နောက်တီခါ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ နောက် အရပ်ဖက် လူ့အဖွဲ့အစည်းတွေ၊ ပြည်မက နိုင်ငံရေးပါတီတွေ၊ နောက် ဒီဘက်က လွှတ်တော်ပိုင်း၊ အစိုးရပိုင်း တာဝန်ရှိတဲ့သူတွေ၊ အားလုံးကို ကျနော်တို့ ဒီပွဲမှာ စုံစုံညီညီစုံစည်းနိုင်ဖို့ပေါ့။ အဲ့လို ကျနော်တို့ ကြိုးစားထားပါတယ်ခင်ဗျ။"

မေး။ ဆိုတော့ အစိုးရနဲ့လွှတ်တော်ဘက်က ဘယ်သူတွေကို ဖိတ်ကြားခဲ့တာပါသလဲရှင့်။

" အဓိက နိုင်ငံရေးပါတီတွေအနေနဲ့ ဖိတ်ကြားတဲ့နေရာ မှာတော့ နိုင်ငံရေးပါတီတွေ အားလုံးကိုဖိတ်စာရောက်အောင် ကြိုးစားထားပါတယ်။ တဖက်ကတော့ နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအဖွဲ့အားလုံးကို ကျနော်တို့ဖိတ်စာပို့ပါတယ်။ ပြီးတော့ လွှတ်တော်နှစ်ရပ်စလုံးကို လွှတ်တော်ဥက္ကဌ၊ ဒုက္ကဌနဲ့ နောက်ရေးရာ ကော်မတီအားလုံးရဲ့ ဥက္ကဌတွေဆီကို ကျနော်တို့ ဖိတ်စာပို့ပါတယ်။

မေး။ ဟုတ်ကဲ့ရှင်။ ဘယ်လိုပုံစံမျိုးနဲ့ သူတို့ဖိတ်တာပါလဲရှင့်။

"ငွေရတုအခမ်းအနားဖိတ်စာကို ကျနော်တို့ နိုင်ငံရေးပါတီတွေ၊ လွှတ်တော် အဖွဲ့အစည်းတွေကို ဖိတ်သလိုပဲ၊ ဒီဘက် အစိုးရပိုင်း၊ လွှတ်တော်ပိုင်း အဖွဲ့အစည်းအားလုံးကိုလည်း ကျနော်တို့ဖိတ်စာသွားပို့တာပါခင်ဗျ။"

မေး။ ဟုတ်ကဲ့ရှင့်။ နောက်တခုက စစ်တပ်ဘက်က အကြီးအကဲတွေကိုရော ဖိတ်တာရှိပါသလားရှင့်။

"ကျနော်တို့ဘက်ကတော့ အားလုံးကို ပါဝင်စေချင်ပါတယ်။ အဲ့ဒီ့တော့ ကျနော်တို့ အားလုံးပါဖို့အတွက် ဖိတ်စာတွေပေးတဲ့နေရာ မှာရော နောက် သာမာန်ပြည်သူတွေ အနေနဲ့ ဖိတ်စာမရရင်တောင်မှ ကျနော်တို့ဖိတ်စာဝေ တဲ့နေရာမှာ ချို့ယွင်းချက်ရှိခဲ့ရင်တောင်မှ ဒီအခမ်းအနားကို အားလုံး တက်တက်ကြွကြွနဲ့ ပါဝင်ဆင်နွှဲကြဖို့ ကျနော်တို့ နိုးဆော်ထားပါတယ်ခင်ဗျ။"

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဦးကိုကိုကြီး ဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ ဒီငွေရတုအခမ်းအနား အတွက် ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်နေပြီး ဒီအခမ်းအနားအတွင်း တင်ဆက်မယ့် အနုပညာအတွက် သဘင်နဲ့ရုပ်ရှင်ဘက်က အနုပညာရှင် တွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဒီ ၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် ၂၅ နှစ်မြောက် ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ငွေရတု အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမမှာ လာမယ့် သြဂုတ်လ ၆ ရက်၊ ၇ ရက်၊ ၈ ရက် - ၃ ရက်ကြာ ကျင်းပမှာလည်းဖြစ်တယ်လို့၈ လေးလုံး ငွေရတုအခမ်းအနားဖြစ်မြောက်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ ပါတယ်။
XS
SM
MD
LG