သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာမှာ သံဃာတစ်ပါး မီးရှို့ အဆုံးစီရင်


၈လေးလုံးအခမ်းအနားတွေ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ကျင်းပဖို့ စီစဉ်ထားတဲ့အချိန် ၈လေးလုံး အခမ်းအနား ကျင်းပဖို့ စီစဉ်ထားတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့က ဇောတိက ဘုန်းကြီးကျောင်း တကျောင်းမှာတော့ ၈ရက်နေ့ မနက်စောပိုင်းမှာ သံဃာတော်တပါး ကိုယ့်ကိုကိုယ် မီးရှို့ပြီး သတ်သေမူဖြစ်ပွားခဲ့ပါတယ်။ အာဏာပိုင်တွေ က အခုလို မီးရှို့သေဆုံးမူအပေါ် စုံစမ်းစစ်ဆေးမူတွေ ရှိခဲ့ပေမဲ့ ၈လေးလုံးပွဲကိုတော့ ကျင်းပနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း မုံရွာခရိုင် မုံရွာမြို့က ဇောတိကဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံးတဲ့ အသက် ၂၄နှစ်အရွယ် ဝါ ၄ဝါရှိပြီဖြစ်တဲ့ သံဃာ ဦးသုန္ဒရဟာ ၈ရက်နေ့ မနက် ၃နာရီခန့်မှာ မိမိကိုယ်ကို မီးရှို့ပြီး အဆုံးစီရင်မူ လုပ်ခဲ့တာပါ။ ဇောတိကကျောင်းတိုက်ကို ရောက်ရှိခဲ့တဲ့ မုံရွာမြို့ခံတဦးက အခုလိုပြောပါတယ်။

"ဝါက လေးဝါလောက်လို့ပြောတယ်ခင်ဗျ။ ကျနော်တို့ သွားကြည့်တော့ ပြာပုံပဲ ကျန်ခဲ့တာလေ။ အဲ့ဒီ့မှာ ကျောင်းထိုင်ကိုယ်တော်တွေ သိတာက ၂နာရီ ၄၅မိနစ်မှ သိရတယ်တဲ့။ ၂နာရီ ၄၅မိနစ်မှာ ပျံလွန်တော်မူသွားတဲ့ကိုယ်တော်က ဦးသုန္ဒရတဲ့။ သက်တော်က ၂၄နှစ်၊ ဝါတော်က ၄ဝါ။ ခမည်းတော်က ဦးငွေတဲ့။ ဇောတိကကျောင်းတိုက်မှာ နေတာတဲ့ခင်ဗျ။

မုံရွာမြို့က ရဲစခန်းကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ မီးရှို့ သတ်သေမူဖြစ်ကြောင်း ကို တာဝန်ရှိရဲအရာရှိက အတည်ပြုပြောကြားပါတယ်။

" ကျနော်တို့ သုံးနာရီသုံးဆယ်မှာ စသိရပါတယ်ခင်ဗျ။ မနက်သုံးနာရီသုံးဆယ်မှာ အဲ့ဒီ့အချိန်အထိတော့ သူက မီးလောင်ထားတဲ့အရှိန်ကြောင့်လည်းပါမယ်။ ခန္ဓာကိုယ်ကတော့ ပူနွေးဆဲပဲ ရှိသေးတာကိုး။ ဘာကြောင့်ဖြစ်လဲဆိုတော့ သူ့ရဲ့မှတ်စုစာအုပ်ထဲမှာတော့ သူက ဘယ်လိုခေါ်မလဲဗျာ။ ဘုရားဆုပန်တဲ့သဘောပေါ့။ အဲ့လိုသဘောမျိုး ဘုရားကို ဆီမီးပူဇော်တာပေါ့ခင်ဗျာ။ ခန္ဓာကိုယ်နဲ့ဆီမီးပူဇော်တာပေါ့။

မုံရွာမြို့က ဇောတိကကျောင်းတိုက်မှာ မုံရွာမြိုက လူတွေက ၈လေးလုံး ၂၅နှစ်ပြည်နှစ်ပတ်လည်နေ့လုပ်ဖို့ပြင်ဆင်ကြတဲ့အတွက် ညကတည်းက ညအိမ်စောင့်နေကြသူတွေလည်းရှိနေကြတာပါ ။ ဒါပေမဲ့ သံဃာတပါး မီးရှို့သတ်သေမူကို မသိလိုက်ကြဘူးလို့ဆိုပါတယ်။ သူ့ရဲ့အလောင်းကိုလည်း အာဏာပိုင်တွေက ဆေးရုံကို ချက်ချင်းပို့ဆောင်လိုက်တယ်လို့ဆိုပါတယ်
၈လေးလုံးပွဲကိုလည်းဇောတိကကျောင်းမှာပဲ မနက် ၈နာရီအချိန်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

"၈လေးလုံးပွဲက ဇောတိကမှာ ၈နာရီ အခမ်းအနားစတာပါပဲ။ အဲ့ဒီ့သံဃာတော်ကို ကျနော်တို့ သွားကြည့်တော့ အားလုံးတိတ်ဆိတ်နေတာပဲဗျ။ ဘာမှတော့ မပြောတော့ဘူးဗျ။ အခုအခမ်းအနားက ၂နာရီခွဲလောက်မှ ပြီးသွားတာခင်ဗျ။ မီးလောင်တာ တချို့ပွဲလာတဲ့သူတွေ မသိကြဘူးဗျ။ ကျနော်တို့က ရှေ့မှာ အလုပ်လုပ်နေကြတာဆိုတော့လေ လူတော်တော်များများက ဖြစ်မှ သိကြတာ။ ဖြစ်တာကလည်း နောက်ဖေးမှာဖြစ်တာလေ။ နောက်ဖေးကလည်း တော်တော်လေး လှမ်းသေးတယ်လေ။ ကျောင်းထဲမှာ ဋ္ဌာနဆိုင်ရာတွေ စစ်ဆေးမေးမြန်းတာတော့ရှိပါတယ်။"

ဒီကနေ့ ၈လေးလုံး၂၅နှစ်မြောက် နှစ်ပတ်လည်နေ့လုပ်နေတာဖြစ်တဲ့အတွက်
မြို့ခံတွေအနေနဲ့ မအားမလပ်ဖြစ်နေကြတာပါ။ သံဃာတပါး ကိုယ့်ဘာသာကိုယ် အဆုံးစီရင်တဲ့ကိစ္စမျိုးဟာ မြန်မာနိုင်ငံ မှာ ဖြစ်လေ့ဖြစ်ထ နည်းတဲ့ ကိစ္စဖြစ်ပြီး ဒီဖြစ်ရပ်နဲ့ပတ်သက်လို့တော့ ဘာကြောင့် ဖြစ်တယ် ဆိုတာကို ဒေသခံတွေကြားမှာ ပြောဆိုဝေဖန်တာတွေ မရှိသေးပါဘူး။
XS
SM
MD
LG