သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်အကြမ်းဖက်မှု နိုင်ငံတကာရှုတ်ချ


အီဂျစ်ဆန္ဒပြပွဲ အကြမ်းဖက်နှိမ်နင်းစဉ်။
အီဂျစ်ဆန္ဒပြပွဲ အကြမ်းဖက်နှိမ်နင်းစဉ်။
အီဂျစ်အစိုးရက ဆန္ဒပြသူတွေကို အကြမ်းဖက်ပြီး နှိမ်နင်းတာဟာ အတော် ရှက်စရာကောင်းတဲ့ လုပ်ရပ်တခုလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က သတ်မှတ်လိုက်သလို ဒါဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆန့်ကျင်တဲ့ သိပ်ကိုဆိုးဝါးတဲ့ လုပ်ရပ်တခုဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

အခုလိုအကြမ်းဖက်ဖြိုခွင်းမှုကနေ အဖြေရှာလို့ ရနိုင်မှာမဟုတ်ပဲ အီဂျစ်နိုင်ငံသားတွေကြား ပိုပြီးသွေးကွဲမှုတွေသာ ဖြစ်ပွားလာနိုင်တယ်လို့ ဗုဒ္ဓဟူးနေ့ အမေရိကန် နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Kerry က ပြောကြားလိုက်တာပါ။ အီဂျစ်အစိုးရအနေနဲ့ လူသားတွေရဲ့ အခြေခံရပိုင်ခွင့်ကို လေးစားဖို့နဲ့ ဆန္ဒပြလူစုဘက်ကလည်း အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့ ပါ ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ဝန်ကြီး Kerry လိုပဲ သမ္မတ အိမ်ဖြူကလည်း အီဂျစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုံ့ချလိုက်ပြီး အရေးပေါ်အခြေအနေကြေညာချက်ကို ကန့်ကွက်လိုက်ပါတယ်။ ဒါ့အပြင် လုံခြုံရေးတပ်သားတွေ အနေနဲ့ စိတ်ရှည် သည်းခံဖို့ပါ ပန်ကြားလိုက်ပါတယ်။

အီဂျစ်အစိုးရကရော အတိုက်အခံ အစ္စလာမ်ဝါဒီတွေဘက်ကပါ အကြမ်းဖက်မှု ပိုတိုးလာမယ့်ကိစ္စတွေကို ရှောင်ရှားကြဖို့နဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ပြန်လုပ်ကြဖို့လည်း ဥရောပ အင်အားကြီးနိုင်ငံတွေက တိုက်တွန်းခဲ့ကြပါတယ်။
XS
SM
MD
LG