သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးဌာန ၄ ခုကို ဗဟိုဘဏ် ငွေ ထုတ်ချေးခွင့် လွှတ်တော် ဆုံးဖြတ်


မြန်မာပြည်တွင်းသုံး ကျပ်ငွေနဲ့ နိုင်ငံခြားငွေများ
မြန်မာပြည်တွင်းသုံး ကျပ်ငွေနဲ့ နိုင်ငံခြားငွေများ
မြန်မာနိုင်ငံ ဗဟိုဘဏ် အနေနဲ့ သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး တဲ့နောက်မှာ အစိုးရဝန်ကြီး ဌာန ၄ ခုကို ငွေပြန်ချေး နိုင်တယ် ဆိုပြီးတော့ လွှတ်တော် က အတည်ပြု ဆုံးဖြတ်ခဲ့တာပါ။ အခုလို အစိုးရအဖွဲ့နဲ့ ကင်းလွတ်သွားပြီဖြစ်တဲ့ ဗဟိုဘဏ်က ဝန်ကြီး ဌာနတွေကို ငွေပြန်ချေးနိုင် တာဟာ ကောင်းမွန်တယ်လို့ လည်း စီးပွားရေး ပညာရှင်တွေ က သုံးသပ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဆက်သွယ်ထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြမှာပါ။

အစိုးရသစ်တက်ပြီး ၂ နှစ်ခွဲအကြာမှာ ဘဏ္ဍာရေးဝန်ကြီး ဌာနအောက်ကနေ သီးခြား ခွဲထွက်လာနိုင်ပြီဖြစ်တဲ့ ဗဟိုဘဏ်ဟာ အစိုးရ ဝန်ကြီးဌာနတွေကို ဒီ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်မှာ ငွေချေး ခွင့်ပေးနိုင်တော့ မှာဖြစ်ပါတယ်။
သြဂုတ်လ ၁၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ဗဟိုဘဏ် အနေနဲ့ ဝန်ကြီးဌာန လေးခုဖြစ်တဲ့ ပြန်ကြားရေး ဝန်ကြီးဌာန၊ လျှပ်စစ် စွမ်းအင် ဝန်ကြီးဌာန၊ မွေးမြူရေးနဲ့ ထုတ်လုပ်ရေး ဝန်ကြီးဌာန၊ စက်မှု ဝန်ကြီးဌာန တွေက မြန်မာ ကျပ်ငွေ ၄၁၀ ဘီလီယံ ကို အတိုးနှုန်း ၄ ကျပ် နဲ့ ချေးပေးဖို့ ကန့်ကွက်သူ မရှိ အတည်ပြုခဲ့တာပါ။

အခုလို ဗဟိုဘဏ်ကနေ အစိုးရဝန်ကြီး ဌာနတွေ ကို ငွေချေးပေးနိုင် တာဟာ ကောင်းမွန်တယ်လို့ နိုင်ငံတော်သမ္မတရဲ့ စီးပွားရေး အကြံပေး ပုဂ္ဂိုလ် ဦးမြင့် ကပြောပါတယ်။

“ အများအားဖြင့်တော့ ဗဟိုဘဏ်ကတော့ Monetary policy ကိုကိုင်တာပေါ့နော်။ ကိုင်တဲ့အခါကျတော့ သူ့အနေနဲ့က ဘက်ဂျက်တွေ ဘာတွေမှာ ဒါကြောင့် Money Supply မှာ Control လုပ်တာပေါ့။ ထိန်းချုပ်တာပေါ့။ Money Supplyကနေ ငွေတွေ ဘာတွေ ချေးလို့ ရတာပေါ့နော်။ လိုငွေက ဘယ်လို သုံးတယ်ဆိုတာကတော့ အစိုးရ ပေါ်လစီပေါ်မှာ မှုတည်တာပေါ့ နော်။ ကောင်းပါတယ်။ သူ့ကို ပိုပြီးတော့မှ သီးခြားလွတ်လပ်တဲ့အခြေအနေတွေမှာ ပိုပြီးတော့ လွပ်လပ်ခွင့်ပေးလာတော့ Money Supply ကို ထိန်းချုပ်ပြီဆိုရင်တော့ သူ့အနေနဲ့ ငွေကြေးဖောင်းပွမှုတွေကို ထိန်းလို့ရတာပေါ့။ တိုင်းပြည်အတွက် အကျိုးရှိတဲ့ဟာတွေ သုံးလို့ရတာပေါ့။ လျှပ်စစ်တို့ ဘာတို့ဆိုတာ အကြီးအကျယ်လိုနေတာပဲ မဟုတ်ဘူးလား။ မဆိုးပါဘူးလို့ ထင်ပါတယ်။"

သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်လာတဲ့ ဗဟိုဘဏ်က ဝန်ကြီးဌာနတွေ ကိုငွေချေးဖို့လုပ်တဲ့အပါ်မှာ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့လည်း လက်ခံတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကပြောပါတယ်။

“ အခုဟာက ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီခေတ်ဖြစ်နေပြီ။ ဒါကြောင့်မို့လို့ လိုအပ်တယ်ထင်ရင် သူတို့ချေးပြီးသုံးမယ်။ ပြီးရင် သူတို့နဲ့ဆိုင်လို့ သူတို့ချေးတာပေါ့ဗျာ။ ဝန်ကြီးတွေက အာမခံလို့ ချေးသင့်တယ်လို့ သမ္မတက အာမခံလို့ အစိုးရက အဖွဲ့အနေနဲ့ ချေးတာကိုး။ ဒါပထမဆုံးအကြိမ် အနေနဲ့ ချေးသုံးတာပေါ့။ ဗဟိုဘဏ်ကနေ အစိုးရဝန်ကြီး ဌာနက ချေးသုံး တာပေါ့။ နိုင်ငံတကာမှာလည်း အဲ့သလိုချေးတယ်ဆိုတာ ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဗဟိုဘဏ်နဲ့ အစိုးရနဲ့ သီးခြားခွဲထွက်သွားတဲ့ အတွက်ကြောင့်မို့ လို့ ချေးတယ်ဆိုတာ ပေါ်လာတာပါ။ "

အစိုးရသစ်တက်ပြီးတဲ့ နောက်ပိုင်း မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ထုတ်လုပ်ရေး ကဏ္ဍတွေ မှာ အရှုံးတွေ ပေါ်နေတဲ့အတွက် မေးမြူရေးဝန်ကြီးဌာနအနေနဲ့ ဗဟိုဘဏ်က ချေးငွေရလာမယ်ဆိုရင် မွေးမြူထုတ်လုပ်ရေးသမားတွေ အတွက် အနည်းငယ် အသက်ရှုချောင်လာနိုင်မယ်လို့ လည်း ငါးလုပ်ငန်းရှင်များ အဖွဲ့ချုပ် ရဲ့ အတွင်းရေးမှူး ဦးဝင်းကြိုင် ကပြောပါတယ်။

“ဝန်ကြီးဌာနကို ဗဟိုဘဏ်အနေနဲ့ သီးခြားရပ်တည်နေတဲ့ အချိန်အခါမှာ လွှတ်တော်ရဲ့ ခွင့်ပြုချက်နဲ့ ချေးခွင့်ရတယ်ဆိုတာ ကျနော်တို့အနေနဲ့ အင်မတန်မှ ဝမ်းသာပါတယ်။"

အစိုးရ ဝန်ကြီးဌာနတွေ ၄ ခုကို ဗဟိုဘဏ်က ငွေထုတ် ချေးပေးခွင့် ကို အခု ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ် မှာ စတင်ချေးပေးနိုင်မှာ ဖြစ်ပြီး တော့ ဝန်ကြီးဌာနတွေကလည်း ဗဟိုဘဏ် ကို အတိအကျ ချေးယူထားတဲ့ ငွေတွေကို အတိုးနှုန်းနဲ့တကွ ပြန်ဆပ်ရမှာဖြစ်တယ်လို့လည်း ဦးလှဆွေကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင် တစ်ချို့ကတော့ အခုလို ပြည်သူတွေရဲ့ အခွန်ကောက်နေတဲ့ ဝန်ကြီးဌာနတွေက ဗဟိုဘဏ်ကနေ ငွေချေးခွင့် ထပ်ပြီးရနေတာဟာ စဉ်းစားစရာ ဖြစ်နေတယ် လို့လည်း ပြောဆိုဝေဖန်မှုတွေ ရှိနေပါတယ်။ ငွေချေးခွင့် ရခဲ့တဲ့ ဝန်ကြီးဌာန ၄ ခုဟာ ဘတ်ဂျက်လိုငွေပြနေတဲ့ ဝန်ကြီးဌာနတွေ ဖြစ်ပြီးတော့ လျှပ်စစ် စွမ်းအင် ဝန်ကြီးဌာနဟာ ဆိုရင် အခုချေးယူခွင့်ရထားတဲ့ ဝန်ကြီးဌာနတွေ ထဲမှာ ငွေကြေး မြန်မာကျပ်ငွေ သန်း ၃၇၃၀၀၀ ကို ရန်ကုန် လျှပ်စစ်ဓာတ်အား တိုးချဲ့ရေးတွေအတွက် ချေးယူခွင့်ရမှာဖြစ်ပါတယ်။
XS
SM
MD
LG