သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆက်လက် ဆန္ဒပြလျှင် ပစ်ခတ်ဖို့ အီဂျစ်အစိုးရ သတိပေး


အကြမ်းဖက်ဖြိုခွင်းခံလိုက်ရတဲ့ သပိတ်စခန်း (သြဂုတ်လ ၁၅၊ ၂၀၁၃။)
အကြမ်းဖက်ဖြိုခွင်းခံလိုက်ရတဲ့ သပိတ်စခန်း (သြဂုတ်လ ၁၅၊ ၂၀၁၃။)
သူတို့ရဲ့ ဆန္ဒပြမှုတွေကို နောက်ဆုတ်ပေးမှာ မဟုတ်ဘူးလို့ အစိုးရ ဆန့်ကျင်ဆန္ဒပြနေကြသူတွေက ပြောဆိုထားတဲ့တချိန်တည်းမှာ၊ အီဂျစ်ရဲတွေကလည်း ဆန္ဒပြသူတွေဘက်က တိုက်ခိုက်လာမှုတွေကို ကာကွယ်ဖို့အတွက် လက်နက်အစစ်တွေ သုံးပြီး ဆက်လက် နှိမ်နင်းသွားမယ်လို့ ခြိမ်းခြောက် ပြောဆိုထားပါတယ်။ သမ္မတရာထူးက ဖယ်ရှားခံလိုက်ရတဲ့ မိုဟာမက် မော်စီ ကို ပြန်လည် ရာထူးခန့်အပ်ဖို့ တောင်းဆိုနေကြတဲ့ မူဆလင်ညီအစ်ကိုတော်များ အဖွဲ့ဟာ ကြားဖြတ် အစိုးရကို အာခံပြီး ဆန္ဒပြ စုဝေးမှုကြီးတွေ ဒီကနေ့ သောကြာနေ့မှာ ဆက်လုပ်သွားမယ်လို့ ဆိုထားပါတယ်။ အီဂျစ် အာဏာပိုင်တွေကတော့ မူဆလင်ညီအစ်ကိုတော်များအဖွဲ့နဲ့ မစ္စတာမော်စီကို ထောက်ခံသူတွေဟာ အကြမ်းဖက်မှုတွေနဲ့ အဖျက်အမှောင့် လုပ်ငန်းတွေကို လုပ်ဆောင် နေသူတွေလို့ စွပ်စွဲ ပြောဆိုထားပါတယ်။ မူဆလင်ညီအစ်ကိုတော် အများအဖွဲ့ကလည်း တိုင်းပြည်ဟာ စစ်အာဏာရှင်စနစ်ဆီကို ပြန် ရောက်သွားပြီးလို့ ပြောနေတာပါ။

အီဂျစ်ရဲတွေက သေနတ်တွေ၊ သံချပ်ကာ ကားတွေနဲ့ မြေတူးတဲ့ ဘူဒိုဇာ စက်ကြီးတွေ သုံးပြီး ကိုင်ရိုမြို့က ဆန္ဒပြစခန်းကြီး နှစ်ခုကို ဗုဒ္ဓဟူးနေ့က အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်။ အီဂျစ် အကြမ်းဖက်မှုတွေအတွင်း သေဆုံးသူ ၅၇၈ ယောက် ရှိသွားပြီလို့ အစိုးရက ပြောပေမဲ့၊ မူဆလင် ညီအစ်ကိုတော်များအဖွဲ့ကတော့ သေဆုံးသူ ထောင်နဲ့ချီ ရှိတယ်လို့ ပြောပါတယ်။ ယာယီသုံး ရင်ခွဲရုံးတွေနဲ့ ဖြစ်သလို ဖန်တီးထားတဲ့ ဆေးရုံတွေမှာ လူသေအလောင်းတွေနဲ့ ကြမ်းပြင်တွေပေါ်မှာ သွေးတွေ အများကြီးတွေ့ရကြောင်း သတင်းထောက်တွေနဲ့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာတော့ အနောက်နိုင်ငံအစိုးရတွေက ကြားဖြတ်အစိုးရကို ဖိအားတွေ တိုးပြီး ပေးလာနေပါတယ်။ အမေရိကန်သမ္မတ ဘရက်အိုဘားမား က ရှေ့လထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ အမေရိကန်နဲ့ အီဂျစ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကြီးကို ပယ်ဖျက်လိုက်ကြောင်း ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။ Bright Star လို့ခေါ်တဲ့ ဒီ နှစ်နိုင်ငံ စစ်ရေး လေ့ကျင့်မှုကို နှစ်နှစ်တကြိမ် ပြုလုပ်တာဖြစ်ပြီး အီဂျစ်စစ်တပ်ရဲ့ စစ်ရေးကျွမ်းကျင်မှုတွေကို အားဖြည့်ပေးဖို့လည်း ဖြစ်ပါတယ်။ ဆန္ဒပြသူတွေအပေါ် အစိုးရရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကိုလည်း အမေရိကန် သမ္မတက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီးတော့၊ တကယ်လို့ အီဂျစ်အစိုးရအနေနဲ့ အရပ်သားပြည်သူတွေ အပေါ် အကြမ်းဖက်မှုတွေ ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် အီဂျစ်ကို နှစ်စဉ် စစ်ရေး အကူအညီ ဒေါ်လာ သန်းပေါင်း ၁ ထောင်ကျော် ပေးအပ်နေတာကို ရပ်ဆိုင်းပစ်ဖို့ ဆန္ဒရှိတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
XS
SM
MD
LG