သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံ လေ့လာစိစစ်ရေး လွှတ်တော် ကော်မတီ ပထမဆုံးအကြိမ် စည်းဝေးမည်


လွှတ်တော်၊ နေပြည်တော်။
လွှတ်တော်၊ နေပြည်တော်။
လက်ရှိ ကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရေး အတွက် လွှတ်တော်က ဖွဲ့စည်းထားတဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ လေ့လာ စိစစ် သုံးသပ်ရေး ကော်မတီ ဟာ ပထမဆုံး အကြိမ်အဖြစ်နဲ့ ဆွေးနွေးမှုတွေ စတင်တော့မှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကို အချိုးကျ ရွေးချယ် စုစည်းထားတဲ့ ၁၀၉ ဦးပါ ဒီကော်မတီဟာ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ဘယ်အချက်တွေကို လေ့လာကြမလဲ ဆိုတာနဲ့ နောက် ကော်မတီဝင်တွေရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို စပြီး ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ အမှီ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး မသိင်္ဂ ီထိုက်က ကော်မတီဝင်တွေနဲ့ ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။

ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ အဖွဲ့ဝင် ၁၀၉ ဦးပါ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ လေ့လာစီစစ် သုံးသပ်ရေး ကော်မတီဟာ မနက်ဖြန် သောကြာနေ့မှာ ပထမဆုံး အကြိမ်အဖြစ် အစည်းအဝေး စတင်တော့မှာ ဖြစ်ပါတယ်။ အခြေခံ ဥပဒေကိုပြင်ဆင်နိုင်ရေး လွှတ်တော်ရဲ့ ပထမဆုံး အဆင့်အဖြစ်နဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ ဘယ်အချက်တွေကို စပြီး လေ့လာကြမလဲ၊ နောက် ကော်မတီ အနေနဲ့ လုပ်ငန်းတွေ စတင် လုပ်ဆောင်နိုင်ဖို့ ဆွေးနွေးကြမှာဖြစ် တယ်လို့ ကော်မတီဝင်တဦးလည်း ဖြစ် အမျိုးသားလွှတ်တော်အမတ်တဦး လည်း ဖြစ်တဲ့ ဒေါက်တာအေးမောင် က ပြောပါတယ်။

"အတည်ပြုထားပေမဲ့လို့လည်း ဒီကော်မတီက ဘာမှ အလုပ်လုပ်နိုင်ခြင်း မရှိသေးဘူးလေ။ အဲ့တာကြောင့်မို့လို့ ကျနော်တို့ မနက်ဖြန် တစ်နာရီမှာ ပထမဆုံးအကြိမ် ၁၀၉ဦး စုံညီတဲ့ အစည်းအဝေး စလုပ်မယ်လို့ သိရပါတယ်။ နောက် အဌမအကြိမ် မကူးခင်ကြားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ ကော်မတီဟာ အလုပ်လုပ်မယ်လို့ ယူဆရပါတယ်။ အဲ့တာကတော့ ဆွေးနွေးပွဲ ရလာဒ်ကို ကြည့်ပြီးမှ ကျနော်တို့ ပြောနိုင်မှာပါ။"

ဖွဲ့စည်းပုံ လေ့လာစိစစ်သုံးသပ်ရေး ကော်မတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဘယ်လောက် ပြင်ဆင်နိုင်မလဲ ဆိုတာကတော့ ကော်မတီဝင်တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို ခွဲဝေပြီးတဲ့ အချိန်မှာပြော ဆိုနိုင်မှာ ဖြစ်တယ်လို့လည်း ကော်မတီဝင်တွေက ပြောပါတယ်။

ကော်မတီဝင် တဦးလည်း ဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားပြု လွှတ်တော် အမတ် တဦးလည်း ဖြစ်တဲ့ ဦးဝင်းမြင့် ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ကို အာမခံပေးနိုင်တဲ့ အခြေခံ ဥပဒေ ဖြစ်လာရေး ကို အဓိက ထားဆွေးနွေးမယ့် အပြင် တခြား အခြေခံ ဥပဒေပါ အချက်တွေကိုလည်း ပြင်ဆင်နိုင်ဖို့ ကြိုးပမ်းမယ်လို့ ပြောပါတယ်။

"ကျနော်တို့က ဒါက အဓိကဆိုပေမဲ့ ကျန်တဲ့ဟာတွေလည်းရှိပါတယ်။ ကျနော်တို့က ဒီတခုတည်းကို ဆွေးနွေးမှာ မဟုတ်ပါဘူး။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အရေးပေါ်ကာလအခြေအနေ၊ နောက်တခါ အသွင်ကူးပြောင်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့၊ အဲ့တာတွေ အကုန်လုံးပါ။ ကျနော်တို့က ဒီမိုကရေစီနည်းလမ်းကျအောင် ကျနော်တို့ကတော့ ပြောမှာပါ။ ခုနက ဟာလည်း အဓိက အချက်မှာပါပါတယ်။ ဒါပေမဲ့ ဒီတခုတည်းကို ဆွေးနွေးမှာ မဟုတ်ပါဘူး။"

၂၀၀၈ ဖွဲ့စည်းပုံ လေ့လာစိစစ်သုံးသပ်ရေး ကော်မတီ အဖွဲ့ဝင်တွေကိုတော့ လွှတ်တော်ထဲက ကိုယ်စားလှယ် အရေအတွက် အချိုးအစား နဲ့ ရွေးချယ်တာ ဖြစ်လို့ စစ်တပ် ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ကိုယ်စားလှယ်တွေ က အဖွဲ့ဝင်တွေရဲ့ ၇၀ ရာခိုင်နှုန်းကျော် ပါဝင်နေတာဖြစ်ပါတဲ့တယ်။

အဓိက အတိုက်အခံ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဒီကော်မတီမှာ ၁၀ ရာခိုင်နှုန်းတောင် မပါပါဘူး။ ဒါကြောင့် ၂၀၁၅ ခုနှစ်မှာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ခွင့်ကို အာမခံ ပေးနိုင်တဲ့ အခြေခံ ဥပဒေမျိုး ဖြစ်လာအောင် ပြင်ဆင်နိုင်ဖို့ အထိ ဒီကော်မတီက လုပ်ဆောင်နိုင်မလား ဆိုတာကတော့ မသေချာပါဘူး။ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ကို အာမခံပေးနိုင်မယ့် ဖွဲ့စည်းပုံ တခု ဖြစ်လာရေးကို ပိုပြီး စိတ်ဝင်စားတဲ့ ကော်မတီဝင် တဦးဖြစ်သူ ဒေါက်တာ အေးမောင် ကတော့ ကော်မတီဝင် ၁၀၉ ဦးဆိုတဲ့အတွက် သဘောတူညီချက် တခု၊ တခု ရဖို့ အတော် ခက်ခဲမယ့် အနေအထားလို့ ဆိုပါတယ်။ ကော်မတီဝင်များလွန်းတဲ့ အတွက် သူ့စိုးရိမ်ချက်ကိုလည်း အခုလို ပြောပါတယ်။

" ခုနက ၁၀၉ဦးဆိုတာ များလွန်းပါတယ်။ ဒါပေမဲ့လို့ ဒီ၁၀၉ဦး များသော်လည်းပဲ အခြေခံမူတွေကို ဖြတ်ပြီးကာမှ သတ်မှတ်တဲ့ကာလတခုမှာ ကျစ်ကျစ်လစ်လစ် လုပ်ပေးနိုင်မယ်၊ ကျနော်တို့ ဒီ၁၀၉ဦးကလည်း ကျယ်ကျယ်ပြန့်ပြန့်ကို အကြံပြုချက်တွေကို ရယူနိုင်မယ်။ အဓိကကတော့ အချိန် သတ်မှတ်ချက်တခု လိုပါတယ်။ ပြီးရင် ကျနော်တို့သွားမယ့် လမ်းကြောင်း တဆင့်ခြင်းပေါ်မှာလည်းပဲ အခြေခံသတ်မှတ်ချက်တွေကို ကျနော်တို့ ချပေးနိုင်မယ်ဆိုလို့ရှိရင် ၁၀၉ဦးဟာ ၁၉ဦးလောက်ပဲ ဖြစ်ရင်ဖြစ်သွားမှာပေါ့။ ကျန်တဲ့ဟာကတော့ လူများနေတဲ့ သဘောပဲဖြစ်သွားမှာပေါ့လေ။ တကယ်တမ်း ၁၉ဦးလောက်နဲ့ကို လုပ်နိုင်မယ့်အနေအထား ဖြစ်သွားနိုင်ပါတယ်။"

တဖက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စုဖွဲ့ထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီကတော့ အခု လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို ဖော်ဆောင်နိုင်မှာ မဟုတ်လို့ လုံး၀ ဖျက်သိမ်းရမယ်လို့ ပြောဆိုနေတာပါ။ ဒါပေမယ့် လက်ရှိ လွှတ်တော်တွင်းက လွှတ်တော် ကိုယ်စားလှယ်တွေကတော့ အခုလက်ရှိ အခြေခံ ဥပဒေကို ဖြည်းဖြည်း ချင်း ပြင်ဆင်သွားနိုင်မယ်လို့ အကောင်းမြင် မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော် အမတ် ဦးဝင်းမြင့်ကတော့ ဘယ်ပါတီကို ကိုယ်စားပြုသည် ဖြစ်ပါစေ၊ လွှတ်တော် အမတ်တွေဟာ ပြည်သူကို ကိုယ်စားပြုတာဖြစ်လို့ ဒီမိုကရေစီ နည်းကျ နိုင်ငံ တခု ဖြစ်လာစေမယ့် ဖွဲ့စည်းပုံ ဖြစ်လာရေး လုပ်ဆောင်ကြမယ် လို့ မျှော်လင့်ထားသူပါ။

"အရင် ဒီမိုကရေစီလမ်းကြောင်းကို ပြုပြင်ပြောင်းလဲချင်တဲ့ စိတ်ရှိတယ် ဆိုရင်တော့ ဒီမိုကရေစီကျင့်စဉ်တွေကို ပြောင်းလဲရမှာပေါ့။ ဒါကိုယ်စားလှယ်တိုင်းမှာ တာဝန်ရှိပါတယ်။ ပြည်သူ့ကိုယ်စားလှယ်တိုင်းမှာ တာဝန်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူအားလုံးဟာ ဒီမိုကရေစီလိုချင်နေတာကိုး။ ဒီမိုကရေစီ လိုချင်နေတဲ့ အခါကျတော့ ပြည်သူ့ကိုယ်စားလှယ်တွေက ပြည်သူတွေရဲ့ဆန္ဒ၊ ပြည်သူတွေရဲ့ သဘောထားကို အကောင်အထည်ဖော်ဖို့က တာဝန်ရှိပါတယ်။"

ဒါပေမယ့်လည်း ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အတွက် စပြီး လေ့လာမယ့် ကော်မတီ မှာ ကော်မတီဝင် များလွန်းတာက လူများပြီး ပွဲမစည်တဲ့ အဖြစ်မျိုးနဲ့ လိုသလောက် ခရီးမရောက်မယ့် အခြေအနေမျိုး ဖြစ်လာမှာ ကိုတော့ လူနည်းစု လွှတ်တော် ကိုယ်စားလှယ်တွေက စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG