သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာကုန်တိုက်တွင်း ဓားစာခံတွေ ဖမ်းဆီးခံထားရဆဲ


ကင်ညာနိုင်ငံမှာ စနေနေ့တုန်းက ကုန်တိုက်တခုကို သေနတ်သမားတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ သေနတ်သမားတွေဟာ ကုန်တိုက်ထဲမှာပဲ ဓားစာခံတွေကို ဖမ်းဆီးထားတုန်းပဲဆိုပြီး တိုက်ခိုက်မှုလုပ်တဲ့ ဆိုမာလီစစ်သွေးကြွအဖွဲ့ အယ်လ်ရှာဘတ် အဖွဲ့က ပြောဆိုလိုက်ပါတယ်။

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့က The Westgate Shopping Center ကို သူတို့ ထိန်းထားဆဲဖြစ်တယ်လို့ အယ်လ်ရှာဘတ်အဖွဲ့က သူတို့ရဲ့ Twitter လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ကုန်တိုက်ထဲမှာ မရေမတွက်နိုင်တဲ့သူတွေ၊ ရုပ်အလောင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ကင်ညာစစ်တပ်ကတော့ သူတို့အနေနဲ့ အဲ့ဒီနေရာမှာ ရှင်းလင်းရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပြီလို့ ပြောသလို၊ ကင်ညာရဲတွေကတော့ အယ်လ်ရှာဘတ်အဖွဲ့ရဲ့ ဝါဒဖြန့်ချိမှုတွေကို လျစ်လျူရှုဖို့ အများပြည်သူကို သတိပေး တိုက်တွန်းနေပါတယ်။

ကုန်တိုက်အတွင်း လက်နက်ကိုင်တွေနဲ့ တိုက်ပွဲဖြစ်ရာမှာ ကင်ညာစစ်သားသုံးဦး သေဆုံးသွားပြီးတော့ ၁၁ ဦးဟာ ဒဏ်ရာနဲ့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ စစ်ဘက်က ပြောပါတယ်။ အဆောက်အဦးတွင်းမှာ စစ်သားတွေက နေရာယူ ထိန်းချုပ်ထားပြီးတော့ ဓားစာခံအားလုံးကို လွတ်မြောက်သွားပြီလို့ အစောပိုင်းတုန်းက အာဏာပိုင်တွေက ပြောပါတယ်။

ဒါပေမဲ့လည်း ဒီကနေ့ အင်္ဂါနေ့မနက် အာရုံတက်မှာပဲ သေနတ်သံတွေ ပြန်ကြားရသလို၊ နောက်ပိုင်းမှာလည်း ၂ ကြိမ်လောက် သေနတ်သံတွေ ထွက်လာပါတယ်။ ကင်ညာပြည်ထဲရေးဝန်ကြီးကလည်း နေရာတခုလုံးကို ရှင်းလင်းရေးလုပ်နေတာ မကြာခင် ပြီးဆုံးတော့မယ်လို့ ပြောပါတယ်။

ကင်ညာတပ်တွေ ဆိုမာလီယာနိုင်ငံကနေ ရုပ်သိမ်းမယ်ဆိုရင် ကုန်တိုက်အခြေအနေ တည်ငြိမ်အေးချမ်းသွားပါလိမ့်မယ်ဆိုပြီး အယ်လ်ရှာဘတ်အဖွဲ့ကတော့ သူတို့ လူမှုကွန်ယက်တွေကနေ ရေးသားနေပါတယ်။ ကင်ညာနိုင်ငံကတော့ ဒီတောင်းဆိုချက်ကို ငြင်းပယ်ထားပါတယ်။
XS
SM
MD
LG