သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း Carter ဦးဆောင်တဲ့ The Elders အဖွဲ့ နေပြည်တော်ရောက်


အမေရိကန်သမ္မတဟောင်း Jimmy Carter နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်မှာ စက်တင်ဘာလ ၂၅ ရက်နေ့က တွေ့ဆုံစဉ်။ (ဓာတ်ပုံ - မြန်မာသမ္မတရုံး အင်တာနက်စာမျက်နှာ)
အမေရိကန်သမ္မတဟောင်း Jimmy Carter နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်မှာ စက်တင်ဘာလ ၂၅ ရက်နေ့က တွေ့ဆုံစဉ်။ (ဓာတ်ပုံ - မြန်မာသမ္မတရုံး အင်တာနက်စာမျက်နှာ)
ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး တိုးတက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတဲ့ The Elders ခေါ် အထင်ကရ ပုဂ္ဂိုလ်များအဖွဲ့ဟာ ဒီကနေ့ မြန်မာသမ္မတ ဦးသိန်းစိန် အပါအဝင် အဆင့်မြင့် အစိုးရအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဖွဲ့ဝင် ၃ ဦးပါ ဒီ The Elders ကိုယ်စားလှယ်အဖွဲ့ကို နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ် အမေရိကန် သမ္မတဟောင်းလည်းဖြစ်တဲ့ ဂျင်မီ ကာတာ (Jimmy Carter) က ဦးဆောင်လာတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ကမ္ဘာတလွှား ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် မြင့်မားဖို့အတွက် နိုင်ငံအသီးသီးက ခေါင်းဆောင်ဟောင်းတွေ၊ အထင်ကရပုဂ္ဂိုလ်တွေ၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့ဟာ စက်တင်ဘာလ ၂၄ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတာပါ။

သူတို့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ဒုတိယနေ့ ဒီကနေ့မှာတော့ နေပြည်တော်ကို သွားပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဖြစ်တဲ့အကြောင်း The Elders အဖွဲ့ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ Elliott Fox က ဗွီအိုအေကို ပြောပါတယ်။

"သူတို့ ဒီကနေ့ နေပြည်တော်ကို ရောက်နေကြပါတယ်။ အဲဒီမှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့သလို အဆင်မြင့် အစိုးရ အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါ တယ်။ ဒီကနေ့ည နေပြည်တော်မှာပဲ ရှိနေပြီး မနက်ဖြန်မှာ ရန်ကုန်မြို့ကို
ပြန်လာပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။"

သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေး
ဖြစ်ခဲ့ကြတယ်၊ နောက် ဘယ်ဝန်ကြီးဌာနတွေနဲ့ တွေ့ဆုံတယ်ဆိုတဲ့ အသေးစိတ် အချက်လက်ကိုတော့ Elliott Fox က ပြောဆိုခဲ့ခြင်း မရှိပါဘူး။

အခု မြန်မာနိုင်ငံကို လာရောက်တဲ့ The Elders အဖွဲ့မှာ အမေရိကန် သမ္မတဟောင်း ဂျင်မီ ကာတာ (Jimmy Carter)၊ ဖင်လန်နိုင်ငံ သမ္မတဟောင်း Martti Ahtisaari၊ နော်ဝေးနိုင်ငံ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် ညွှန်ကြားရေးမှူးချုပ်ဟောင်းလည်းဖြစ်တဲ့ Gro Harlem Brundtland တို့ သုံးဦးတို့ ပါဝင်ပါတယ်။

သူတို့ရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာကို ပံ့ပိုး ကူညီပေးဖို့၊ နောက် အစိုးရနဲ့ လက်နက်ကိုင် အုပ်စုတွေကြား ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို တိုက်တွန်းအားပေးဖို့နဲ့ လူမှု အသိုင်းအဝိုင်းထဲမှာ အချင်းချင်း ပြေလည်အောင် ကြိုးစားပြီး ညှိနှိုင်းအဖြေရှာဖို့ သူတို့ တတ်နိုင်တဲ့ဘက်က အကူအညီပေးဖို့အတွက် အဓိက လာရောက်ခြင်းဖြစ်တဲ့ကြောင်း ခရီးစဉ်နဲ့ပတ်သက်လို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံအခြေစိုက် Mango Media က ဒေါ်အေးနှင်းဆွေက သူတို့ရောက်တဲ့နေ့မှာပဲ ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

The Elders အဖွဲ့ရဲ့ ၃ ရက်ကြာ ဒီခရီးစဉ်အတွင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသမီးများ အဖွဲ့အစည်းတွေ၊ နိုင်ငံရေး၊ ဘာသာရေးနဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

တချိန်က ဒီ The Elders အဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ခဲ့တာဖြစ်ပေမဲ့ လက်ရှိ ရာထူးလက်ကိုင်မဖြစ်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကြောင့်မို့လည်း ၂၀၁၂ ခုနှစ်က ကော့မှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ The Elders အဖွဲ့ကနေ အနားယူခဲ့ရတာလည်း ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်က နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်တဲ့ သမ္မတဟောင်း ဂျင်မီ ကာတာအနေနဲ့ ဒါဟာ မြန်မာနိုင်ငံကို ဒီနှစ်အတွင်း ဒုတိယအကြိမ် လာရောက်တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။ The Elders အဖွဲ့ဟာ မနက်ဖြန် စက်တင်ဘာလ ၂၆ ရက်နေ့မှာ သူတို့ခရီးနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
XS
SM
MD
LG