သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ဒေသတွေမှာ ဆင်းရဲမှု လျော့ပါးရေး အစီအစဉ်တွေကို ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ တွဲပြီးဆောင်ရွက်နေသလို၊ အမေရိကန်ပြည်ထောင်စုနဲ့ပါ တိုးချဲ့ ဆောင်ရွက်သွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်း က ပြောဆိုပါတယ်။ ရန်ကုန်မြို့မှာ အာဆီယံဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ လုပ်တဲ့ အကြီးတန်း တာဝန်ရှိသူများ အစည်းအဝေးအတွင်း သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

၃၄ ကြိမ်မြောက်လုပ်တဲ့ အာဆီယံဒေသ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ အကြီးတန်း တာဝန်ရှိသူများ ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ မနေ့ကစပြီး ၄ ရက်ကြာ ကျင်းပနေရာမှာ၊ အာဆီယံတိုင်းပြည်တွေအပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စု မူးယစ်းဆေးဝါး တိုက်ဖျက်ရေးအေဂျင်စီ DEA၊ သြစတြေးလျ ဖယ်ဒရယ်ရဲတပ်ဖွဲ့၊ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီက တာဝန်ရှိသူတွေပါ တတ်ရောက်ခဲ့ကြပါတယ်။

နှစ်စဉ်လိုလို အာဆီယံနိုင်ငံတွေမှာ အလှည့်ကျ ပြုလုပ်နေတဲ့ ဒီအစည်းအဝေးဟာ ဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် နိုင်ငံတွေအကြား ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအပြင် ပညာပေးရေးနဲ့ ဘိန်းစိုက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေကိုပါ ဆွေးနွေးညှိနှိုင်းကြတာပါ။

အစည်းအဝေးဖွင့်ပွဲမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲချုပ် ဇော်ဝင်း က မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးတွေကို ဆောင်ရွက်နေသလို၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု လျော့ကျလာစေဖို့ တဘက်မှာလည်း ဘိန်းစိုက်ဒေသ တောင်သူတွေရဲ့ လူနေမှုဘ၀ မြင့်တက်လာဖို့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အကူအညီပေးရေး လုပ်ငန်းတွေကို စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ပြောသွားပါတယ်။

“ကျနော်တို့ ပရိုဂရမ်အတွက်ကို အများကြီး အထောက်အကူပြုတယ်။ အခုဆိုရင် ကျနော်တို့က ---- နဲ့ပတ်သက်ပြီး ကျနော်တို့က အများကြီး ချဲ့လာတယ်။ UNODC နဲ့ ပေါင်းလုပ်နေတယ်။ ထိုင်းနဲ့ပေါင်းလုပ်နေတယ်။ တရုတ်နဲ့ပေါင်းလုပ်နေတယ်။ မကြာခင်မှာ ကျနော်တို့က US နဲ့ ဒီဟာကို တိုးတက်အောင်လုပ်မယ်။”

ဘိန်းစိုက်ပျိုးမှု လျော့ကျလာအောင် ဆောင်ရွက်နေတာနဲ့ တပြိုင်တည်းပဲ နောက်ထပ် စိန်ခေါ်ချက် တရပ်ကတော့ ဓာတုပစ္စည်းတွေနဲ့ ဖော်စပ်တဲ့ မူးယစ်းဆေးဝါး ထုတ်လုပ်မှုတွေ မြင့်တက်လာတဲ့ အခြေအနေ ဖြစ်တယ်လို့လည်း ရဲချုပ် ဇော်ဝင်း က ပြောသွားပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ အဓိကကျတဲ့ ဓာတုပစ္စည်းတွေ ၀င်ရာ လမ်းကြောင်းဖြစ်တဲ့ အိန္ဒိယနယ်စပ်တကျောမှာ အိန္ဒိယအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အရေးယူ နှိမ်နင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။ မူးယစ်ဆေးဝါး ကုန်ကူးသူတွေကို ဖမ်းဆီးနှိမ်နင်းရာမှာလည်း ပတ်ဝန်းကျင် နိုင်ငံတွေနဲ့ လက်တွဲ ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။
“၆ နိုင်ငံကိုရော၊ အာဆီယံရော၊ ရွှေတြိဂံ Golden Triangle ပါ ကျနော်တို့ အများကြီး ဖမ်းမိခဲ့တယ်။ အများကြီးလည်း အောင်မြင်မှုရှိတယ်။”

အခု ကျင်းပတဲ့ ASOD အာဆီယံဒေသ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ အကြီးတန်း တာဝန်ရှိသူများ အစည်းအဝေးဟာ မြန်မာနိုင်ငံမှာ ကျင်းပတာ ဒါ ဒုတိယအကြိမ် ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် တနိုင်ငံချင်းမဟုတ်ဘဲ အခုလို ဒေသတခုလုံးအလိုက် ပူးပေါင်းဆောင်ရွက်မှုမျိုးဟာ ပိုပြီး ထိရောက်တယ်လို့ အရင် မြန်မာနိုင်ငံ မူးယစ်ဗဟိုမှာ တာဝန်ယူခဲ့တဲ့ အငြိမ်းစား ရဲမှုးကြီး ခမ်းအောင် က ဗွီအိုအေကို ပြောပါတယ်။

“မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ ကျနော်တို့ ခုနပြောတဲ့ တားဆီးနှိမ်နင်းရေးရော၊ အစားထိုး စိုက်ပျိုးရေး AD ပေါ့နော် Alternative Development ရော၊ Demand Reduction အပိုင်း၊ ပညာပေးတဲ့အပိုင်း အဲ့ဒီဟာတွေ အကုန်လုံး ကဏ္ဍအလိုက် ကျနော်တို့ ဆွေးနွေးတာ ပုံမှန်ပါပဲ။ ဒီ့အပြင် ကျနော်တို့ အခုနောက်ပိုင်း တိုးတာကတော့ ထပ်တိုးတာ ကျနော်တို့ သိထားတာကတော့ ASEAN+China၊ ASEAN+Japan အဲ့လိုဟာမျိုးလေးတွေပေါ့လေ ဟို ကျနော်တို့ တခြားနိုင်ငံ Donor Country အကြီးကြီးတွေကတော့ ဆက်စပ်တဲ့နိုင်ငံတွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားလို့ ပူးပေါင်းဆောင်ရွက်တဲ့ အပိုင်းလေးတွေ၊ သူတို့ နိုင်တဲ့ကဏ္ဍလေးတွေမှာ ၀င်ပြီးတော့ ပူးပေါင်းဆောင်ရွက်ပေးမယ့် အပိုင်းလေးတွေ ပါလာတဲ့အတွက် ကောင်းပါတယ် ဒါက။ ဘာလို့လဲဆိုတော့ ဒီ ကျနော်တို့ မြင်တာတော့ မူးယစ်ဆေးဝါးဆိုတာ ကျနော်တို့ တနိုင်ငံတည်း ဘယ်လောက်လုပ်လုပ် အောင်မြင်နိုင်စရာ အကြောင်းမရှိပါဘူး။ ဘေးနိုင်ငံတွေက ပတ်ဝန်းကျင်နိုင်ငံတွေက အထူးသဖြင့် ဒီ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှ အဲ့ဒီ ပြင်ပက အ၀န်းအ၀ိုင်းနဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှ ဒါ အောင်မြင်မှုရမှာဖြစ်တယ်။ ဒီလို ခြေလှမ်းတွေကတော့ ကျနော်တို့ လက်ကမ်းကြိုဆိုပါတယ်။”

မြန်မာနိုင်ငံမှာ အခုနှစ် မေလပိုင်းတုန်းကလည်း ကမ္ဘောဒီယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ ပါဝင်တဲ့ မဲခေါင်ဒေသ ၀န်ကြီးအဆင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစည်းအဝေးတရပ်ကို နေပြည်တော်မှာ လက်ခံကျင်းပခဲ့ပါတယ်။ အဲဒီတုန်းကတော့ ဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် လက်တွဲ ဆောင်ရွက်ဖို့ ကတိက၀တ် ပြုထားတဲ့ နေပြည်တော် ကြေညာချက်တရပ်ဆိုပြီး တတ်ရောက်တဲ့ နိုင်ငံတွေက သဘောတူ ထုတ်ပြန်ခဲ့ပါတယ်။
XS
SM
MD
LG