သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာအကြမ်းဖက်တိုက်ခိုက်မှု စုံစမ်းစစ်ဆေး


ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှာ လူ ၆၅ ယောက် သေဆုံးခဲ့ရတဲ့ စစ်သွေးကြွတွေရဲ့ ၄ ရက်ကြာ စီးနင်းတိုက်ခိုက်ခဲ့တဲ့ Westgate Shopping Mall ကုန်တိုက်ကြီးမှာ သေဆုံးသူတွေ နောက်ထပ် ရှိနိုင်သေးတဲ့အတွက် စစ်တပ်နဲ့ မှုခင်းကျွမ်းကျင်သူတွေက ရှာဖွေနေကြပါတယ်။

တိုက်ခိုက်မှုတွေအတွင်း ကုန်တိုက်ကြီး အထပ် ၃ ထပ်မှာ တစိတ်တပိုင်း ပြိုကျခဲ့လို့ ပိတ်မိပြီး သေဆုံးနေသူတွေရဲ့ ရုပ်အလောင်းတွေကို အပျက်အစီးတွေကြားမှာ ဆက်လက် ရှာဖွေနေကြပါတယ်။

ကင်ညာတပ်ဖွဲ့တွေက အဆောက်အဦးအတွင်း သတိထား လှုပ်ရှားနေကြရပါတယ်။ စစ်သွေးကြွတချို့ အဲဒီထဲမှာ ရှိကောင်း ရှိနိုင်တာကြောင့် ထောင်ချောက်မိမှာလည်း စိုးရိမ်နေကြပါတယ်။ အစ္စရေးလ်၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုက မှုခင်း ကျွမ်းကျင်သူတွေက ကင်ညာ အာဏာပိုင်တွေကို အကူအညီ ပေးနေကြပါတယ်။

al-Qaida နဲ့ ဆက်နွယ်နေတဲ့ ဆိုမာလီစစ်သွေးကြွတွေက ချမ်းသာတဲ့ ကင်ညာနိုင်ငံသားတွေ၊ ကမ္ဘာလှည့်ခရီးသွားတွေ၊ နိုင်ငံခြားသားတွေနဲ့ စည်ကားလှတဲ့ Westgate အဆင့်မြင့် ကုန်တိုက်ကြီးကို သူတို့အဖွဲ့က တိုက်ခိုက်တာလို့ ပြောပါတယ်။

ဒီအကြမ်းဖက် တိုက်ခိုက်မှုမှာ အရပ်သား ၆၁ ယောက်၊ ကင်ညာလုံခြုံရေးတပ်ဖွဲ့ဝင် ၆ ယောက်နဲ့ စစ်သွေးကြွတွေထဲက ၅ ယောက် သေဆုံးခဲ့ပါတယ်။ ကင်ညာသမ္မတ Uhuru Kenyatta ကတော့ စစ်သွေးကြွတွေဟာ ရှက်ဖွယ်ကောင်းစွာနဲ့ ရှုံးနိမ့်ခဲ့ပြီး သူရဲဘောကြောင်သူတွေဖြစ်ကြောင်း၊ သူတို့နဲ့ အပေါင်းအပါတွေကို တရားဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်း စစ်သွေးကြွလို့ မသင်္ကာရသူ ၁၁ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး သေဆုံးသူတွေအတွက် ဝမ်းနည်းတဲ့ အထိမ်းအမှတ် သုံးရက် သတ်မှတ်ကြောင်း သမ္မတ Kenyatta က အင်္ဂါနေ့ညက ပြောဆိုလိုက်ပါတယ်။ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာတော့ ကင်ညာနိုင်ငံတဝှမ်း ဝမ်းနည်းတဲ့အထိမ်းအမှတ် အလံတဝက် လွှင့်ထူထားပါတယ်။

သမ္မတ Kenyatta က အစိုးရဝန်ကြီးအဖွဲ့နဲ့ အမျိုးသားလုံခြုံရေး ကောင်စီ အထူးအစည်းအဝေးခေါ်လိုက်ပြီး ပြည်တွင်းနဲ့ ဒေသတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး မဟာဗျူဟာ ချမှတ်နိုင်ရေးနဲ့ အခုကြုံခဲ့ရတဲ့ အကြမ်းဖက်မှုရဲ့ သင်ခန်းစာတွေကိုပါ သုံးသပ်ဆွေးနွေးနေကြပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ ဗြိတိန်၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂါနာ၊ အိန္ဒိယနဲ့ တောင်ကိုရီးယားနိုင်ငံသား တွေပါဝင်ကြပါတယ်။
XS
SM
MD
LG