ပါကစ္စတန် အနောက်တောင်ပိုင်းမှာ အင်္ဂါနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃၂၇ ယောက် ထက်မနည်း ရှိသွားပြီလို့ ပါကစ္စတန် တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ဘာလူချီစတန်ပြည်နယ် Awaran ခရိုင်က ရွှံ့မြေနဲ့ဆောက်ထားတဲ့ အိမ် ထောင်ပေါင်းများစွာဟာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရတာပါ။
တခြားလူ ရာပေါင်းများစွာဟာလည်း ဒဏ်ရာတွေ ရပြီးတော့ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေး လုပ်သားတွေက ဆေးရုံဆီ ပို့ဖို့ ကြိုးစားနေပေမဲ့ အပျက်အစီးက ကျယ်ပြန့်ကြီးမားတာကြောင့် သူတို့လုပ်ငန်းတွေ အတားအဆီး အနှောင့်အယှက် ဖြစ်နေရပါတယ်။
အီရန်နဲ့နယ်စပ် အဲဒီဒေသမှာ ငလျင်ဒဏ် သင့်သူတွေအတွက် ရွက်ဖျင်တဲတွေ၊ ဆေးဝါးတွေ၊ အစားအစာတွေ အရေးတကြီးလိုအပ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အကူအညီပစ္စည်းတွေ ပေးဖို့နဲ့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ဖို့ စစ်တပ် တပ်ဖွဲ့ဝင်တွေကို အဲဒီဒေသဆီ လေကြောင်းကနေ ပို့ဆောင်ပေးခဲ့ပါတယ်။
အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနရဲ့ တိုင်းတာချက်အရ ပြင်းအား ၇ ဒဿမ ၇ ရှိတဲ့ အင်္ဂါနေ့က ငလျင်ကြီးကြောင့် ပင်လင်ကြမ်းပြင် ကြွတက်သွားပြီး ကျွန်းငယ်လေးတစ်ခု ပေါ်လာခဲ့ပါတယ်။