သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ရောင်းဝယ်မှု ထိန်းချုပ်ရေးစာချုပ် အမေရိကန် လက်မှတ်ရေးထိုး


အမေရိကန်ပြည်ထောင်စုဟာ သမရိုးကျလက်နက်တွေ တင်သွင်းမှု၊ တင်ပို့မှုနဲ့ လွှဲပြောင်းမှုတွေကို စည်းကမ်းသတ်မှတ်တဲ့ လက်နက်ခဲယမ်းဆိုင်ရာ သမိုင်းတွင်မယ့် သဘောတူစာချုပ် တစောင်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ အခမ်းအနားတခုမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ဒီသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ဒီလက်နက်ရောင်းဝယ်ရေး သဘောတူစာချုပ်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုမှာ အရေးကြီးတဲ့ခြေလှမ်း ဖြစ်တယ်လို့ Mr. Kerry က ပြောပါတယ်။

ဧပြီလမှာ စတင်အကျုံးဝင်တဲ့ ဒီသဘောတူညီချက်ဟာ စစ်မြေပြင်သုံး အမြှောက်ကားတွေ၊ စစ်သင်္ဘောတွေနဲ့ တိုက်ရဟတ်ယာဉ်တွေကအစ လက်နက်ငယ်တွေ အသေးစားလက်နက်လေးတွေ အဆုံး ရောင်းချမှုနဲ့ပတ်သတ်တဲ့ နိုင်ငံတကာမှာ လိုက်နာရမယ့် လမ်းညွှန်ချက်တွေကို ချမှတ်ပေးထားတာပါ။

ဒီသဘောတူညီချက်အရ အဖွဲ့ဝင်နိုင်ငံတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတဲ့ နိုင်ငံတွေကို လက်နက်တွေ လွှဲပြောင်းပေးခွင့် မရှိပါဘူး။ ပြည်တွင်း လက်နက်ရောင်းချမှုကိုတော့ ဘာမှသွားပြီး ရိုက်ခတ်မှာ မဟုတ်တဲ့ ဒီသဘောတူစာချုပ်ကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုပေးရမှာ ဖြစ်ပြီး ဒီသဘောတူညီချက်ဟာ အမေရိကန်နိုင်ငံသားတွေရဲ့ လက်နက်ကိုင်ဆောင်နိုင်ခွင့်ကို သွားထိခိုက်နိုင်တယ်လို့ ယူဆတဲ့ ဥပဒေပြုအမတ်တွေရဲ့ ကန့်ကွက်မှုတွေနဲ့ ကြုံရနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ဒီလို သမရိုးကျ လက်နက်တွေကို ကမ္ဘာမှာ အများဆုံး တင်ပို့ရောင်းချနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။
XS
SM
MD
LG