သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် ရခိုင်ပြည်ခရီးစဉ်


သမ္မတဖြစ်လာပြီး ပထမဆုံးအကြိမ် သွားရောက်တဲ့ သမ္မတဦးသိန်းစိန်ရဲ့ အောက်တိုဘာလ ၁ ရက် ၂၀၁၃ ခုနှစ် အင်္ဂါနေ့က ရခိုင်ပြည်နယ်ခရီးစဉ်။ (ဓာတ်ပုံ - သမ္မတရုံးအင်တာနက်စာမျက်နှာ)
သမ္မတဖြစ်လာပြီး ပထမဆုံးအကြိမ် သွားရောက်တဲ့ သမ္မတဦးသိန်းစိန်ရဲ့ အောက်တိုဘာလ ၁ ရက် ၂၀၁၃ ခုနှစ် အင်္ဂါနေ့က ရခိုင်ပြည်နယ်ခရီးစဉ်။ (ဓာတ်ပုံ - သမ္မတရုံးအင်တာနက်စာမျက်နှာ)
သံတွဲမြို့ အနီးပတ်ဝန်းကျင် ဒေသတွေမှာ အခြေအနေတွေ မတည်မငြိမ် ဆက်ဖြစ်နေချိန်မှာပဲ သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ ရခိုင်ပြည်နယ်ကို
ရောက်ရှိနေပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ရေရှည် ပြေလည်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လက်ရှိ ရခိုင်အစိုးရအဖွဲ့ လုပ်ဆောင်နေတဲ့ တခြားလုပ်ငန်းတွေမှာ ဘယ်လို အခက်အခဲတွေ ရှိနေသလဲ ဆိုတာတွေကို ကိုယ်တိုင် လေ့လာသိရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ ရခိုင်ပြည်နယ်ကို ရောက်ရှိနေပါတယ်။

အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေ အတော်များများ လိုက်ပါသွားတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အကြောင်းကိုတော့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းမှာ ရခိုင်ပြည်နယ်ကို ရောက်ရှိသွားပြီး မြို့နယ် ၃ မြို့နယ်ကို သွားရောက် လည်ပတ်ခဲ့တယ်လို့ ရခိုင်အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းက ဗွီအိုအေကို ပြောပါတယ်။

“ဟုတ်ကဲ့ပါ ဒီကနေ့မနက် ၉ နာရီ ၁၅ မှာ စစ်တွေ ရောက်ပါတယ်။ သမ္မတကြီးက ဒီကနေ့ မြောက်ဦးရယ်၊ ကျောက်တော်ရယ်၊ မောင်းတောရယ် ၃ နေရာ သွားပါတယ်။ အခုပဲ ပြန်ရောက်တယ်ခင်ဗျ။”

ရခိုင်ပြည်နယ်အတွင်း မနှစ်ကစလို့ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် အခုချိန်ထိ လူမျိုးစုတွေ အချင်းချင်းကြား တင်းမာမှုတွေ ရှိနေသေးတာ ဖြစ်ပါတယ်။ သမ္မတ ရခိုင်ပြည်ကို ရောက်တဲ့နေ့မှာ ပဲ ပြီးခဲ့တဲ့ စနေနေ့က စတင်ခဲ့တဲ့ ပုဂ္ဂိုလ်ရေး ပဋိပက္ခကနေ လူမျိုးရေးဆန်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ သံတွဲမြို့ပေါ်မှာ ၄ ရက်ဆက်တိုက်အဖြစ် ထပ်မံ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေ ရေရှည် ပြေလည်နိုင်ရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် အခုခရီးစဉ်အတွင်း ဆွေးနွေး ပြောဆိုဖို့ရှိတယ်လို့လဲ သမ္မတရုံး တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ နိုင်ငံတော်အဆင့်က ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင်တွေနဲ့ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဖို့ရှိတယ်လို့ ဦးလှသိန်းက ပြောပါတယ်။

“ကျနော်တို့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်အဆင့်က ရခိုင်ပြည်နယ် အေးချမ်းရေးနဲ့ တိုးတက်ရေးကော်မတီ ရှိတာပေါ့နော်။ ဆိုတော့ အဲ့ဒီကော်မတီရဲ့ လုပ်ဆောင်ထားချက် အခြေအနေတွေကို လာပြီးတော့ ကြည့်တဲ့သဘောဖြစ်ပါတယ်။ အဲဒီ Main ကော်မတီအောက်မှာ ကျနော်တို့ ကော်မတီ ၇ ခု၊ ဆပ်ကော်မတီ ၇ ခု ရှိပါတယ်။ လုပ်ငန်းကော်မတီပေါ့နော်။ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ထား ချက်တွေကို လာပြီးတော့ ကြည့်တဲ့သဘော ဖြစ်ပါတယ်ခင်ဗျ။ နက်ဖြန်မှ စစ်တွေမှာ အစည်းအဝေး လုပ်ပါမယ်။”

ဗုဒ္ဓဟူးနေ့မှာပဲ စစ်တွေမြို့ အနီးဝန်းကျင်မှာ ဖွင့်ထားတဲ့ ဒုက္ခသည်စခန်းတွေကို သမ္မတ ဦးသိန်းစိန် သွားရောက် ကြည့်ရှုမှာ ဖြစ်ပါတယ်။

“ဒုက္ခသည်စခန်းတွေကိုကြည့်မယ်၊ မြို့ထဲကို လှည့်လည်ကြည့်ရှုမယ်။ ပြီးလို့ရှိရင် ကျနော်တို့ ခုနကပြောတဲ့ ရခိုင်ပြည်နယ်။ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီရဲ့ ဆောင်ရွက်ချက်တွေကို တင်ပြချက်တွေ အပေါ်မှာ အစည်းအဝေး လုပ်ပြီးတော့ လမ်းညွှန်မှာကြားမယ်ပေါ့နော်။”

မူလအစီအစဉ်အရ သမ္မတအနေနဲ့ အခု အကြမ်းဖက်မှုတွေဖြစ်ပေါ်နေတဲ့ သံတွဲမြို့ကို သွားရောက်ပြီး ဟိုတယ် ခရီးသွားလုပ်ငန်းနဲ့ဆိုင်တဲ့ ဖွံ့ဖြိုးမှုအစီအစဉ်တွေကို သွားရောက် လေ့လာဖို့ စီစဉ်ထားပေမဲ့လည်း လက်ရှိမှာ အဲဒီမှာ ဆူပူမှုတွေ ဖြစ်နေတဲ့အတွက် သွားဖြစ်မယ်၊ မသွားဖြစ်ဖူးဆိုတာတော့ မသေချာသေးဘူးလို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့အတူ ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဟိုတယ်နဲ့ ခရီးဝန်ကြီး ဦးဌေးအောင်၊ သမ္မတရုံး ဝန်ကြီးတွေဖြစ်ကြတဲ့ ဦးစိုးသိန်းနဲ့ ဦးတင်နိုင်သိန်း၊ ဒုတိယဝန်ကြီးတွေနဲ့ စစ်ဖက်အရာရှိတွေလည်း လိုက်ပါသွားကြတာ ဖြစ်ပါတယ်။

၃ ရက်ကြမယ့် သမ္မတဦးသိန်းစိန်ရဲ့ ဒီရခိုင်ပြည်နယ် ခရီးစဉ်ဟာ သမ္မတဖြစ်လာပြီးနောက်ပိုင်း ရခိုင်ပြည်နယ်ကို ပထမဆုံးအကြိမ် သွားရောက် လည်ပတ်ခြင်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကို ဆိုင်ကလုန်း ဂီရိ ဝင်ရောက်တိုက်ခတ်တဲ့ ၂၀၁ဝ ခုနှစ်တုန်းကအပါအဝင် အရင် ဝန်ကြီးချုပ်ဘဝနဲ့တုန်းကတော့ သူ့အနေနဲ့ ရခိုင်ပြည်နယ်ကို အကြိမ်ကြိမ်သွားရောက်ဖူးတယ်လို့ သိရပါတယ်။
XS
SM
MD
LG