သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတွဲအကြမ်းဖက်မှု ၂ ဦးထက်မနည်း သေဆုံး


၂၇ အောက်တိုဘာ ၂၀၁၂ က ပုံဖြစ်ပါတယ်။
၂၇ အောက်တိုဘာ ၂၀၁၂ က ပုံဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေကစပြီး မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဒီကနေ့လည်း မီးရှို့ဖျက်ဆီးတဲ့ အဓိကရုဏ်းအခြေအနေတွေ ဆက်ဖြစ်ခဲ့ပါတယ်။ သံတွဲမြို့နဲ့ ၁၈ မိုင်လောက်ဝေးတဲ့ရွာကို လူအုပ်စုတစ်စုက ဝင်ပြီး မီးရှို့သွားတယ်လို့ သတင်းထုတ်ပြန်ရေး တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

နဂိုကတည်းက ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို မနက် ၆ နာရီကနေ ည နေ ၆ နာရီအထိ အချိန်တိုးမြှင့်သတ်မှတ်လိုက်ပေမဲ့လည်း သံတွဲမြို့ခံတွေအနေနဲ့ အကာအကွယ်မဲ့သလို ခံစားနေရကြောင်း ပြောကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့နဲ့ ၁၈ မိုင်ခန့် ကွာဝေးတဲ့ သဗျုချိုင်ရွာကို စက်တင်ဘာလ ၃၀ ရက်နေ့ ညပိုင်းကစပြီး ဘာသာရေး၊ လူမျိုးရေး တင်းမာသူတွေက ဝင်ရောက် စီးနင်းမှုတွေ လုပ်အပြီးမှာတော့ သဗျုချိုင်ရွာကို မီးရှို့ခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့ နေ့လည်ခင်းမှာ ဆက်ပြီး သဗျုချိုင်ရွာနဲ့ ၂ မိုင်ခန့်ကွာဝေးတဲ့ ပေါက်တောရွာကိုလည်း မီးရှို့ဖျက်ဆီးမှုတွေ လုပ်သွားခဲ့တာပါ။ သဗျုချိုင်ရွာမှာတော့ အိမ်ခြေ ၄၀ ခန့် မီးလောင်သွားပြီး လူ ၂ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ သဗျုချိုင်ရွာ အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။

မေး။ ။ သပြုချိုင်ရွာမှာပေါ့နော် အသေအပျောက်များ ရှိပါသလားရှင့်။
ဖြေ။ ။ အသေအပျောက်ကတော့ လောလောဆယ် ၂ ယောက်တော့ စာရင်းရထားပါပြီ။

မေး။ ။ နာမည်စာရင်းများ သိရမလားရှင့်။
ဖြေ။ ။ နာမည်ကတော့ တယောက်ကတော့ အေးသူဇာ လို့ သိရတယ်။ နောက်တယောက်ကတော့ မသိရသေးဘူး။ လူ ၂ ယောက်တော့ သေတယ်လို့တော့ ကြားထားတယ်လေ။

မေး။ ။ နောက် အခြေအနေတွေကရော အိမ်တွေကရော မီးရှို့ခံရတာ ဘယ်နှစ်လုံးမြောက် ရှိသွားပြီလဲရှင့်။
ဖြေ။ ။ အိမ်တွေကတော့ ကျနော်လည်း သွားရေး လာရေး ခက်တာနဲ့ အန္တရာယ်များတာနဲ့လေ၊ ခန့်မှန်းချေ ၄၀ လောက်တော့ ခန့်မှန်းတာပေါ့လေ။

မေး။ ။ အခု အန်ကယ်တို့ရော အဲဒီနေရာမှာ နေလို့မရတော့ဘူးလား။
ဖြေ။ ။ နေလို့တော့ ရပါသေးတယ်။

မေး။ ။ မီးလောင်သွားတာ တော်တော်များလား အန်ကယ်။
ဖြေ။ ။ အိမ်ခြေ အလုံး ၄၀ လောက် ရှိပါတယ်။

မေး။ ။ အခုအခြေအနေကရော ထိန်းနိုင်ပြီလား။ အာဏာပိုင်တွေက ရဲတွေ၊ စစ်တပ်တွေ လာထိန်းပြီလားရှင့်။
ဖြေ။ ။ တပ်တွေနဲ့ ရဲတွေ ရှိပါတယ်။

မေး။ ။ လူတွေရော အဲဒီမှာ နေလို့ရသေးလားရှင့်။
ဖြေ။ ။ အဲဒီမှာတော့ နည်းနည်းကတော့ စိတ်ချလက်ချတော့ မဟုတ်သေးဘူးပေါ့။

သံတွဲမြို့က ရဲစခန်းကို မေးမြန်းကြည့်တဲ့အခါမှာတော့ အသေအပျောက် မရှိဘူးလို့ အခုလို ပြောပါတယ်။

မေး။ ။ သံတွဲဆူပူမှုကြောင့် လူအသေအပျောက်များ ဘယ်လောက် ရှိပြီလဲရှင့်။
ဖြေ။ ။ အခုထက်ထိတော့ ဘာမှမသိသေးပါဘူး။ ဘာမှ မရှိသေးပါဘူး။

သံတွဲမြို့က ပဋိပက္ခတွေနဲ့ပတ်သက်လို့ ဒဏ်ရာရသူများရဲ့ စာရင်း အတိအကျကို မသိရသေးပေမဲ့ နေ့ခင်းပိုင်းမှာတော့ ဂျင်ကလိ ထိမှန်သူတဦး ခွဲစိတ်ဖို့ရှိကြောင်း သံတွဲမြို့ခံတွေက ပြောသလို၊ ရိုက်တာသတင်းတပုဒ်မှာတော့ လူ ၄ ယောက်ကို ဆေးရုံတင်ထားရတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ သံတွဲမြို့မှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်အရ ည ၆ နာရီကနေ မနက် ၆ နာရီအထိ တိုးမြှင့်လိုက်ပါတယ်။ ပြည်နယ်အစိုးရဘက်က အခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့ သံတွဲမြို့ကို ထွက်ခွာသွားပြီဖြစ်ကြောင်း ပြည်နယ်အစိုးရဘက်က ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း က ပြောပါတယ်။

“လောလောဆယ်တော့ ဝန်ကြီး ၂ ပါး သွားပါပြီ။ သူတို့ကတော့ လက်ရှိအနေအထားမှ ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။”

သဗျုချိုင်ကျေးရွာရဲ့ လုံခြုံရေးနဲ့သံတွဲမြို့ရဲ့နောက်ဆုံးအခြေအနေကိုတော့ သတင်းမှန် ဖော်ထုတ်ရေးအဖွဲ့ဝင် ဦးဝင်းနိုင်က အခုလို ပြောပါတယ်။

“နေ့ခင်းက အစည်းအဝေးကနေပြီးတော့ ထွက်လာတဲ့သတင်းကတော့ ဗျူဟာမှူးကနေပြီးတော့ ပစ်မိန့်ပေးထားတယ်ပေါ့။ ပစ်မိန့်ပေးထားတယ်။ နောက် လူ ၁၀၀ ပေါ့၊ ရဲနဲ့တပ်နဲ့ လူ ၁၀၀ အဲဒီဘက်မှာ အင်အားချထားပါတယ်လို့ ကျနော် သတင်းရပါတယ်ခင်ဗျ။ သံတွဲမြို့မှာကျတော့ ရဲတွေ၊ စစ်တပ်တွေလည်း ထိုက်သင့်သလောက် နေရာချထားပါတယ်။ မြို့ကတော့ ခြောက်ကပ်ပြီးတော့ ဖြစ်နေပါတယ်။ လူတွေလည်း စိုးရိမ်ထိတ်လန့်မှုတွေ ရှိပါတယ်။ ရေတပ်က၊ တပ်မတော် (ရေ) က လုံခြုံရေး ယူပေးနေတယ်နဲ့ တူပါတယ်။ ကားတစီး တွေ့ပါတယ်။”

သံတွဲမြို့ ဆူပူမှုမှာ အဓိကတာဝန်ရှိတယ်လို့ အာဏာပိုင်တွေက ယူဆတဲ့ ကမန်အမျိုးသားပါတီ ဥက္ကဌ ဦးကျော်စံလှကိုတော့ အာဏာပိုင်တွေက ပုဒ်မ ၃ ခုနဲ့ စွဲချက်တင်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့မှာ ထိန်းသိမ်းထားလိုက်ပြီ ဖြစ်ပါတယ်။ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးလှစော ကတော့ ရခိုင်ပြည်နယ်တွင်းက လက်ရှိ ဖြစ်ရပ်တွေအပေါ်မှာ သံသယ ဖြစ်မိတယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောဆိုပါတယ်။

“အဲဒါတွေဟာ သွေးရိုးသားရိုးတော့ မဟုတ်လောက်ဘူးထင်တယ်။ ဒါက စနစ်တကျကို Motivate (လှုံ့ဆော်) နေသလားဆိုတာက သံသယဖြစ်စရာပဲ။”

ည ၉ နာရီမှာ ထုတ်လွှင့်မယ့် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား သတင်းတွေမှာတော့ သံတွဲမြို့ အခြေအနေတွေကို ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
XS
SM
MD
LG