သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိကျောင်းကန်သပိတ်စခန်း ပိတ်သိမ်း


သိမ်းဆည်းခံ ဘိုးဘွားပိုင်မြေများ ပြန်လည်ရရှိရေး ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြသည့် မိကျောင်းကန်လယ်သမားများ (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
သိမ်းဆည်းခံ ဘိုးဘွားပိုင်မြေများ ပြန်လည်ရရှိရေး ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြသည့် မိကျောင်းကန်လယ်သမားများ (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ၂၄ နာရီ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတဲ့ သင်္ကန်းကျွန်းမြို့နယ်က မြေသိမ်းခံ လယ်သမားတွေဟာ ဒီကနေ့ စနေနေ့မှာပဲ သူတို့ရဲ့ သပိတ်စခန်းတွေကို ပိတ်သိမ်းလိုက်ပါတယ်။ မြေယာသိမ်းဆည်းမှု စုံစမ်းဖော်ထုတ်ရေးကော်မရှင်နဲ့ မြေသိမ်းခံ လယ်သမားတွေ တွေ့ဆုံညှိနှိုင်းခဲ့ကြပြီးနောက်၊ လယ်သမားတွေဘက်က အခုလို သပိတ်စခန်းကို ပိတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒီတော့ သိမ်းဆည်းခံ ဘိုးဘွားပိုင်မြေတွေ ပြန်ရရေး ဆန္ဒပြနေကြတဲ့ လယ်သမားတွေနဲ့ ကော်မရှင်ကြား ဘယ်လို ညှိနှိုင်းပြေလည်ခဲ့ကြသလဲဆိုတာကို စုံစမ်းထားတဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။

၄ ရက်မြောက်ရှိလာပြီဖြစ်တဲ့ ဒီကနေ့ စနေနေ့မှာပဲ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက်က မြေသိမ်းခံ လယ်သမားတွေဟာ သူတို့ရဲ့ သပိတ်စခန်းကို ပိတ်ပေးခဲ့တာပါ။ ဒီလို မပိတ်ခင် စနေနေ့မနက်ပိုင်းကတော့၊ သပိတ်ဦးဆောင်သူ ၈ ဦးနဲ့ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်က လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနဲ့ ဦးခိုင်မောင်ရီတို့ တွေ့ဆုံညှိနှိုင်းခဲ့ကြပြီး၊ လွှတ်တော် ကိုယ်စားလှယ်တွေဘက်က မြေသိမ်းခံ လယ်သမားတွေ ကျေနပ်လောက်တဲ့အထိ ကတိတွေ ပေးခဲ့တာကြောင့် အခုလို သပိတ်စခန်း ပိတ်ဖို့ကို သဘောတူခဲ့တာ ဖြစ်တယ်လို့ သပိတ်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ မနေနွယ်သန်း က ဗွီအိုအေကို ပြောပြပါတယ်။

“လွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ ကော်မရှင်ကပေါ့နော် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနဲ့ ကျမတို့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံတဲ့နေရာမှာ သူတို့ဘက်ကလည်း ညီမတို့ ကျေနပ်လောက်တဲ့အထိ ကတိကို ပေးတဲ့အတွက် ကျမတို့ ဒီသပိတ်စခန်းကို ပြန်ပြီး ရုပ်သိမ်းတာပါ။ ညီမတို့ကို ပေးသွားတဲ့ကတိကတော့ ညီမတို့ အခု ဖြစ်နေတဲ့ကိစ္စမှာ တကယ် ဒုက္ခရောက်နေတဲ့ ပြည်သူတွေ ဒုက္ခရောက်နေတယ်၊ ဒုက္ခဆင်းရဲတွေ ခံစားနေရတယ်ဆိုတာ အမှန်တကယ်ဖြစ်တယ်။ ညီမတို့ရဲ့ ပိုင်ဆိုင်မှု အထောက်အထားတွေကလည်း အမှန်တကယ်တွေဖြစ်တယ်။ အားလုံးကို သူတို့ လက်ခံသွားပါတယ်ရှင့်။ ပြီးတော့ မြေသိမ်းဥပဒေနဲ့ မညီညွတ်ဘူးဆိုတာကိုလည်း သူတို့ လက်တွေ့ တွေ့မြင်သွား တဲ့အတွက် ဒီပြဿနာတွေကို ပြေလည်အောင်လို့ သူတို့ လုံး၀ ဖြေရှင်းပေးမယ်ပေါ့နော်။

ညီမတို့နဲ့ အစိုးရကြားမှာ ပြေလည်အောင်လို့ အစိုးရဘက်က တုံ့ပြန်မှုတခုခု လုပ်လာတဲ့အထိကို သူတို့တွေ လုပ်ပေးမယ်ဆိုတဲ့ ကတိကို ပေးသွားပါတယ်။ တကယ်လို့ သူတို့ဘက်က ကတိပျက်ကွက်ခဲ့မယ်ဆိုရင် ဒီက ပြည်သူတွေ အားလုံးပေါ့နော် နေပြည်တော်အထိ တက်လာခဲ့ပါလို့ သူတို့က အဲ့လောက်အထိ ကတိပေးသွားပါတယ်ရှင့်”

အခုလို သဘောတူညီမှုတွေ ရခဲ့ကြပေမဲ့လည်း လယ်သမားတွေရဲ့ တောင်းဆိုချက်နဲ့ပတ်သက်လို့တော့ တိကျတဲ့ အချိန်တခု လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ပေးနိုင်ခြင်း မရှိခဲ့ဘူးလို့ မနေနွယ်သန်း က ဆက်ပြောပြပါတယ်။

“သူတို့တွေက ညီမတို့ မိကျောင်းကန်ကိစ္စကို ဦးစားပေးပြီးတော့ သူတို့ လုပ်ပါမယ်။ အထူးအစီအစဉ်တရပ် အနေနဲ့ အမြန်ဆုံးဖြစ်အောင် စီစဉ်ပေးပါမယ်ဆိုပြီး ညီမတို့ကို ကတိပြုသွားပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကနေပြီးတော့ ပြောသွားပါတယ်။ တကယ်လို့ သူတို့ဘက်က ကတိကဝတ် ပျက်ခဲ့မယ်ဆိုရင် မိကျောင်းကန် ပြည်သူတွေကနေ လမ်းပေါ်ထွက်ပြီး ဆန္ဒပြစရာ မလိုတော့ဘူး။ မိကျောင်းကန် ပြည်သူတွေအစား သူတို့ လွှတ်တော်ကိုယ်စားလှယ်တွေကနေ လမ်းပေါ်ထွက် ဆန္ဒပြမယ်ဆိုပြီး အဲ့လောက်အထိကို ကတိပေးသွားတဲ့အတွက် ကျမတို့ကနေ လွှတ်တော်ကိုယ်စားလှယ်ကြီး နှစ်ဦးရဲ့ ကတိကဝတ်ကို ညီမတို့ဘက်က လေးစားတဲ့အနေနဲ့ ညီမတို့ဘက်က ယုံကြည်ပေးတဲ့အနေနဲ့ ညီမတို့ရဲ့ ဒီစခန်းကို ပြန်ပြီးတော့ သိမ်းပေးလိုက်တာပါရှင့်။”

သပိတ်ဦးဆောင်သူ မနေနွယ်သန်း ဖြစ်ပါတယ်။ ရန်ကုန်သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက်က လယ်သမား တွေဟာ သူတို့ရဲ့ ဘိုးဘွားပိုင်မြေတွေကို စစ်တပ်ကနေ ၁၉၉၀ ဝန်းကျင်လောက်ကတည်းက အဓမ္မ သိမ်းယူခဲ့တာဖြစ်ပါ တယ်။ ဒီလို သိမ်းဆည်းခံရတဲ့ ဘိုးဘွားပိုင်မြေတွေကို မူလပိုင်ရှင်တွေလက်ထဲ ပြန်လည် လွှဲပြောင်းပေးဖို့အတွက် အောက်တိုဘာလ ၂ ရက်နေ့ကစပြီး ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ၂၄ နာရီ သပိတ်စခန်းဖွင့် တောင်းဆိုဆန္ဒပြနေကြတာ ပါ။ ဆန္ဒပြအင်အား ရာနဲ့ချီရှိပြီး တချို့ သက်ကြီးရွယ်အိုတွေကတော့ ကျန်းမာရေးအခြေအနေကြောင့် ဒုတိယ မြောက်နေ့မှာတင် ဆက်လက် မပါဝင်နိုင်တော့တဲ့ သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

အခုလို ဆန္ဒပြမှုမျိုးတွေ လုပ်ချင်ရင် အာဏာပိုင်တွေထံ ကြိုတင်ခွင့်ပြုချက် တောင်းခံရမယ်ဆိုတဲ့ ဥပဒေရှိတဲ့ မြန်မာနိုင်ငံမှာ၊ ဒီလယ်သမားတွေ အနေနဲ့ ကြိုတင်ခွင့်ပြုချက် မတောင်းယူခဲ့ဘူး၊ ဒါကြောင့် သပိတ်ခေါင်းဆောင် ၁၀ ဦးကို အာဏာပိုင်တွေက ခေါ်ယူစစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့ မနေနွယ်သန်း က ပြောပြပါတယ်။ ဒါပေမဲ့လို့လည်း အခုအချိန်ထိတော့ ဒီဆန္ဒပြမှုနဲ့ ဆက်နွယ်ပြီး အာဏာပိုင်တွေဘက်က ဖမ်းဆီးအရေးယူတာမျိုးတွေတော့ မကြားရသေးပါဘူး။
XS
SM
MD
LG