သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိနှိပ်သူတွေကို အာဃာတ မထားပေမဲ့ သမိုင်းမမေ့ဖို့လိုဟု မင်းကိုနိုင်ဆို


ကိုမင်းကိုနိုင် ချက်သမ္မတနိုင်ငံမှာ Homo Homini ဆုကို အောက်တိုဘာလ ၃ ရက် ၂၀၁၃ က ကိုယ်တိုင် လက်ခံရယူနေစဉ်။ (ဓာတ်ပုံ - igor.blazevic@oneworld.cz)
ကိုမင်းကိုနိုင် ချက်သမ္မတနိုင်ငံမှာ Homo Homini ဆုကို အောက်တိုဘာလ ၃ ရက် ၂၀၁၃ က ကိုယ်တိုင် လက်ခံရယူနေစဉ်။ (ဓာတ်ပုံ - igor.blazevic@oneworld.cz)
မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အရင်က ဖိနှိပ်ခံခဲ့ရတဲ့အဖြစ်တွေအပေါ် အာဃာတတရားနဲ့ လက်စားမချေလိုပေမဲ့ သမိုင်းမမေ့ဖို့တော့ လိုတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ပြောဆိုလိုက်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်ကတည်းက သူ့အတွက် ချီးမြှင့်ပေးအပ်ထားတဲ့ Homo Homini ဆုကို ချက်သမ္မတနိုင်ငံ Prague မြို့မှာ ကိုယ်တိုင်လက်ခံယူခဲ့စဉ် ပြောဆိုခဲ့တာပါ။

ဒီဆုကို ၂၀၀၀ ခုနှစ်အတွက် ကိုမင်းကိုနိုင် ထောင်ချခံနေရချိန် ချက်နိုင်ငံအခြေစိုက် People in Need လူ့အခွင့်အရေးအဖွဲ့ကြီးက ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ဆုချီးမြှင့်ပွဲအတွင်း မြန်မာ့အရေး စိတ်ဝင်စားသူ ချက်သမ္မတ နိုင်ငံသူ နိုင်ငံသားတွေနဲ့ ကိုမင်းကိုနိုင်တို့ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်လို့ ဆွေးနွေး သုံးသပ်ခဲ့ကြတဲ့အကြောင်း အသေးစိတ်ကို မဆုမွန် က တင်ပြထားပါတယ်။

ချက်သမ္မတနိုင်ငံကနေ နှစ်စဉ် ကမ္ဘာတဝှမ်းက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေအတွက် People in Need (PIN) လို့ခေါ်တဲ့ လူ့အခွင့်အရေးအဖွဲ့ကြီးက ၂၀၀၀ ခုနှစ်အတွက် ကိုမင်းကိုနိုင်အတွက် ဂုဏ်ပြုချီးမြှင့်တဲ့ Homo Homini ဆုကို အခု ၂၀၁၃ ခုနှစ် နှစ်ပေါင်း ၁၃ နှစ်အကျော်မှာပဲ ကိုမင်းကိုနိုင်ကိုယ်တိုင် အောက်တိုဘာလ ၁ ရက်နေ့မှာ ချက်သမ္မတနိုင်ငံ Prague မြို့မှာ လက်ခံယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆုပေးပွဲအတွင်းမှာပဲ လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်နေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်း၊ ဒီမိုကရေစီရေး ဖော်ဆောင်နေချိန် ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ ချက်သမ္မတနိုင်ငံက မြန်မာ့အရေး စိတ်ဝင်စားသူတွေရဲ့ မေးခွန်းတွေအပေါ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က အခုလို ဆွေးနွေးခဲ့ပါတယ်။

“ကျနော်တို့ တိုင်းပြည်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလို့ ပြောဖို့ထက် Liberalization အဲ့ဒီအဆင့်ပဲ ရှိပါသေးတယ်။ ကျနော်တို့ဆီမှာ အဖွဲ့အစည်းနဲ့လုပ်တဲ့ အကျင့် မရသေးပါဘူး။ Institutionalized လုပ်ဖို့အတွက် ဝိုင်းကူညီကြရမယ်။ လူတွေက အမိန့်နာခံတတ်တဲ့ အကျင့်ကိုပဲ Used to ဖြစ်နေပြီ။ ခေါက်ရိုးကျိုးနေတာ။”

အခုလို ဆယ်စုနှစ်နဲ့ချီပြီး ယုံကြည်ချက်ကြောင့် ထောင်သွင်းအကျဉ်းချခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အပေါ် အခုလက်ရှိ အာဏာပိုင်တွေနဲ့ သူ့ရဲ့ လက်တွဲ လုပ်ကိုင်နိုင်မှုနဲ့အပေါ် မေးမြန်းချက်ကို အာဃာတတရား လက်ကိုင်မထားစေချင်ပေမဲ့ နှောင်းလူငယ်တွေ သမိုင်းမမေ့ဖို့တော့ လိုမယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ဆီမှာ Revenge လုပ်လိုတဲ့စိတ် မရှိပါဘူး။ တခုပဲရှိတာပေါ့ အဖြစ်မှန်တွေကို မမေ့အောင်တော့ ထိန်းသိမ်းရမယ်။ နောက်မဖြစ်အောင်လို့ သင်ခန်းစာယူရမယ်။”

မြန်မာ့ဒီမိုကရေစီ တစိုက်မတ်မတ် အားပေးခဲ့သူ ကွယ်လွန်သူ ချက်သမ္မတဟောင်း Vaclav Havel နဲ့ပတ်သက်ပြီး အမှတ်တရ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး မင်းကိုနိုင်အတွက် ပေးအပ်တဲ့ ဆုပေးပွဲမှာ ကူညီစီစဉ်ပေးခဲ့သူ ချက်သမ္မတနိုင်ငံရောက် မစံပယ်စိုး က အခုလို ပြောပါတယ်။

“၂၀၀၀ ခုနှစ်တုန်းကတော့ ကိုမင်းကိုနိုင်က အကျဉ်းထောင်ထဲမှာ နေခဲ့ရတဲ့အတွက်ကြောင့်မို့ လူကိုယ်တိုင် တက်ရောက်ပြီးတော့ လက်ခံခြင်းမရှိခဲ့ပါဘူး။ ဒီဆုကိုလည်း ကိုမင်းကိုနိုင်က သူ့တယောက်တည်းကို ပေးတယ်လို့ သူ သဘောမထားပါဘူး။ သူကလည်း လူ့အခွင့်အရေးအတွက်ကို လှုပ်ရှားနေတဲ့ လူတွေအားလုံးကို ကိုယ်စားပြုပြီးတော့ လက်ခံပါတယ်လို့ သူက ပြောသွားပါတယ်။ သမ္မတကြီး Havel ထားခဲ့တဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အမွေတွေက ဒီ ချက်နိုင်ငံမှာလည်း အများကြီးရှိခဲ့တယ်။ သမ္မတကြီး Havel ကိုလည်း သူ အဝေးကနေ ဂါရဝပြုပြီးတော့ သမ္မတကြီး Havel ရဲ့အကြောင်းကိုလည်း ပြောခဲ့ပါတယ်။”

“မင်းကိုနိုင်ပြောခဲ့တဲ့မိန့်ခွန်းကို ပြန်ပြီးတော့ သူ့စကားလုံး အတိအကျအတိုင်း ပြောရမယ်ဆိုရင် စစ်မှန်တဲ့ လူသားစိတ်ဓာတ်နဲ့ မေတ္တာတရားကို လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင် ခွဲခြားချက်၊ လိင်ခွဲခြားခြင်း၊ နေရာဒေသ ကွဲပြားခြင်း စတဲ့ မည်သို့သော အကြောင်းအရာတွေကမှ ကန့်သတ်ဘောင်ခတ်ထားလို့ မရဘူး ဆိုတာကို မစ္စတာ Havel က ကောင်းကောင်းကြီး သက်သေပြပေးခဲ့လို့ ဖြစ်ပါတယ်တဲ့။ အခု သူ Prague မြို့ကို ရောက်တဲ့အချိန်မှာ သမ္မတ Havel နဲ့အတူတူ မြို့ထဲမှာ လမ်းလျှောက်ရင်း လူ့အခွင့်အရေးအကြောင်းတွေကို ဆွေးနွေးငြင်းခုန်ချင်ပါတယ် ဆိုပြီးတော့ သူ့ဆန္ဒတွေ၊ သူ စိတ်မကောင်းတဲ့ အရာတခုပေါ့လေ ဒီအခွင့်အရေးကို မရတော့တဲ့အတွက်ကြောင့် သူ အရမ်းဝမ်းနည်းတဲ့အကြောင်း သူ စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ပြောသွားပါတယ်။”

အရပ်သား အစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်နေချိန် ဒီမိုကရေစီစနစ် ကူးပြောင်းစကာလမှာ အခုနှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံတွင်း ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင် အကြမ်းဖက်မှုတွေ ဖြစ်လာရတဲ့ အခြေအနေအပေါ် ချက်နိုင်ငံသားတွေရဲ့ ဆွေးနွေးမှုကို ကိုမင်းကိုနိုင် ပြန်လည် ဖြေကြားခဲ့တာကတော့ -

“Extreme ဖြစ်တဲ့ အစွန်းရောက်တဲ့ အုပ်စုတွေရဲ့ လှုပ်ရှားမှုတွေပါပဲ။ အထူးသဖြင့်ကတော့ လူမျိုးရေး၊ ဘာသာရေး ရန်စပြီးတော့ ထောင်ချောက်တခုကို ဖန်တီးနေတာရှိတယ်။”

မြန်မာနိုင်ငံတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေး၊ နောက် တတိုင်းပြည်လုံး အတိုင်းအတာနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် ပြင်ဆင်နိုင်ရေးကိစ္စတွေနဲ့ ပတ်သက်လို့ ကိုမင်းကိုနိုင် က မြန်မာ့အရေး စိတ်ဝင်စားသူ ချက်သမ္မတ နိုင်ငံသားတွေကို သုံးသပ်ပြောပြခဲ့ပါတယ်။

“ကျနော်တို့တိုင်းပြည်မှာ အရေးကြီးဆုံးအချက်က Constitution ပြင်ရမှာပါ။ Constitution ဟာ ဒီမိုကရေစီနည်းလမ်းမကျဘဲနဲ့ Military ကို အများကြီး Privilege ပေးထားတာတွေရှိပါတယ်။ သူကပဲ အားလုံး အာဏာကို ကိုင်ထားသေးတယ်။ ကျနော်တို့က အဲ့ဒါတွေကို မဖြစ်သင့်ဘူး။ ဒီမိုကရေစီနည်းကျကျ ပြင်ရမယ်လို့ ပြောလိုက်တာနဲ့ တဘက်က လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်တဲ့ ပဋိပက္ခတွေက ထ ထ ဖြစ်နေတာကို တွေ့ရတယ်။ ဒုတိယအချက်ကတော့ တိုင်းရင်းသားတွေကိစ္စပါပဲ။ Ethnic Issue ပါ။ Federal ပြည်ထောင်စုစစ်စစ်တခု အာမခံနိုင်မှ အဲ့ဒီပြဿနာ ပြေလည်ပါလိမ့်မယ်။”

၁၉၉၄ ခုနှစ်က စတင်ပြီး ကမ္ဘာတဝှမ်းက နိုင်ငံရေးသမားတွေ၊ ပြည်သူ့အရေး လှုပ်ရှားသူ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အကြမ်းမဖက် ငြိမ်းချမ်းရေး ဖော်ဆောင်သူတွေကို ပေးအပ်ခဲ့တဲ့ အဆိုပါ “Homo Homini” ဆုကို ၂၀၀၇ ခုနှစ်အတွက်လည်း မြန်မာနိုင်ငံက ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများတွေဖြစ်တဲ့ ဒေါ်စုစုနွေး၊ ဒေါ်ဖြူဖြူသင်းနဲ့ ၈၈ မျိုးဆက်ကျောင်းသူ ဒေါ်နီလာသိန်း တို့က ပူးတွဲ ရရှိခဲ့ဖူးပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ကွယ်လွန်သူ ချက်သမ္မတဟောင်း Vaclav Havel အမှတ်တရ Library Havel အဖွဲ့က ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး အဲ့အဖွဲ့က ကျင်းပတဲ့ ညီလာခံကို ကိုမင်းကိုနိုင် တက်ရောက်ခဲ့ပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ကနေ စခဲ့တဲ့ ချက်ခရီးစဉ်မှာ ကိုမင်းကိုနိုင်နဲ့ ချက်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့နိုင်ငံရေး ဆွေးနွေးခဲ့ကြပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့မှာတော့ ချက်ခရီးစဉ် အဆုံးသတ်ပြီး ချက်စံတော်ချိန် ညနေပိုင်းမှာ ကိုမင်းကိုနိုင် မြန်မာပြည် ပြန်သွားပြီဖြစ်ပါတယ်။
XS
SM
MD
LG