သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရအသုံးစရိတ် ပြဿနာ ပြေလည်နိုင်ဟု အိုဘားမားမျှော်လင့်


အမေရိကန်အစိုးရ ပြန်ဆပ်စရာရှိတဲ့ အကြွေးတွေ အတိုးတွေကို ပေးနိုင်ဖို့ အောက်တိုဘာ ၁၇ ရက်မတိုင်ခင် အစိုးရချေးယူနိုင်တဲ့ ငွေပမာဏကို လွှတ်တော်က တိုးမြှင့်ပေးလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။

၂၀၁၄ ဘဏ္ဍာနှစ်အတွက် အစိုးရအသုံးစရိတ်ကို လွှတ်တော်မှာ ခုထိ အတည်မပြုနိုင်သေးတဲ့ အမေရိကန်အစိုးရ လုပ်ငန်းတချို့ ရပ်ဆိုင်းထားရတာ တနင်္ဂနွေနေ့မှာ ၆ ရက်ပြည့်ပါတယ်။

တရုတ်၊ ဂျပန်နဲ့ တခြား နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေ ဝယ်ယူထားတဲ့ အမေရိကန်အစိုးရ ငွေချေးစာချုပ်တွေအတွက် ပေးရမယ့် အတိုးတွေ အပါအဝင် တခြားပေးစရာတွေပေးဖို့ အောက်တိုဘာ ၁၇ ရက်ကျော်ရင် အစိုးရမှာ ပေးစရာ မရှိတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

အခု ၁၆ ဒဿမ ၇ ထီလီယံ ဖြစ်နေတဲ့ ချေးငွေပမာဏကို လွှတ်တော်က ထပ်တိုးပေးမယ်လို့ မျှော်လင့်ကြောင်း AP သတင်းဌာနနဲ့ စနေနေ့က မေးမြန်းခန်းမှာ သမ္မတ အိုဘားမား က ပြောခဲ့ပါတယ်။ သမ္မတ အိုဘားမားရဲ့ သမ္မတသက်တမ်းမှာ အောင်မြင်မှုတခုလို့ ပြောနိုင်တဲ့ တန်ဖိုးနည်း ကျန်းမာရေး အာမခံဥပဒေကို အကောင်အထည် ဖော်တဲ့အတွက်ရော၊ အစိုးရရဲ့ အသုံးစရိတ် မူဝါဒတွေကြောင့်ပါ လွှတ်တော်ထဲက အတိုက်အခံ Republican အမတ်တွေနဲ့ ညှိနှိုင်းမှုမရနိုင်ဘဲ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေပါတယ်။

ကျန်းမာရေး ဥပဒေကို ပြင်ဆင်ဖို့နဲ့ အသုံးစရိတ် လျှော့ချဖို့ ကိစ္စကို သူ့အနေနဲ့ ညှိနှိုင်းဖို့ လိုလားတယ်။ ဒါပေမဲ့ လွှတ်တော်အနေနဲ့ အစိုးရလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်အောင်နဲ့ ချေးငွေပမာဏ တိုးမြှင့်ပေးဖို့ကို အရင်သဘောတူရမယ်လို့ သမ္မတက ပြောပါတယ်။

Obamacare လို့ ခေါ်နေကြတဲ့ လူတိုင်း ကျန်းမာရေး အာမခံ ဝယ်ယူနိုင်ရေး ဥပဒေကို Republican တွေက ကန့်ကွက်ပြီး ဒီအစီအစဉ်အတွက် အသုံးစရိတ်ဖြတ်ဖို့ ဒါမှမဟုတ် အစီအစဉ်ကို ရွှေ့ဆိုင်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
XS
SM
MD
LG