သုံးရလွယ်ကူစေသည့် Link များ

အာဆီယံထိပ်သီးညီလာခံ ဘရူနိုင်းမှာစတင်


အာဆီယံအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်တွေရဲ့ နှစ်ပတ်လည် ထိပ်သီးစည်းဝေးပွဲကို ဘရူနိုင်းနိုင်ငံ Bandar Seri Begawan မှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ စတင်မှာဖြစ်ပါတယ်။ ဆွေးနွေးကြမယ့် ကိစ္စတွေထဲမှာ အာဆီယံအဖွဲ့ဝင်
နိုင်ငံတချိူ့အပြင်၊ တရုတ်၊ ဂျပန်နိုင်ငံတွေကြား တောင်တရုတ်ပင်လယ်ထဲ
ရေပိုင်နက် အငြင်းပွားနေတဲ့ ကိစ္စကို အဓိက ဆွေးနွေးကြမယ်လို့
မျှော်လင့်ရပါတယ်။

အာဆီယံခေါင်းဆောင်တွေဟာ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကြဖို့လည်း အစီအစဉ်ရှိပါတယ်။ ကြာသပတေးနေ့ကျရင် အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ ကျင်းပတဲ့အခါ Australia နဲ့ New Zealand နိုင်ငံ ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အစိုးရအသုံးစရိတ် အတည်ပြုဖို့ လွှတ်တော်နဲ့ သဘောတူမှု မရသေးတဲ့အတွက် သမ္မတ Barack Obama ကတော့ ဒီနှစ် အာရှက ထိပ်သီးစည်းဝေးပွဲတွေကို တက်ရောက်နိုင်ခြင်း မရှိပါဘူး။

သူ့ကိုယ်စား နိုင်ငံခြားရေးဝန်ကြီး John Kerry တက်ရောက်နေပါတယ်။ အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ လာတက်မယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ သမ္မတဦးသိန်းစိန်တို့လည်း သောကြာနေ့မှာ တွေ့ဆုံကြဖို့ အစီအစဉ် ရှိပါတယ်။ အခု ဘရူနိုင်းက ထိပ်သီးစည်းဝေးပွဲကို တက်နေကြတဲ့ ခေါင်းဆောင် တော်တော်များများဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး APEC ထိပ်သီးစည်းဝေးပွဲကနေ ခရီးဆက်ကြတာ ဖြစ်ပါတယ်။

မတည်ငြိမ်တဲ့ ကမ္ဘာ့စီးပွားရေး ပြန်လည် ဦးမော့လာစေရေးအတွက် ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ လုပ်ကြဖို့ အင်္ဂါနေ့က APEC စည်းဝေးပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ အဖွဲ့ဝင်နိုင်ငံတွေ ကတိပြုထားကြပါတယ်။
XS
SM
MD
LG