သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်အခတ်ရပ်စဲရေး ကျန်တိုင်းရင်းသားများနှင့် KIO ညှိနှိုင်းမည်


ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အနေနဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို တက်ရောက်ဖို့ ကြိုးစားသွားမယ်လို့ ပြောလိုက်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ KIO တို့အကြား မြစ်ကြီးနားမြို့မှာ ဒုတိယမြောက်နေ့အဖြစ် ဆွေးနွေးပွဲအတွင်း ပြောခဲ့တာပါ။ ဒီကနေ့ ဆွေးနွေးပွဲမှာ တပ်ပိုင်းဆိုင်ရာ၊ နိုင်ငံရေး၊ စစ်ရှောင်ဒုက္ခသည်များအရေးနဲ့ တခြားကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ ဒုတိယနေ့ ဆွေးနွေးပွဲမှာတော့ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နဲ့ KIO ကိုယ်စားလှယ်အဖွဲ့ဟာ မနက် ၁၀ နာရီခွဲလောက်မှာ အစည်းအဝေးစတင်ပြီး မူလသတ်မှတ်ထားတဲ့အထဲက ခေါင်းစဉ် ၄ ခုကို ဆက်လက် ဆွေးနွေးခဲ့ကြပါတယ်။ ဒီကနေ့ဆွေးနွေးပွဲမှာ KIO ဘက်က တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို ပါဝင်တက်ရောက်ဖို့ ကြိုးစားသွားမယ်လို့ ဆွေးနွေးလာတဲ့အကြောင်းကို မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“ဒီမှာ ထူးခြားတာကတော့ KIO ဘက်က ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော် က Nationwide Ceasefire Agreement ပေါ့ဗျာ လက်မှတ်ရေးထိုးပွဲကို KIO အနေနဲ့ မတက်ရောက်ဘူးလို့ သူတို့ မငြင်းပါဘူးတဲ့။ တက်ရောက်နိုင်ဖို့နည်းလမ်းတွေကို သူတို့ ရှာဖို့ဆိုတာကိုတော့ ပြောတယ်။ တက်ရောက်နိုင်ဖို့ နည်းလမ်းတွေ ရှာဖို့ကိုလည်း အခြားတိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ကိုလည်း သူတို့ စီစဉ်လိုတယ်။ နိုင်ငံတော်အစိုးရဘက်ကလည်း ကူညီပေးပါလို့ သူတို့ပြောတယ်။ ဝန်ကြီးဦးအောင်မင်းကလည်း သူ့အနေနဲ့ ဒါကို ကြိုဆိုတယ်။ သူလည်း အတတ်နိုင်ဆုံး ဒါကို ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။”

အစိုးရနဲ့ KIO ဆွေးနွေးပွဲကို လေ့လာသူအဖြစ် တက်ရောက်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDFရဲ့ ဥက္ကဌ ကိုသံခဲကလည်း KIOရဲ့ တင်ပြချက်ဟာ နိုင်ငံရေးအင်အားစုတွေ အားလုံးနဲ့ သက်ဆိုင်တဲ့ တင်ပြချက်ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“သူတို့ပြောနေတဲ့ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့တို့၊ မူဘောင်ဆိုင်ရာ ညှိနှိုင်းရေးတို့၊ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေး ဆိုတဲ့ တဘက်အစိုးရရဲ့ တင်ပြချက်တွေအပေါ်မှာ KIO ကိုယ်စားလှယ်တွေအနေနဲ့ တင်ပြချက်က ကျနော်တို့အားလုံးနဲ့ သက်ဆိုင်တဲ့ တင်ပြချက်တစ်ခု ဖြစ်ပါတယ်။ အင်အားစုအားလုံး ပါဝင်နိုင်ဖို့အတွက် အခင်းအကျင်းဖြစ်ဖို့ဆိုရင် ဒီနေ့ လိုက်ပါကြမယ့် အင်အားစုတွေကြားမှာ ရှင်းလင်းတဲ့အမြင်သဘောထားတွေ စုစည်းနိုင်ဖို့ လိုတယ်။ ရှင်းလင်းတဲ့ ကျနော်တို့ ခုနပြောတဲ့ ယူဆချက်တွေ စုစည်းနိုင်ဖို့ လိုတယ်။ ဒီလို စုစည်းနိုင်ဖို့လိုတဲ့အတွက် အစိုးရမပါတဲ့ တိုင်းရင်းသားတွေအားလုံး ဒီအင်အားစုတွေအားလုံး နှီးနှောဖလှယ်နိုင်မယ့် အမျိုးသားရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ခုကို မိမိတို့ဘာသာ မိမိတို့ ကျင်းပနိုင်မယ့် ဆုံးဖြတ်ချက်မျိုး ချဖို့အတွက် တင်ပြခဲ့ပါတယ်။ ဒီအပေါ်မှာလည်း တဘက်ကလည်း သဘောတူညီခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဆုံးဖြတ်ချက်ဟာ အင်မတန်မှ ထူးခြားတဲ့ ဆုံးဖြတ်ချက်မျိုးဆိုတာကို တင်ပြလိုပါတယ်။”

KIO အဖွဲ့ဟာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ ပြန်လည် စတင်ခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်းမှာ အစိုးရနဲ့ အလွတ်သဘော ၄ ကြိမ်အပါအဝင် ၁၄ ကြိမ် ဆွေးနွေးခဲ့ပေမဲ့ နှစ်ဘက် အပစ်အခတ်ရပ်စဲဖို့အတွက် သဘောတူညီချက် မရခဲ့ပါဘူး။ အခုတကြိမ်မှာတော့ အပစ်အခတ်ရပ်စဲရေးကို တက်လှမ်းနိုင်မယ့် အရိပ်အယောင်တွေကို စတင်မြင်လာရတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီကနေ့ဆွေးနွေးပွဲမှာ IDP ခေါ် စစ်ရှောင်ဒုက္ခသည်တွေ အရေးကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။

“IDP ကိစ္စရပ်ဆိုရင် အနည်းဆုံး Pilot Project ၄ ခုလုပ်ဖို့အတွက် နှစ်ဘက်သဘောတူတယ်ပေါ့နော်။ နေရာ ၁၀ ခုရွေးပြီးတော့ အနည်းဆုံး ၄ ခု စပြီးတော့ ဆောင်ရွက်ဖို့ဆိုတာကိုလည်း နှစ်ဘက် သဘောတူထားတာရှိတယ်။”

ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေ ပြောပြတာ ဖြစ်ပါတယ်။ တပ်ပိုင်းဆိုင်ရာကိစ္စ ဆွေးနွေးတဲ့ အပေါ်မှာတော့ -

“တပ်ပိုင်းဆိုင်ရာကိစ္စကတော့ နှစ်ဘက်ခေါင်းဆောင်တွေ သီးခြားဆွေးနွေးတယ်ဗျ။ အားလုံးကို Observer တွေ တက်ရောက်လာတဲ့လူတွေကို သူတို့ တင်ပြတာကတော့ နှစ်ဘက်ခေါင်းဆောင်တွေ ဆွေးနွေးကြတဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေဟာ အများကြီး အပြုသဘောဆောင်တယ်။ အများကြီး တိုးတက်ဖွံ့ဖြိုးမှုတွေရှိတယ်။ အရင်တုန်းက တနေ့ကို ၄ ကြိမ်၊ ၅ ကြိမ် ပစ်ခတ်မှုတွေ ရှိခဲ့ရာကနေ အခု တလမှာ ၆ ကြိမ်၊ ၇ ကြိမ်လောက်အထိပဲ ရှိတော့တယ်။ ဒါတွေကိုလည်း လုံး၀ ရပ်တန့်သွားအောင် ဖြစ်နိုင်မယ့် နည်းလမ်းတွေကိုလည်း ဆွေးနွေးနိုင်ခဲ့တယ်။ နှစ်ဘက်ပုံမှန် အဆက်အသွယ်လုပ်နိုင်မယ့် နည်းလမ်းတွေ၊ လုံးဝကို ပစ်ခတ်မှုတွေ မရှိအောင်လုပ်နိုင်တဲ့ အခြေခံအချက်အလက်တွေကိုလည်း ဆွေးနွေးနိုင်ခဲ့တဲ့အတွက် မေလဆွေးနွေးပွဲထက်လည်း ဒါ ပိုပြီးတော့ ယုံကြည်မှုတွေရှိတယ်လို့ နှစ်ဘက်ခေါင်းဆောင်တွေကတော့ အားလုံးကို ရှင်းပြတာတွေ့ပါတယ်။”

ခေါင်းဆောင်အဆင့်တွေအနေနဲ့ သီးခြားဆွေးနွေးပွဲကို မနက် ၈ နာရီခွဲကနေ ၁၀ နာရီခွဲအထိ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ တချိန်တည်းမှာတော့ Technical Advisory Team ခေါ် လုပ်ငန်းညှိနှိုင်းရေးအဖွဲ့တွေက စောင့်ကြည့်လေ့လာရေးအဖွဲ့ ဖွဲ့စည်းနိုင်ဖို့အတွက် မူဝါဒတွေ၊ ဖွဲ့စည်းပုံတွေကို သီးခြား ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ KIO ကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖြန် မနက် ၉ နာရီမှာ တတိယမြောက်နေ့အဖြစ် ဆက်လက်ဆွေးနွေးမှာဖြစ်ပြီး ဆွေးနွေးပွဲအပြီးမှာတော့ နှစ်ဘက်သဘောတူညီတဲ့ အချက်တွေကို လက်မှတ်ရေးထိုး ထုတ်ပြန်မှာဖြစ်ပါတယ်။

လက်ရှိ ကျင်းပနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုတော့ လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အပြင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီယား၊ တရုတ်နိုင်ငံက သံတမန်တွေ အပါအဝင် ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီတွေ၊ စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ကိုယ်စားလှယ်တွေဟာ လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါတယ်။
XS
SM
MD
LG