သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Republicanအမတ်တွေနဲ့ အိမ်ဖြူတော်မှာဆွေးနွေးပေမဲ့ ပြေလည်မှု မရ


အမေရိကန် ပြည်ထောင်စုမှာ ရင်ဆိုင်နေရတဲ့ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းထားရမှုကို အဆုံးသတ်ဖို့နဲ့၊ အစိုးရ ချေးယူနိုင်တဲ့ ငွေပမာဏ သတ်မှတ်တိုးမြှင့်ဖို့ကိစ္စတွေ ဆွေးနွေးဖို့ရာ အောက်လွှတ်တော် ရီပတ်ပလစ်ကန်အမတ် ၂၃၂ ဦးလုံးကို သမ္မတ အိုဘားမားက အိမ်ဖြူတော်ကို ကြာသာတေးနေ့က ဖိတ်ကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီဆွေးနွေးပွဲအတွက် ခေါင်းဆောင်မှုပိုင်းမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ် ရီပတ်ပလစ်ကန် ကိုယ်စားလှယ် ၁၈ ဦးကိုသာ အောက်လွှတ်တော်ဥက္ကဌ John Boehner က စေလွှတ်ခဲ့တာကြောင့် သမ္မတအနေနဲ့ စိတ်ပျက်လက်ပျက် ဖြစ်မိတယ်လို့ သမ္မတအိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney က ပြောပါတယ်။

မဟာဗျူဟာ ဆွေးနွေးမှုတွေအတွက် သမ္မတဟာ ဒီမိုကရက်အမတ်တွေကိုလည်း ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပါတယ်။ အခုလို ပြောဆိုဆွေးနွေးမှုတွေဟာ အရေးကြီးတယ်လို့ နှစ်ဘက်စလုံးကတော့ ပြောပါတယ်။ ရီပတ်ပလစ်ကန် အမတ်တွေအနေနဲ့ အစိုးရလုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်ဖို့နဲ့ အစိုးရချေးငွေပမာဏ သတ်မှတ်ဖို့ တိုးမြှင့်ပေးဖို့ ဥပဒေကြမ်းတွေကို အတည်ပြုပေးတာ လုပ်သင့်တဲ့ကိစ္စတွေကို လုပ်ဆောင်မယ်လို့ သမ္မတအနေနဲ့ ယုံကြည်မျှော်လင့်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရသူက ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ အကြွေးတွေကို ပေးချေးဖို့ အစိုးရအနေနဲ့ ငွေချေးယူနိုင်တဲ့ပမာဏ တိုးမပေးနိုင်ဘူးဆိုရင်တော့ ဒါဟာ ကမ္ဘာ့စီးပွားရေးကိုပါ ကြီးမားတဲ့ အကြပ်အတည်း ဆိုက်ရောက်စေလိမ့်မယ်လို့ သမ္မတ အိုဘားမား က ပြောပါတယ်။

အောက်လွှတ်တော် ဥက္ကဌ Boehner ကတော့ အောက်လွှတ်တော်တွင်း မဲ မခွဲခင်မှာ အစိုးရ အသုံးစရိတ် ဖြတ်တောက်ရေးနဲ့ သမ္မတရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်တွေအပေါ် ညှိနှိုင်းဆွေးနွေးလိုကြောင်း တောင်းဆိုနေပါတယ်။

ဒါပေမဲ့လည်း ဒီလို သူ့ကို ဖိအားပေး ခြိမ်းခြောက်ပုံမျိုးနဲ့တော့ သူ့အနေနဲ့ ညှိနှိုင်းနိုင်မှာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမား က တုံ့ပြန်ထားပါတယ်။ အခုဆိုရင်တော့ အစိုးရလုပ်ငန်းအချို့ ရပ်ဆိုင်းထားရတာဟာ ဒုတိယသီတင်းပတ်ထဲ ဝင်လာခဲ့ပါပြီ။ အရေးကြီးတဲ့ အစိုးရလုပ်ငန်းတွေကလွဲပြီး အစိုးရလုပ်ငန်းအများစု ရပ်ဆိုင်းထားရပါတယ်။ အစိုးရဝန်ထမ်း ၈ သိန်းကျော်ဟာ အလုပ်တွေမလုပ်နိုင်ဘဲ ယာယီ အနားပေးခံထားရပါတယ်။
XS
SM
MD
LG