သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့ခံများကြား လုံခြုံရေးသတိ ပိုထားလာကြ


ရန်ကုန်မှာ ဗုံးဆက်တိုက် ပေါက်ကွဲပြီးနောက် လုံခြုံရေးတင်းကျပ်စွာချထား (၁၅ အောက်တိုဘာ ၂၀၁၃)
ရန်ကုန်မှာ ဗုံးဆက်တိုက် ပေါက်ကွဲပြီးနောက် လုံခြုံရေးတင်းကျပ်စွာချထား (၁၅ အောက်တိုဘာ ၂၀၁၃)
ရန်ကုန်မြို့နဲ့ တခြားမြို့ကြီးတွေမှာ အခုရက်ပိုင်းတွေအတွင်း ဗုံးတွေ့ရှိမှုတွေ၊ ဗုံးပေါက်ကွဲမှုတွေ ဖြစ်နေတဲ့အတွက် ရန်ကုန်မြို့ခံတွေကြား စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေသလို၊ ဗုံးသတင်းအပေါ်မှာလည်း အမြဲတမ်း နားစွင့်နေကြတာပါ။ အများပြည်သူ လှုပ်ရှားသွားလာတဲ့ လူထူထပ်တဲ့ နေရာတွေမှာတော့ လုံခြုံရေးအတွက် ပိုပြီး သတိထားနေကြပါတယ်။ ရန်ကုန်မြို့က လက်ရှိ လုံခြုံရေး အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ခံတွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က တင်ပြထားပါတယ်။

အခုလို မြန်မာနိုင်ငံတွင်း မြို့ကြီးတချို့မှာ ဗုံး ဆက်တိုက် တွေ့ရှိမှုတွေ၊ လူအသေအပျောက် ထိခိုက်ဒဏ်ရာရတဲ့အထိ ဗုံးပေါက်ကွဲမှုတွေ ဖြစ်နေတဲ့အတွက် အများပြည်သူတွေကြား စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်နေသလို မသင်္ကာဖွယ်ရာ အခြေအနေတွေအပေါ်လည်း သတိထားမှုတွေ ပိုပြီးတော့ ရှိလာနေပါတယ်။ အခုရက်ပိုင်းတွေအတွင်း ဗုံးသတင်းပါရှိတဲ့ နေ့စဉ်ထုတ် သတင်းစာ၊ ဂျာနယ်တွေအပေါ် ပြည်သူတွေအကြား စိတ်ပါဝင်စားမှုတွေလည်း အပြည့်ရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

“သတင်းစာကိုလေ အဲဒီလောက် လူတွေ ဖတ်လိမ့်မယ်လို့ မထင်ဘူး။ လူတိုင်းကလေ ၂၀၀ ပေးပေးပြီးတော့လေ အဲဒီလိုမျိုး ပိုပြီးတော့လေ လူတွေက စိတ်ဝင်စားကြတယ်။ အဲဒီဗုံးသတင်းကိုလေ။ သတင်းတွေကို ပိုဖတ်တယ်။ ပြီးတဲ့အခါကျတော့ အချင်းချင်းလည်း အဲဒီလို သတင်းတွေ ပြောကြတယ်။ လူတွေ စိတ်ဝင်စားကြတယ်။”

လူစည်ကားရာ နေရာတွေမှာ ဗုံး တွေ့ရှိမှုတွေ ဖြစ်တဲ့အတွက် ဈေး၊ စားသောက်ဆိုင်၊ ကားမှတ်တိုင်တွေမှာလည်း ပြည်သူအကြား မသင်္ကာဖွယ်ရာ အထုတ်တွေ၊ အနေအထားတွေအပေါ်မှာ အများက ပိုသတိထားလာကြပြီး၊ မသင်္ကာဖွယ်ရာ အခြေအနေ ဖြစ်လာရင်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကို သတိပေး အကြောင်းကြားဖို့ ရပ်ကွက်မြို့နယ်တွေထဲမှာ အချင်းချင်း သတိပေးတာတွေ၊ သတင်းစကား ပြောဆိုနေတာတွေ ရှိတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ အခုလို ဗုံးတွေ့ရှိမှု၊ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်နေတဲ့အပေါ် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေဆဲကာလမှာ ပြည်သူတွေအကြား စိုးရိမ်မကင်း ဖြစ်မှုတွေလည်း ရှိတယ်လို့ ရန်ကုန်မြို့ခံ ကိုအောင်ကိုကို က ပြောပါတယ်။

“ဒီလိုမျိုးတွေ ဖြစ်တာကတော့ မကောင်းဘူးပေါ့နော်။ အများပြည်သူလည်း ထိခိုက်တယ်။ ဖြစ်နိုင်မယ် ဆိုရင်တော့ဗျာ၊ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်သူတွေပဲ လုပ်နေလုပ်နေ၊ ဒါက မလုပ်သင့်တဲ့ အရာဆိုတာတော့ ကျနော် ခံစားမိတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တိုင်းပြည် တည်ဆောက်နေတဲ့ အချိန်ကာလမှာ ဒါမျိုးတွေ အများကြီး ဖြစ်လာမယ် ဆိုလို့ရှိရင် နောက်ကြောင်း ပြန်လှည့်သွားနိုင်တယ်။ အများကြီး ကျနော်တို့အတွက်၊ အများပြည်သူအတွက် အများကြီး ထိခိုက်လာနိုင်တယ်ပေါ့။”

ရက်ပိုင်းအတွင်းမှာပဲ နေရာတချို့မှာ ဗုံးတွေ့တာတွေ၊ ဗုံးပေါက်တာတွေ ဆက်တိုက် ဖြစ်ပွားနေတဲ့အပေါ် သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ လုံခြုံရေး နည်းပညာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို စနစ်တကျ ဆောင်ရွက်မယ်ဆိုရင် နောက်ဖြစ်ပွားလာနိုင်မယ့် အန္တရာယ်တွေကို ကာကွယ် တားဆီးနိုင်မယ်လို့လည်း ရန်ကုန်မြို့ခံ ကိုရဲမြတ်သူ က ထောက်ပြပါတယ်။

“ကျနော်တို့က ဆန်စင်ရာ ကျည်ပွေ့လိုက်ပြီးတော့ လိုက်စုံစမ်းနေတဲ့ အပေါ်မှာကတော့ သိပ်အားမရဘူး ဆိုပေမဲ့လည်း ကာကွယ်တာကတော့ လူတွေအများကြီး လိုက်ချပြီး ကာကွယ်လို့လည်း မရဘူးဆိုတာ ကျနော်လည်း နားလည်တယ်လေ။ ဆိုလိုတာက ရှိရှိသမျှ ကျောပိုးအိတ်တွေ၊ ရှိရှိသမျှ Baggage အိပ်တွေ၊ ရှိရှိသမျှ သေတ္တာတွေ လိုက်ဖွင့်လို့မှ မရတာ။ ဒီလောက် အများကြီး ပြိုင်တူဖြစ်တယ် ဆိုကတည်းကိုက ဘယ်သူတွေ ကြံစည်မှု ရှိသလဲ ဆိုတာ၊ အဲဒါမျိုးကို စဉ်းစားနိုင်ဖို့ လိုတယ်လေ။”

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာတွေနဲ့ မြို့လည်တွေမှာ လုံခြုံရေး တင်းကျပ်မှုတွေ ရှိနေတဲ့တချိန်တည်းမှာပဲ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး မြို့နယ်တွေမှာလည်း သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က လုံခြုံရေးကို ဒီထက် ပိုယူပေးဖို့ လိုအပ်တယ်လို့ ရန်ကုန်မြို့ခံတစ်ဦးဖြစ်တဲ့ ဒေါပုံမြို့နယ်က ကိုအောင်ကိုကို က ပြောပါတယ်။

“ဒီထက်တော့ ပိုပြီးတော့ လုပ်ဆောင်ဖို့တော့ လိုမယ်ပေါ့နော်။ ပြောရမယ်ဆိုရင် အလုပ်လုပ်တဲ့ အခါမျိုးမှာဆိုရင် ဒီထက်တော့ ဂရုတစိုက်နဲ့ လုံခြုံရေး ချရင်တော့ ပိုကောင်းတာပေါ့။ ပြောမယ်ဆိုရင် သာကေတတို့၊ ဒေါပုံတို့၊ တောင်ဒဂုံတို့လို ဘက်တွေမှာပေါ့နော် အမြဲတမ်း ကင်းတွေပေးနိုင်ရင်တော့ ကောင်းတာပေါ့။”

ရန်ကုန်မြို့လည်နဲ့ ဆင်ခြေဖုံး မြို့နယ်တွေမှာ သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်တွေနဲ့ ရဲလုံခြုံရေးတွေဘက်က ဧည့်စာရင်း စစ်ဆေးတာမျိုး၊ တည်းခိုခန်းတွေမှာ ဧည့်သည်တွေ အဝင်အထွက်ကို စစ်ဆေးတာမျိုးအပြင် ရပ်ကွက်၊ မြို့နယ်တွေမှာ မသင်္ကာဖွယ်ရာ လူပုဂ္ဂိုလ်၊ ပစ္စည်း၊ အထုတ် စတဲ့ မသင်္ကာစရာ တွေ့ရှိရင် သက်ဆိုင်ရာကို အမြန်ဆုံး အကြောင်းကြားဖို့ကို လိုက်လံ ဆော်သြနေတာလည်း ရှိတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
XS
SM
MD
LG