သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုံးခွဲမှု ဆက်စပ် သံသယရှိသူ ၃ ဦးဖမ်းဆီးထား


မသင်္ကာဖွယ်အထုပ်တခုကို ဗုံးရှင်းလင်းရေးတပ်ဖွဲ့က တွေ့ရှိပြီးနောက် ရဲတွေက အနီးကပ် စစ်ဆေးကြည့်ရှုနေစဉ် (၁၅ အောက်တိုဘာ ၂၀၁၃)
မသင်္ကာဖွယ်အထုပ်တခုကို ဗုံးရှင်းလင်းရေးတပ်ဖွဲ့က တွေ့ရှိပြီးနောက် ရဲတွေက အနီးကပ် စစ်ဆေးကြည့်ရှုနေစဉ် (၁၅ အောက်တိုဘာ ၂၀၁၃)
ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် ဗုံးဖောက်ခွဲမှုမှာ ပါဝင်သက်တယ်လို့ သံသယရှိသူ ၃ ဦးကို ရဲတပ်ဖွဲ့က ဒီကနေ့ ဖမ်းဆီးထားပြီး၊ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကနေ့ နေ့လည်ပိုင်းမှာလည်း ရန်ကုန်မြို့လယ် ၃၈ လမ်းဒေါင့်မှာ ဗုံးတလုံး ထပ်တွေ့တဲ့အတွက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေ ရောက်လာပြီး ချက်ချင်းပဲ ဖယ်ရှားပစ်ခဲ့ပါတယ်။ အခုလို ရန်ကုန်မြို့က ဗုံးပေါက်ကွဲမှုနဲ့ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေရဲ့ နောက်ဆုံးအခြေအနေတွေ၊ နောက် ဆက်တိုက်ဆိုသလို ဗုံးတွေ တွေ့ရှိနေတဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နမိတ်အပြင် တခြား ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး စတဲ့ ဒေသတွေမှာပါ ဗုံးပေါက်ကွဲမှုတွေ၊ မပေါက်သေးတဲ့ ဗုံးတွေ ဆက်တိုက်ဆိုသလို အခုရက်ပိုင်းအတွင်း တွေ့ရှိလာနေတာမှာ ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းပေါ်က နိုင်ငံခြားသားတွေ တည်းခိုမှုများတဲ့ Traders ဟိုတယ်ခေါ် ကုန်သည်ကြီးများဟိုတယ် ၉ ထပ်မှာ အောက်တိုဘာလ ၁၄ ရက်နေ့ညက ပေါက်ကွဲမှု ဖြစ်သွားခဲ့တာပါ။ အဲဒီပေါက်ကွဲမှုအတွင်း အမေရိကန်နိုင်ငံသူ ၁ ဦး အပါအဝင် မြန်မာနိုင်ငံသား ၂ ဦး၊ စုစုပေါင်း ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အဲဒီပေါက်ကွဲမှုမှာ တာဝန်ရှိသူလို့ မသင်္ကာသူ ၃ ဦးကို ဖမ်းဆီးရမိထားပြီး အခုချိန်မှာ စစ်ဆေး မေးမြန်းမှုတွေ လုပ်ဆောင်နေပြီလို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ တာဝန်ရှိ အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။ အဲဒီ မသင်္ကာသူတွေကို ဖမ်းဆီးရမိပုံနဲ့ ပတ်သက်လို့ အဲဒီ ရဲအရာရှိက အခုလို ရှင်းပြပါတယ်။

“တစ်ယောက်ကတော့ ဘီးလင်းကနေပြီးတော့ ကျနော်တို့ အဲဒီကနေ သွားပြီးတော့ စောင့်ဖမ်းလာတယ်။ အဲဒီမှာ ဆိုင်ကယ်နဲ့ သွားနေတုန်းတွေ့တော့ ကျနော်တို့ ဒီက ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကနေ ဖမ်းလာပါတယ်။”

မေး။ ။ ဟုတ်ကဲ့ နောက်လူတွေကရော ခင်ဗျ။
ဖြေ။ ။ “နောက်လူတွေကတော့ တဘက်ကတော့ ဟိုဘက် သံလျင်ဘက်က ၁ ယောက်ရပါတယ်။ နောက် သာကေတဘက်က ၁ ယောက် ရပါတယ်။”

မေး။ ။ ဟုတ်ကဲ့ သူတို့ကို သတင်းရလို့ လိုက်ဖမ်းတာပေါ့နော်။
ဖြေ။ ။ “ကျနော်တို့ ကွင်းဆက် ရလို့ပါ။ သတင်းရလို့ မဟုတ်ပါဘူး။ ကွင်းဆက်ရလို့ပါ။ ဒီလုပ်သွားတဲ့ အထောက်အထားလေးတွေ ကွင်းဆက်ကို ကြည့်တာပါ။”

မေး။ ။ နောက်တခုက CCTV ကြည့်ရတယ်ဆိုတော့ CCTV ကများ အထောက်အကူ ပြုပါသလားခင်ဗျ။
ဖြေ။ ။ “အတည်ပြုပါတယ်ခင်ဗျ၊ လူပုံပမ်းက တူနေတာကို တွေ့ရပါတယ်ခင်ဗျ။”

မေး။ ။ သူတို့ပုံတွေ CCTV ထဲမှာ ပေါ်တယ်ပေါ့နော်။
ဖြေ။ ။ “ဟုတ်ကဲ့ ပေါ်ပါတယ်။ အဲဒီပုံ တခုတည်းတော့ မဟုတ်ဘူးပေါ့နော်၊ ကျနော်တို့ ဒီကရထားတဲ့ အချက်အလက်တွေနဲ့ သူ့ပုံနဲ့ သွားတူနေတဲ့ အခါမှာ အဲဒါကို အတည်ပြုပြီးတော့မှ လိုက်ဖမ်းတာပါ။”

မေး။ ။ ဟုတ်ကဲ့ ဒါဆိုလို့ရှိရင် သူတို့တွေဟာ တခြားနေရာတွေမှာ ဗုံးကွဲတာတို့၊ တခြားဗုံးတွေ့တာတို့တွေမှာ သူတို့ ပါဝင်ပတ်သက်မှု ရှိပါသလားခင်ဗျ။
ဖြေ ။ ။ “တော်တော်များများ ပတ်သက်ပါတယ်။ ကျနော်တို့ ထပ်ပြီး ဆက်စစ်နေတုန်းပါခင်ဗျ။ အဖြေကို နောက်ဆုံးကျတော့ ထုတ်ပြန်ပါမယ်။ နည်းနည်း လွဲချော်သွားမှာ စိုးလို့ပါ။ အားလုံးက အတည်ပြုနိုင်ပါတယ်။ စစ်တုန်းတန်းလန်းပဲ ရှိသေးတယ်။ ပြောလို့မရသေးဘူးခင်ဗျ၊ စစ်တော့စစ်နေပါတယ်။ သေချာစစ်ဆေးပြီးတော့ အတည်ပြုပြီးရင် ထုတ်ပြန်မှာပါ။”

ကုန်သည်ကြီးများဟိုတယ်မှာ ထိခိုက်ဒဏ်ရာရသွားပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတဲ့ အမေရိကန်နိုင်ငံသူကို ဆေးကုသမှုတွေ ထပ်မံခံယူဖို့ ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုရဲ့ အကူအညီနဲ့ ဒီကနေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ပို့လိုက်ပြီလို့ SEA GAMES ကာလအတွင်း ဟိုတယ်များလုံခြုံရေးအတွက် ဟိုတယ်လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲအတွင်း ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ရွှေ က ပြောပါတယ်။

“လူနာက လမ်းလျှောက်လို့မရဘူး။ သတိတော့ရနေပါတယ်။ အစားအသောက်လည်း စားခွင့်တော့ မရသေးဘူး။ ဒြစ်သွင်းထားတယ်။ ဆီးဆေးကတော့ နည်းနည်း နီညိုညိုအရောင်လေးပါတယ်။ ဓာတ်မှန်ထဲမှာတော့ ကျောက်ကပ်နားမှာလည်း နည်းနည်း သွေးခြေဥတယ်လို့ ပြောပါတယ်။ အဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီက အရေးပေါ်လူနာတင်ကားနဲ့ပဲ လေဆိပ်ကိုရောက်တယ်။ လေယာဉ်ပေါ်ကိုပဲ အပြီးတင်ပါမယ်။ နောက် လေယာဉ်ထွက်သွားတဲ့အထိ ကျနော်တို့လည်း စောင့်ရှောက်ပေးလိုက်ပါတယ်။”

အဲဒီလို ပေါက်ကွဲမှုတွေ ဖြစ်နေတဲ့အတွက် အခုချိန်မှာ လုံခြုံရေးကို တိုးမြင့် လုပ်ဆောင်နေတယ်လို့ ကုန်သည်ကြီးများဟိုတယ် တည်ရှိရာ ကျောက်တံတားမြို့နယ်က ရဲစခန်းမှူး ဒုတိယရဲမှူး မျိုးမြင့်ကြိုင်က ရှင်းပြပါတယ်။

“ကျနော်တို့ ဒီ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ပေါ့ နောက်မဖြစ်အောင် လုံခြုံရေးတွေလည်း ကျနော်တို့ တိုးချဲ့ပြီးတော့ ဆောင်ရွက်နေပါတယ်။ မနေ့ကဆိုရင်လည်း ကျနော်တို့ အများကြီး တည်းခိုခန်းတွေကို ခေါ်ပြီးတော့ သေချာပြောဆိုထားပါတယ်။ ပြောဆိုပြီးတော့မှ ဆောင်ရွက်နေပါတယ်။ ဒီလိုတွေ့ရှိမှုအပေါ်နဲ့ ပတ်သက်လို့ပေါ့ ရဲစခန်းအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နေတယ်။ SEA GAMES အကြိုမှာလည်း အခု ကျနော်တို့ အများကြီးလုပ်နေပါတယ်။ အရင်က လုပ်တာထက်ကို ကျနော်တို့က အများကြီး ခပ်စိပ်စိပ်လေးကို လုပ်လာတာပေါ့ဗျ။ ကွက်ပြည့်နင်းလာတဲ့ပုံစံမျိုးလေးတွေ ကျနော်တို့က လုပ်လာပါတယ်။ ဥပမာဆိုရင် ဒါ လုံခြုံရေးပိုမြှင့်လာတာပေါ့ဗျာ။ ဘတ်စ်ကားဂိတ်တွေကအစ စောင့်ကြည့်တာတို့၊ ဘာတို့ပေါ့။ တော်တော်များများ လုပ်လာတာပေါ့။ နောက် ဒီ လုံခြုံရေးအပိုင်းနဲ့ ပတ်သက်လို့ပေါ့ ဧည့်စာရင်း ဘာညာကအစပေါ့။ ဒါလေးက အရင်ထက်စာရင်တော့ပေါ့ ပိုပြီးတော့ ကျနော်တို့က ဆောင်ရွက်နေပါတယ်။”

မြန်မာနိုင်ငံ နေရာအတော်များများမှာ ဗုံးပေါက်ကွဲမှုတွေ၊ မပေါက်သေးတဲ့ ဗုံးတွေ အခုလို ဆက်တိုက် တွေ့ရှိနေတဲ့အတွက် လူထုအကြား ကြောက်လန့်မှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာပဲ ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့လယ် ၃၈ လမ်းနဲ့ အနော်ရထာလမ်းဒေါင့်မှာရှိတဲ့ အမှိုက်ပုံးပေါ်မှာ မပေါက်ကွဲသေးတဲ့ ဗုံးတလုံး တွေ့ရှိပြန်တဲ့အတွက် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေ ချက်ချင်း ရောက်လာပြီး အဲဒီဗုံးကို စစ်ဆေးပြီး သယ်ဆောင်သွားကြလို့ မျက်မြင် သက်သေတွေက ဗွီအိုအေကို ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ၊ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေ လုပ်ဆောင်နေပြီး မြန်မာနိုင်ငံသမိုင်းမှာ အရေးကြီးတဲ့ ပြောင်းလဲမှုတွေ ဖော်ဆောင်နေတဲ့ ကာလမျိုးမှာ ပြည်သူလူထု ထိတ်လန့်အောင် လုပ်ဆောင်တဲ့ ဒီလုပ်ရပ်ဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်သူ ကိုမင်းကိုနိုင်က ပြောပါတယ်။

“လက်ရှိအခြေအနေကို ကျနော်တို့ ပြန်ကြည့်လိုက်လို့ရှိရင် ကျနော်တို့ တိုင်းပြည်မှာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါတယ်ဗျာ။ ကျောင်းသားတပ်မတော်ကအစပေါ့ဗျာ။ ဟုတ်လား ဒီ လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေကြတဲ့အချိန်ဗျ။ အဲ့လိုအချိန်ဖြစ်နေတယ်ဆိုတာကိုလည်း ကျနော်တို့ ထည့်စဉ်းစားရမယ်။ နောက်တခုက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြပ်အတည်းကြီးကို ကျနော်တို့ ဖြေရှင်းဖို့ ကြိုးစားနေကြပြီ။ အဲ့ဒီလိုအချိန်မျိုးမှာ ချိန်ကိုက်ဖြစ်ပေါ်လာတာကိုလည်း ကျနော်တို့ စဉ်းစားရမယ်။ နောက်တခုက မတည်မငြိမ်မှုတွေကို နဂိုတည်းကမှ ဖန်တီးထားတယ်။ ကျနော်တို့ မနည်းတားဆီးနေရတယ်။ ဒေသအလိုက်ဖြစ်နေတဲ့ အဓိကရုဏ်းတွေ အဲ့ဒီလိုကွဲပြားမှုတွေ တိုက်ခိုက်မှုတွေဖြစ်နေတဲ့အချိန်မျိုးမှာ ဒီလိုပေါက်ကွဲမှုတွေက စနစ်တကျ စီစဉ်ထားတဲ့ ကွန်ယက်ဆန်တဲ့ တိုက်ခိုက်မှုမျိုး ဖြစ်နေတယ်ဗျ။ အဲ့ဒါက စိုးရိမ်စရာ အကောင်းဆုံးပဲ။ အခုဟာက သေချာတာက အကြမ်းဖက်သမားတွေပဲ။”

အောက်တိုဘာလ ၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ စာတိုက်ကြီးရှေ့ ခရီးသည်တင် ယာဉ်ပေါ်မှာ လက်လုပ်ဗုံး တလုံးတွေ့ရှိရာက စတင်ခဲ့တဲ့ ဗုံးတွေ့ရှိမှုနဲ့ ပေါက်ကွဲမှုတွေကြောင့် အနဲဆုံး လူ ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနဲ ထိခိုက်ဒဏ်ရာခဲ့တာ ဖြစ်ပါတယ်။

အခုဖြစ်ပေါ်နေတဲ့ ပေါက်ကွဲမှုတွေ၊ မပေါက်သေးတဲ့ ဗုံးတွေ တွေ့ရှိမှုတွေဟာ ဘယ်သူ့လက်ချက် ဖြစ်တယ်ဆိုတဲ့အပေါ် လူထုအကြား အမျိုးမျိုး ထင်ကြေးပေး ပြောဆိုမှုတွေ ထွက်ပေါ်နေတာပါ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေဖက်ကတော့ လက်ရှိမှာ ၃ ဦး ဖမ်းမိထားတယ်ဆိုတာကလွဲလို့ တခြား အသေးစိတ် သတင်းထုတ်ပြန်တာမျိုး အခုချိန်ထိ မရှိသေးပါဘူး။
XS
SM
MD
LG