သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ဥရောပ ၅ နိုင်ငံခရီးထွက်မည်


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု သီတင်းပတ်ကုန်ပိုင်းမှာ ဥရောပကို ခရီးထွက်ခွာမှာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ၊ လူဇင်ဘတ်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဗြိတိန်နိုင်ငံနဲ့ အီတလီနိုင်ငံတွေဆီ သွားရောက်မယ့် ခရီးစဉ်အတွင်း EU ဥရောပသမဂ္ဂ၊ ဥရောပပါလီမန်နဲ့ ဥရောပကောင်စီတို့က တာဝန်ရှိသူတွေအပြင် EU နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့တော်မှာ အောက်တိုဘာ ၂၀ ရက် တနင်္ဂနွေနေ့မှာ ဥရောပကောင်စီဥက္ကဋ္ဌ Herman Van Rompuy နဲ့တွေ့ဆုံဖို့ အစီအစဉ်ရှိပြီး၊ တနင်္လာနေ့ ကျရင်တော့ လူဇင်ဘတ်နိုင်ငံမှာ EU ဥရောပသမဂ္ဂနိုင်ငံ ၂၈ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ နေ့လည်စာစားရင်း တွေ့ဆုံဖို့ရှိတယ်လို့ ဥရောပကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။ အောက်တိုဘာ ၂၂ ရက် အင်္ဂါနေ့မှာတော့ ပြင်သစ်နိုင်ငံ Strasbourg မြို့က ဥရောပပါလီမန်မှာကျင်းပမယ့် ဆုပေးပွဲ အခမ်းအနားမှာ Sakharov လူ့အခွင့်အရေးဆုကို လက်ခံယူမှာ ဖြစ်ပါတယ်။

ဒီဆုက ၁၉၉၀ ခုနှစ်ထဲက ဒေါ်အောင်ဆန်းစုကြည်ကို ဥရောပသမဂ္ဂက ပေးထားတဲ့ဆုဖြစ်ပြီး အခုမှ သူကိုယ်တိုင် ဆုကို လက်ခံယူမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။

ဗြိတိန်မှာတော့ ၅ ရက်ကြာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ
မြောက်ပိုင်း အိုင်ယာလန်ကိုသွားပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို လေ့လာမှာဖြစ်သလို Sandhurst တော်ဝင်စစ်တက္ကသိုလ်ကို လည်း သွားရောက်ပြီး စစ်ပညာလေ့ကျင့် သင်ကြားမှုတွေကို လေ့လာဖို့ ရှိပါတယ်။ Sandhurst တော်ဝင်စစ် တက္ကသိုလ်မှာပဲ ဗိုလ်လောင်းတွေကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ ခရီးစဉ်ပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံကိုသွားပြီး မြန်မာ့ဒီမိုကရေစီရေးကို တောက်လျှောက် အားပေးထောက်ခံခဲ့တဲ့ မြို့ ၄ မြို့ဆီကို သွားမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ အခုခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတိယမြောက် ဥရောပခရီးစဉ်ဖြစ်ပါတယ်။
XS
SM
MD
LG