သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရအသုံးစရိတ် အဖြေရှာရေး အထက်နှင့်အောက်လွှတ်တော် ဆက်ကြိုးပမ်း


အမေရိကန်ပြည်ထောင်စုမှာ သီတင်း ၃ ပတ်ထဲ ဝင်လာပြီဖြစ်တဲ့ အစိုးရလုပ်ငန်း လည်ပတ်မှုတချို့ ရပ်ဆိုင်းထားရတာကို အဆုံးသတ်စေဖို့နဲ့ အစိုးရ ချေးယူနိုင်တဲ့ ငွေကြေးပမာဏ တိုးမြှင့်ရေးအတွက် ဘယ်လိုဆောင်ရွက်မလဲဆိုတာကို အထက်နဲ့ အောက်လွှတ်တော်
ခေါင်းဆောင်တွေ ဆက်ပြီး ညှိနှိုင်းနေကြပါတယ်။

အစိုးရအတွက် ဒီဇင်ဘာ ၁၅ ရက်နေ့အထိ အသုံးစရိတ်ပေးဖို့နဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ အစိုးရချေးငွေပမာဏ တိုးမြှင့်ရေးအစီအစဉ်ကို Republican တွေ အများစုဖြစ်တဲ့ အောက်လွှတ်တော်က တင်ပြပါတယ်။ သူတို့အစီအစဉ်အရဆိုရင် သမ္မတ Barack Obama ရဲ့ လူတိုင်းတတ်နိုင်မယ့် ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေအပေါ်မှာ အပြောင်းအလဲတွေ ရှိမှာဖြစ်ပါတယ်။

အထက်လွှတ်တော်ရဲ့ အစီအစဉ်ကတော့ အစိုးရလုပ်ငန်းတွေကို ပြန်လည် လည်ပတ်စေပြီး အစိုးရချေးငွေကို ယာယီတိုးမြှင့်ကာ အစိုးရအသုံးစရိတ် ဖြတ်တောက်ရေးကို ညှိနှိုင်းဖို့ ဖြစ်ပါတယ်။ ဘယ်လိုဆောင်ရွက်မှုမျိုးမှာမဆို ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေသစ် ပြင်ဆင်ရေးကို ထည့်သွင်းတဲ့ကိစ္စ အထက်လွှတ်တော် ဒီမိုကရက်တွေက လက်မခံပါဘူး။

ဒီမိုကရက်တွေဘက်က ကန့်ကွက်နိုင်ပြီး သမ္မတက ဗီတိုအာဏာသုံး ပယ်ချနိုင်တဲ့ ဥပဒေကြမ်းကို Republican တွေက စဉ်းစားပြီး အထက်လွှတ်တော်ရဲ့ ဆောင်ရွက်မှုတွေကို နှောင့်ယှက်နေတယ်လို့ အောက်လွှတ်တော်ရဲ့ လူနည်းစုခေါင်းဆောင် ဒီမိုကရက်အမတ် Nancy Pelosi က စွပ်စွဲပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သမ္မတ အိုဘားမားနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ အမေရိကန် အစိုးရအနေနဲ့ တင်နေတဲ့ အကြွေးတွေကို အချိန်မှီ ပြန်ဆပ်နိုင်ဖို့ အစိုးရချေးယူနိုင်မယ့် ငွေပမာဏကို မြှင့်နိုင်မယ်လို့ အကောင်းဘက်ကမြင်ကြောင်း Ms. Pelosi က ပြောပါတယ်။
XS
SM
MD
LG