သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်ငလျင် သေဆုံးသူ ၁၅၀ ခန့်


ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူများ။
ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူများ။
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းက လူသူ အရောက်အပေါက်နဲပါးတဲ့ ဒေသမှာ အင်္ဂါနေ့က အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ကယ်ဆယ်ရေးလုပ်သားတွေဟာ အသက်မသေ ကျန်ရစ်သူတွေကို လိုက်လံ ရှာဖွေနေကြပါတယ်။

လက်ရှိမှာ သေဆုံးသူဦးရေဟာ ၁၄၄ ဦးရှိနေပြီး ဒဏ်ရာရသူကတော့ ၃၀၀ နီးပါးလောက်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ ငလျင်ဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရတဲ့နေရာက ဒေသခံတွေဆီ ကယ်ဆယ်ရေးတွေ ရောက်နိုင်ဖို့ ခက်ခဲတာမို့ သေသေချာချာ မသိနိုင်သေးတဲ့အတွက် သေဆုံးသူအရေအတွက် အခုထက်ပိုပြီး များလာဖို့ ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပြင်းအား ၇ ဒဿမ ၂ ရှိတဲ့ ငလျင်ဟာ ခရီးသွားတွေ အများဆုံးလာတတ်တဲ့ Bohol ကျွန်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တာမို့ အဲဒီမှာ ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူ အများဆုံး ဖြစ်နေပါတယ်။

နောက်ဆက်တွဲ အားပြင်းငလျင်ပေါင်း ရာနဲ့ချီပြီး ဆက်လှုပ်ခဲ့တာမို့ ဆေးရုံတချို့က လူနာတွေ အပါအဝင် ဒေသခံအများအပြားဟာ အင်္ဂါနေ့ညပိုင်းမှာ အဆောက်အဦးတွေ အပြင်မှာ ထွက်အိပ်ခဲ့ကြရပါတယ်။

Bohol နဲ့ Cebu ဝန်းကျင်ကို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသအဖြစ် အစိုးရက ကြေညာခဲ့ပြီး ကယ်ဆယ်ကူညီရေးပစ္စည်းတွေ အမြန်ဆုံး ပို့ပေးနေပါတယ်။

သမ္မတ Benigno Aquino ဟာ ဗုဒ္ဓဟူးနေ့မှာ ငလျင်ဒဏ်ခံရတဲ့ ဒေသက ဒေသခံတွေကို သွားရောက်တွေ့ဆုံပြီး အဲဒီဒေသမှာ ငလျင်ကြောင့် မြေပြိုနေတဲ့နေရာတွေနဲ့ ပျက်စီးနေတဲ့ အဆောက်အဦးတွေနား မနေကြဖို့ သတိပေးပါတယ်။
XS
SM
MD
LG