သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ဖြတ် လုပ်သားတွေအတွက် ပုံမှန် Passport ထုတ်ပေးမည်


ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကို အရင်တုန်းက ထုတ်ပေးခဲ့တဲ့ ယာယီ နိုင်ငံကူးလက်မှတ်တွေအစား ပြည်ပ ထွက်ခွာသူတိုင်းကို ထုတ်ပေးတဲ့ ပုံမှန် နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးတော့မှာဖြစ်ပါတယ်။ အောက်တိုဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား အလုပ်သမားရေး အစည်းဝေးမှာ ဆွေးနွေးချက်တွေအရ အဲ့လိုမျိုး ထုတ်ပေးတော့မှာပါ။ အဲ့လိုသာ ထုတ်ပေးမယ်ဆိုရင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် အစစ အဆင်ပြေလာနိုင်တယ်လို့ သုံးသပ်တာမျိုးလည်း ရှိပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲကို အလုပ်လုပ်ကိုင်ဖို့လာကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ယာယီ နိုင်ငံကူးလက်မှတ် ခရမ်းရောင်အစား ပြည်ပနိုင်ငံတိုင်းကို ထွက်ခွာတဲ့ သူတိုင်းကိုပေးတဲ့ နိုင်ငံကူးလက်မှတ် အနီရောင်ကို ထုတ်ပေးတော့မှာဖြစ်ကြောင်း ထိုင်း-မြန်မာ အလုပ်သမား အစည်းအဝေးကနေ ဆုံးဖြတ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးက အလုပ်သမားရေးရာ သံအရာရှိ ဦးကျော်ကျော်လွင် ကတော့ ညွန်ကြားချက်တွေ အပြည့်အစုံ ထွက်မလာသေးပေမဲ့ နိုင်ငံကူးလက်မှတ် အနီရောင်ကို အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းကစပြီး ထုတ်ပေးဖို့ အစီစဉ် စလုပ်မှာဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“နိုဝင်ဘာလဆန်းမှာစပြီးတော့ ထုတ်ပေးမယ်လို့တော့ ပြောထားတာပဲ။ အောက်တိုဘာလကုန်လောက်က စထုတ်ပေးမယ်လို့ ပြောထားတယ်။ Center ဖွင့်တဲ့နေရာမှာ ထုတ်ပေးမှာပါ။ Center က ဘယ်မှာဖွင့်ဖြစ်မလဲ မသိဘူး။ အဲ့ဒီ Center ဖွင့်တဲ့နေရာမှာ ဖြစ်မှာပေါ့။ ရေလုပ်သားအတွက်ကတော့ ကျနော်တို့ ဟိုဟာပေါ့နော် သူတို့ဘက်ကနေ --- ထုတ်ပေးပြီးတော့ စာရင်းလိုက်ကောက်နေတယ်။ အဲ့ဒါပြီးသွားရင်တော့ ကျနော်တို့ဘက်က လိုက်ထုတ်ပေးရမှာပေါ့။ Process အရ ပါတဲ့လူပဲ လုပ်ပေးသွားမှာလေ။ ဥပမာ - ၄ နှစ်ပြည့်တဲ့သူတွေ လုပ်ပေးမယ်။ ၄ နှစ်ပြည့်တဲ့သူတွေက သူတို့ ပတ်စ်ပို့သက်တမ်းတိုးဖို့တို့ နောက်ပြီးတော့ ဟိုဟာ ဗီဇာသက်တမ်းတိုးဖို့ လိုအပ်တဲ့သူတွေကို လုပ်ပေးမှာလေ။ ရေလုပ်သားတွေကိုတော့ --- ဖြစ်တဲ့အခါ လုပ်ပေးမှာပေါ့။ နောက်ပြီးတော့ MOT နဲ့ ဝင်လာတဲ့ အလုပ်သမားတွေကို လုပ်ပေးမှာပေါ့။”

ဒီအစီအစဉ်ကြောင့် အလုပ်သမားတွေအတွက် ထိုင်းနိုင်ငံထဲက မြို့ရွာအသီးသီးမှာ အလုပ်လုပ်ရာမှာပဲဖြစ်ဖြစ် လုံခြုံရေးကိစ္စမှာပဲဖြစ်ဖြစ် အဆင်ပြေလွယ်ကူမှုတွေ ရှိလာနိုင်ကြောင်း အလုပ်သမာရေး ဆောင်ရွက်သူ ကိုမိုးြကိုးကတော့ ဆိုပါတယ်။

“အခုလို မြန်မာနိုင်ငံက စာအုပ်ကြီးလို့လည်းခေါ်တဲ့ အနီရောင် ပတ်စ်ပို့စာအုပ်ထုတ်ပေးခြင်းအားဖြင့် အခု မြန်မာအလုပ်သမားတွေ ကိုင်ဆောင်ထားတဲ့ ခရမ်းရောင်ပတ်စ်ပို့နဲ့ မြန်မာနိုင်ငံဘက်က ထုတ်ပေးမယ့် စာအုပ်အနီနဲ့ အလဲအလှယ် အချိန်းအပြောင်း လုပ်ခြင်းအားဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်လုပ်နိုင်တယ်။ နေထိုင်ရပ်တည်နိုင်တယ်လို့ ယူဆတယ်။ ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တခုဖြစ်တယ်။”

လက်ရှိမှာတော့ ယာယီနိုင်ငံကူးလက်မှတ်ဖြစ်တဲ့ ခရမ်းရောင်စာအုပ်ရဲ့ သက်တမ်းက ၆ နှစ်ထိ အသုံးပြုလို့ ရမှာလို့ဆိုထားပေမဲ့ အခုထုတ်ပေးမယ့် နိုင်ငံကူးလက်မှတ်ရဲ့ သက်တမ်းက ၂နှစ်ထိ သက်တမ်းရှိတယ်ဆိုပြီး သတင်းတွေကလည်း ထွက်ပေါ်နေတာပါ။ ဒီအတွက် အလုပ်သမားသံအရာရှိကတော့ ပြည်စုံတဲ့ ညွန်ကြားချက်တွေ ရောက်ရှိမလာသေးဘူးလို့ ဆိုပါတယ်။ ခရမ်းရောင်ယာယီနိုင်ငံကူး စာအုပ်တွေအစား အနီရောင် နိုင်ငံကူးစာအုပ်တွေကို ချက်ချင်း ပြောင်းလဲပစ်မလားဆိုတာကိုလည်း အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင် ကို မေးမြန်းခဲ့ပါတယ်။

“ချက်ချင်းကြီးကတော့ မလဲခိုင်းသေးပါဘူး။ ကာလသတ်မှတ်ရက်တခုကတော့ ရှိဦးမှာပေ့ါ။ နောက်ပိုင်းထုတ်မယ့်ဟာသာ အနီရောင် ထုတ်ပေးမယ်လို့ ပြောတာပါ။”

လက်ရှိ အခြေအနေအရကတော့ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ အလုပ်သမားရေးရာ ဆွေးနွေးပွဲကနေ ထွက်လာတဲ့ ညွန်ကြားချက်သာဖြစ်ပြီး နှစ်ဘက်လုံးက တရားဝင် စာရွက်စာတမ်းတွေနဲ့ ထုတ်ပြန်တာမျိုးတွေတော့ မရှိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမားရေး ဆောင်ရွက်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကတော့ အလုပ်သမားတွေအတွက် ပိုမိုကောင်းမွန်တဲ့ အစီစဉ်ဖြစ်လာစေဖို့ နှစ်ဘက်အစိုးရကို တိုက်တွန်းသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာအလုပ်သမားတွေဟာ ယာယီ နိုင်ငံကူးလက်မှတ်ရှိလျက်နဲ့ ငွေပေးနေရတာတွေ နယ်စပ်မြို့တွေကိုပြန်တိုင်း ၄၈ နာရီအတွင်း ထိုင်းလူဝင်မူကြီးကြပ်ရေးဌာနကို ခွင့်မတိုင်ပါက ဒဏ်ကြေးပေးဆောင်နေရတာတွေ ခရမ်းရောင် ယာယီ နိုင်ငံကူးလက်မှတ်နဲ့အတူပါတဲ့ အလုပ်သမားလက်မှတ်မှာ အလုပ်ရှင်နာမည်နဲ့ အလုပ်လုပ်တဲ့မြို့နယ်ကို ထည့်သွင်း ဖော်ပြထားတာတွေကြောင့် နယ်မြေကျော်တဲ့အခါမှာ ဖမ်းဆီးစစ်ဆေးတာတွေကို ကြုံနေရတာပါ။

ပြီးခဲ့တဲ့နှစ်တွေတုန်းကဆိုရင် တာ့ခ်ခရိုင်က အလုပ်သမားတွေကို နယ်မြေကျော်လို့မရအောင် တာ့ခ်ခရိုင်ဝန်ရဲ့ အကြောင်းကြားစာနဲ့ စစ်ဆေးရေးဂိတ်တွေကနေ တားမြစ်မှုတွေ လုပ်တဲ့အတွက် အလုပ်သမားရေး လုပ်ဆောင်နေသူတွေက အလုပ်သမား အခွင့်အရေး ရှုဒေါင့်ကနေ တင်ပြ တောင်းဆိုမှုတွေ လုပ်ခဲ့ရပါတယ်။

အခု အသစ်လုပ်မယ့် နိုင်ငံကူးလက်မှတ်ဟာ အလုပ်သမားတွေကို ဘယ်လောက်ထိ အကာကွယ် ပေးနိုင်မလဲဆိုတာနဲ့ အခွင့်လမ်းတွေ ဘယ်လောက်ရှိမလဲ ဆိုတာကတော့ လေ့လာစောင့်ကြည့်ရဦးမယ်လို့ အစိုးရမဟုတ်တဲ့ အဖွဲအစည်းတွေကတော့ ပြောဆိုနေပါတယ်။
XS
SM
MD
LG