သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယား ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးခွင့်ပြုဖွယ်ရှိ


အနောက်နိုင်ငံတွေနဲ့ အီရန်ရဲ့ နျူကလီးယားပြဿနာ ကာလကြာရှည်စွာ အငြင်းပွားနေတာကို ဖြေရှင်းနိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ ကုလသမဂ္ဂ အနုမြူစွမ်းအင်အဖွဲ့ကြီးရဲ့ စစ်ဆေးမှု လုပ်ပိုင်ခွင့်တွေကို ပိုပေးဖို့ ရှိတယ်လို့ အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့ရဲ့ ဂျနီဗာဆွေးနွေးပွဲ ဆက်ပြီး ကျင်းပနေတဲ့ ဗုဒ္ဓဟူးနေ့မှာပဲ အီရန်ထိပ်တန်းခေါင်းဆောင်တဦးက ပြောကြားလိုက်ပါတယ်။

အခု ကျင်းပတဲ့ ဂျနီဗာဆွေးနွေးပွဲမှာ အီရန်နဲ့ P5 Plus လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန်နဲ့ ဂျာမဏီနိုင်ငံတွေက အရာရှိတွေ ပါဝင်ဆွေးနွေးကြတာပါ။

P5 Plus က အီရန်မှာ IAEA အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အဖွဲ့ရဲ့
ရှောင်တခင် ဝင်ရောက် စစ်ဆေးခွင့် အပါအဝင် အီရန်ရဲ့ လုပ်ဆောင်ချက်တွေ သေသေချာချာ သိအောင် လုပ်ဆောင်မှုတွေအတွက် အီရန်အာဏာပိုင်တွေက ခွင့်ပြုဖို့အပြင် ယူရေနီယံ သန့်စင်မှုတွေကိုပါ အဆင့်လျှော့ချပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

အခုဆွေးနွေးပွဲမှာ အီရန်ဘက်က တင်ပြတဲ့အဆိုပြုချက် အသေးစိတ်ကိုတော့ လူသိရှင်ကြား ထုတ်ဖော်မပြောပါဘူး။ ဒါပေမဲ့ အဆိုပြုချက် ပထမပိုင်းမှာ အနုမြူစွမ်းအင်အဖွဲ့ရဲ့ ရှောင်တခင် စစ်ဆေးမှုတွေ ခွင့်ပြုတာနဲ့ ယူရေနီယံ သန့်စင်မှုတွေ အဆင့်လျှော့ချဖို့ ပြောဆိုချက် ၂ မျိုးစလုံး မပါကြောင်းနဲ့ ဒါတွေဟာ အီရန်ဘက်က လုပ်ဆောင်မယ့် နောက်ဆုံးအဆင့်မှာ ပါဝင်နေကြောင်း အီရန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Abbas Araqchi ရဲ့ ပြောကြားချက်ကို ကိုးကားပြီး အီရန်အစိုးရ IRNA သတင်းမှာ ဖော်ပြပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး Mohamamad Javad Zarif ကတော့ အီရန်ဟာ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေတဲ့ နျူကလီးယားပြဿနာကို တနှစ်အတွင်း ပြေလည်သွားစေနိုင်မယ့် အဆင့် ၃ ဆင့်ပါ အစီအစဉ်ကို ရေးဆွဲ ထားတာဖြစ်ပြီး ပထမဆုံး အောင်မြင်ဖို့ရှိတဲ့ အဆင့်တွေကို ၁လ၊ ၂လ ဒါမှမဟုတ် အဲ့ဒီလောက်မကြာဘဲ လုပ်ဆောင်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG