သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bo Xilai အယူခံ တရုတ်တရားရုံး ပယ်ချ


တရုတ်ကွန်မြူနစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင် တဦးအဖြစ် တာဝန်ယူခဲ့တဲ့ Bo Xilai ကို တရားရုံးတွင် တွေ့ရစဉ်။
တရုတ်ကွန်မြူနစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင် တဦးအဖြစ် တာဝန်ယူခဲ့တဲ့ Bo Xilai ကို တရားရုံးတွင် တွေ့ရစဉ်။
အဂတိလိုက်စားမှုနဲ့ အာဏာအလွဲသုံးစားလုပ်မှုတွေနဲ့ ပြီးခဲ့တဲ့လမှာ ပြစ်ဒဏ် ချမှတ်တာ ခံခဲ့ရတဲ့ တရုတ်ကွန်မြူနစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင် တဦးအဖြစ် တာဝန်ယူခဲ့တဲ့ Bo Xilai ရဲ့ အယူခံဝင်လျှောက်လဲချက် ကို အရှေ့ပိုင်းတရုတ် တရားရုံးက ပယ်ချလိုက်ပါတယ်။ ဆယ်စုနှစ်များစွာ အတွင်း တရုတ်နိုင်ငံရဲ့ အရှုပ်ထွေးဆုံး နိုင်ငံရေး အရှုပ်တော်ပုံအတွက် ရှန်ဒေါင်းခရိုင်ပြည်သူ့ တရားရုံးက သောကြာနေ့မှာ ဆုံးဖြတ်ချက်ချလိုက်တာ ဖြစ်ပါတယ်။

လဒ်ယူမှု၊ ယုံကြည်မှုနဲ့အပ်ထားတဲ့ငွေကို အလွဲသုံးစားလုပ်မှုနဲ့ အာဏာအလွဲသုံးစားလုပ်မှုတွေ ကျူးလွန်ခဲ့မှုနဲ့ ဘိုရှီလိုင်းကို ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ သူ့ရဲ့ ၅ ရက်ကြာ တရားရုံးစစ်ဆေးမှုကို တရုတ်နိုင်ငံ တဝှမ်းက သေသေချာချာ စောင့်ကြည့်ခဲ့ကြတာဖြစ်ပြီး သူ့ကိုစွပ်စွဲထားတဲ့ စွဲချက်တွေထဲက တချို့ပြစ်မှုတွေကို သူကျူးလွန်ခဲ့တယ်လို့ ဝန်ခံပေမယ့် အတော်များများကိုတော့ သူမကျူးလွန်ကြောင်း Bo ကငြင်းဆိုခဲ့ပါတယ်။

အခုလို အရှုပ်တော်ပုံ သတင်းတွေ ထွက်မလာခင်က Bo ဟာ တရုတ်ကွန်မြူနစ်ပါတီက ထိပ်တန်းခေါင်းဆောင်တဦး ဖြစ်တဲ့ ပေါလစ်ဗျူရို အဖွဲ့မှာ အရေးပါသူတဦးဖြစ်သလို ခြုံကင်းမြို့ရဲ့ ပါတီအကြီးအကဲအဖြစ် လူထုထောက်ခံမှု အများဆုံးရနေသူတဦး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ထဲမှာတော့ ၂၀၁၁ ခုနှစ် ဗြိတိသျှ စီးပွါးရေးလုပ်ငန်းရှင်တဦးကို သတ်ဖြတ်မှုမှာ သူနဲ့ သူ့ဇနီးပါဝင်ပါတ်သက်နေတဲ့ အထောက်အထားတွေယူပြီး သူ့ရဲ့ ရဲချုပ်ဟောင်းက အမေရိကန်ကောင်စစ်ဝန်ရုံးမှာ သွားရောက်ခိုလှုံခဲ့ရာက ရာထူးကနေ ဖယ်ရှားတာ ခံခဲ့ရပါတယ်။

နောက်ပိုင်းမှာ သူတို့မိသားစုရဲ့မိတ်ဆွေဖြစ်တဲ့ စီးပွါးရေးလုပ်ငန်းရှင် Neil Heywood ကို သတ်ဖြတ်ကြောင်း Bo ရဲ့ ဇနီးက ဝန်ခံခဲ့တဲ့အတွက် ဆိုင်းငံ့သေဒဏ်ချမှတ်တာခံခဲ့ရပြီး အခု ထောင်ဒဏ်တသက် တကျွန်းကျခံနေရပါတယ်။
XS
SM
MD
LG