သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ငွေစုလက်မှတ် အရောင်းအဝယ် စည်းမျဉ်းတင်းကျပ်


အမေရိကန် ပြည်ထောင်စုမှာ ဘဏ်တွေကနေ ငွေစုလက်မှတ်တွေ ရောင်းချမှုတွေကို ကန့်သတ်ဖို့ စည်းမျဉ်းသစ်တွေ ပြဌာန်းလိုက်ပါတယ်။ ဘဏ်တွေအနေနဲ့ သူတို့ဘဏ် အမြတ်အစွန်း ရဖို့အတွက် ငွေစုလက်မှတ်တွေကို အသုံးချ ရောင်းဝယ်တာမျိုးတွေကို အဓိက တားမြစ်တဲ့ စည်းမျဉ်းသစ်ကို အမေရိကန်ပြည်ထောင်စုရဲ့ ငွေကြေးစနစ် စောင့်ကြည့်ထိန်းချုပ်ရေး အေဂျင်စီ ၅ ခုကနေ မနေ့က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ အဲဒီအတွက် ငွေကြေးအေဂျင်စီတွေဟာ ၃ နှစ်လောက်ကြာအောင် ဆွေးနွေးခဲ့ရတာပါ။

Wall Street မှာရှိတဲ့ ငွေကြေးဆိုင်ရာ အကြီးဆုံးအဖွဲ့ တချို့ကလည်း ဒီအပေါ်မှာ အတော်လေးကို ကန့်ကွက် ပြောဆိုခဲ့ကြပါတယ်။ အခု စည်းမျဉ်းသစ်ဟာ ၂၀၁၅ ခုနှစ် အလယ်ပိုင်းကျမှ စပြီးအသက်ဝင်မှာ ဖြစ်ပါတယ်။ ငွေစုလက်မှတ် အရောင်းအဝယ် လုပ်တာဟာ JP Morgan Chase, Bank of America, Citigroup စတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ထင်ရှားတဲ့ ဘဏ်ကြီးတွေအတွက် အမြတ်အစွန်းရတဲ့ လုပ်ငန်းတခု ဖြစ်ခဲ့တာပါ။

ဒီအရောင်းအဝယ်ကြောင့် လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ငွေကြေး အကျပ်အတည်းတွေ ဖြစ်ခဲ့ပြီး ဘဏ်တွေအတော်များများ ထိခိုက်ပျက်စီးရာကနေ အစိုးရက ဘဏ်အတော်များများကို ကျားကန်ကူညီပေးရတဲ့ အခြေအနေအထိ ရောက်ခဲ့တယ်လို့ Wall Street ဝေဖန်သုံးသပ်သူတွေက ပြောပါတယ်။ စာမျက်နှာ ၉၀၀ ကျော်ပါဝင်တဲ့ အခု စည်းမျဉ်းသစ်ကို အရင် ဗဟိုဘဏ်ဥက္ကဋ္ဌ လုပ်ခဲ့သူ ပေါ်လ် ဗောလ်ကာ (Paul Volcker) ရဲ့ အမည်ကို အစွဲပြုပြီး Volcker စည်းမျဉ်းဆိုပြီး အမည်ပေးထားပါတယ်။

၂၀၁၀ ခုနှစ်တုန်းကတော့ အမေရိကန်ငွေကြေးအဖွဲ့အစည်းတွေကို ထိန်းချုပ်ဖို့ စည်းမျဉ်းဥပဒေသစ်ကို လွှတ်တော်က အတည်ပြုခဲ့ပြီး၊ ငွေစုလက်မှတ်တွေ အရောင်းအဝယ် လုပ်တဲ့အပေါ် စည်းမျဉ်းသစ်ဆွဲဖို့အတွက် ငွေကြေးစနစ် စောင့်ကြည့်ထိန်းချုပ်သူတွေကို အမိန့်ထုတ်ခဲ့ပါတယ်။ အခု စည်းမျဉ်းသစ်ဟာ အမေရိကန် ငွေကြေးစနစ်ကို ပိုပြီး လုံခြုံစေသလို၊ ဘဏ်ကြီးတွေက မတရား အမြတ်ထုတ် နေတာတွေကို ဟန့်တားနိုင်မယ်လို့ ဒီစည်းမျဉ်းထောက်ခံသူတွေက ပြောပါတယ်။
XS
SM
MD
LG