သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ဒဲလားအောက်မေ့ဖွယ်အခမ်းအနားမှာ အမေရိကန်နဲ့ ကျူးဘားခေါင်းဆောင်နှုတ်ဆက်


တောင်အာဖရိ သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား (Nelson Mandela) ကို ဂုဏ်ပြုတဲ့ အောက်မေ့ပွဲမှာ စင်မြင့်ရှိရာသွားတဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကျူးဘားသမ္မတ ရောင်း ကက်စထရို (Raul Castro) ကို လမ်းမှာလက်ဆွဲ နှုတ်ဆက်ခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံကြား ၁၉၆၁ ခုနှစ်ထဲက သံတမန် ဆက်ဆံရေး မရှိခဲ့တဲ့အတွက် အခုလို သမ္မတ ၂ ယောက် လက်ဆွဲနှုတ်ဆက်တဲ့ ကိစ္စက ဂရုစိုက်စရာ ဖြစ်ခဲ့ပါတယ်။ အခုနှစ်ပိုင်းတွေ အတွင်းမှာတော့ ၂ နိုင်ငံ ဆက်ဆံရေးဟာ စတင်ပျော့ပြောင်းလာနေပေမဲ့ ကျူးဘား အပေါ် အမေရိကန်ရဲ့ ကုန်သွယ်ရေးအရ ဒဏ်ခတ်မှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။

ဒီလို လက်ဆွဲနှုတ်ဆက်တဲ့ ကိစ္စဟာ ကြိုတင်စီစဉ်ထားတဲ့ ကိစ္စမဟုတ်ဘူးလို့ အမေရိကန် တာဝန်ရှိသူတွေဘက်က ပြောပါတယ်။ ခေါင်းဆောင် ၂ ယောက်ကြား အပြန်အလှန် နှုတ်ဆက်တာသာဖြစ်ပြီး မည်မည်ရရ ပြောဆိုဆွေးနွေးမှု မရှိပါဘူးလို့ ဆိုပါတယ်။ အမေရိကန် အနေနဲ့ ကျူးဘားနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေအပေါ်မှာ အကြီးအကျယ် စိုးရိမ်ဆဲဖြစ်တယ်လို့ အိမ်ဖြူတော် အကြံပေးတွေက ပြောပါတယ်။

သမ္မတ အိုဘားမားဟာ အာဖဂနစ္စတန်သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) နဲ့လည်း အပြန်အလှန် နှုတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ မစ္စတာ မန်ဒဲလားရဲ့ အောက်မေ့ပွဲကို အလုပ်ကိစ္စအတွက် အသုံးချတဲ့ နေရာလို သမ္မတအိုဘားမားက သဘောထားတာ မဟုတ်ဘူးလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၁၄ မတိုင်ခင် အာဖဂနစ္စတန်ကနေ နိုင်ငံခြားတပ်တွေ ရုပ်သိမ်းသွားပြီးရင် အမေရိကန်တပ်တွေ ဆက်ထားရှိရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အာဖဂန် ခေါင်းဆောင် ၂ ယောက်ကြားမှာ အချေအတင် ဆွေးနွေးထားကြချိန်မှာ အခုလို နှုတ်ဆက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG