သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုဒ္ဓဘာသာဘုရားကျောင်း ဗုံးခွဲဖို့ကြံသူ အကြမ်းဖက် အဖွဲ့ဝင်သုံးဦး ထပ်ဖမ်း


အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က ဗုဒ္ဓဘာသာဘုန်းတော်ကြီးတကျောင်းကို သြဂုတ်လတုန်းက ဗုံးခွဲမှုနဲ့ ဆက်နွယ်ပြီး အဲဒါနဲ့ပတ်သက်တဲ့ အကြမ်းဖက် ကွန်ယက်အဖွဲ့က လူသုံးဦးကို ဖမ်းဆီးထားတယ်လို့ အင်ဒိုနီးရှားက ပြောပါတယ်။

ဖမ်းထားတဲ့ လူသုံးဦးဟာ Abu Umar အကြမ်းဖက်အဖွဲ့ဝင်တွေဖြစ်တယ်လို့ သံသယရှိတဲ့အကြောင်း အင်ဒိုနီးရှားရဲက ပြောပါတယ်။ အဲဒီအဖွဲ့ဟာ လူတဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဂျာတာတာက အဲဒီ ဘုန်းကြီးကျောင်းဗုံးခွဲမှုကိစ္စနဲ့ ပတ်သက်တဲ့အပြင် ကျောက်မျက် ရတနာဆိုင်တွေကို လုယူမှုနဲ့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးတွေမှာ အကြမ်းဖက်မှုတွေနဲ့လည်း ပတ်သက်ဆက်နွယ်နေပါတယ်။

လာမယ့် ခရစ္စမတ်အားလပ်ရက်မှာ အနှောင့်အယှက်ပေးဖို့ ကြံစည်နေသူတွေကို အရေးယူသွားဖို့ အာဏာပိုင်တွေဘက်က အသင့်ပြင်ထားတယ်လို့ အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့ ရဲချုပ် Sutarman က ဗွီအိုအေကို ပြောပါတယ်။ လက်လုပ်ဗုံးတွေလုပ်ပြီး လှုပ်ရှားဆောက်ရွက်နေတဲ့ အရိပ်အယောင်တွေ တွေ့ထားရတယ်လို့ ရဲချုပ်က ပြောပါတယ်။ အများပြည်သူကို ထိခိုက် အန္တရာယ် ပေးမယ့် လုပ်ရပ်မျိုးတွေ ဆောင်ရွက်တာတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်ပြီး ဥပဒေချိုးဖောက်တာတွေ မလုပ်ကြဖို့ကိုလည်း မေတ္တာရပ်ခံကြောင်း ရဲချုပ်က ပြောခဲ့ပါတယ်။

အဲဒီအဖွဲ့ရဲ့ခေါင်းဆောင် Abu Umar ဟာ အင်ဒိုနီးရှားနိုင်ငံကို တရားမဝင် လက်နက်သွင်းယူမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချခံထားရပါတယ်။ ဒီအဖွဲ့ဟာ မွတ်ဆလင်မဟုတ်တဲ့သူတွေကို အကြမ်းဖက်တိုက်ခိုက်တာတွေ၊ လုယက်မှု အပါအဝင် ရာဇဝတ်မှုတွေမှာလည်း ပါဝင်ပတ်သက်တယ်လို့ ရဲက သံသယရှိ ထားပါတယ်။

ဂျာကာတာမြို့တော် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ဗုံးခွဲတိုက်ခိုက်ခံရမှု မှာတော့ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ဆက်နွယ်နေမယ်လို့ အများက ယူဆထားကြပါတယ်။

ဒီနှစ်အစောပိုင်းတုန်းကလည်း အင်ဒိုနီးရှားက မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြံစည်မှုကိုလည်း အင်ဒိုနီးရှားအာဏာပိုင်တွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။
XS
SM
MD
LG