သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်တွေ ဌာနေပြန်ပို့နိုင်ရေး မဲဆောက်မှာဆွေးနွေး


ထိုင်းနိုင်ငံတွင်းမှာ နှစ်ပေါင်း ၂၀ ကျော် အခြေချနေထိုင်နေတဲ့ ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ နေရပ်ရင်းကို ပြန်လို့ ရ - မရ ဆိုတာနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီက တာဝန်ှရှိသူတွေ အပါအဝင် ဒေသဆိုင်ရာ အာဏာပိုင်တွေက UNHCR စတဲ့ အစိုးရမဟုတ်တဲ့ အဖွဲအစည်းတွေနဲ့ ထိုင်း-မြန်မာ နယ်စပ်မှာ ၃ ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ နိုင်ငံရေး မတည်မငြိမ် ဖြစ်နေတဲ့အတွက် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နယ်စပ်တလျှောက်မှာ နှစ်ရှည်လများ ခိုလှုံခွင့်ပေးထားရတဲ့ မြန်မာဒုက္ခသည်တွေ ကိစ္စကိုလည်း ဆွေးနွေးမှုတွေ လုပ်လာတာပါ။ တာ့ခ်ခရိုင်တွင်းက ဒေသဆိုင်ရာ အာဏာပိုင်တွေ အပါအဝင် ထိုင်းနိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အပါအဝင် အစိုးရမဟုတ်တဲ့ အဖွဲအစည်းတွေနဲ့ တွေဆုံပြီး ဒုက္ခသည်တွေ ပြန်လို့ရနိုင်မှု ရှိ မရှိ အခြေအနေကို တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ဆွေးနွေးဖလှယ်ခဲ့ကြတာပါ။ ကရင်ဒုက္ခသည်ကော်မတီရဲ့ ဒုဥက္ကဌ ဆရာဂျော့ကတော့ ငြိမ်းချမ်းရေးမရရှိသေးဘဲ ဒုက္ခသည်တွေ ပြန်လို့မရဘူးလို့ ပြောဆိုလိုက်ပါတယ်။

“မိုင်းကိစ္စကဒီလောက် အရေးမကြီးသေးဘူး။ ကျနော့်အနေနဲ့ အရေးကြီးတာက peace ရောက်ဖို့ peace ရလာလို့ရှိရင် မိုင်းက အလိုအလျောက်နဲ့ ကျနော်တို့ ရှင်းသွားမှာပေါ့။ ဟုတ်တယ်မို့လား။ အခုဟာက peace မရလို့ ကျနော်တို့ ရှင်းပြီးရင် သူများပြန်မြှုပ်ရင်လည်း ရတာပဲဟာ ဟုတ်တယ်မို့လား။ အဲဒါ ကျနော်တို့ KRC ရဲ့ stand (ရပ်တည်ချက်) ပေါ့လေ။”

မေး။ ။ ဒါဆိုရင် ဆရာရေ၊ အတင်းအကျပ်တွေများ ပြန်ပို့တာမျိုးတွေ ဖြစ်လာမယ်၊ အခုလည်း ဒီ KNU နဲ့ မြန်မာအစိုးရတို့က စီစဉ်နေတဲ့ pilot project တွေအရ ဒီဒုက္ခသည်တွေ ရွှေ့ပြောင်းမယ် ဆိုတာမျိုးတွေလည်း ကြားနေရတာတွေ ရှိတယ်ဆိုတော့ အဲဒါမျိုး အခြေအနေအပေါ်မှာရော၊ ဆရာတို့အနေနဲ့ ဘယ်လိုစဉ်းစားမလဲရှင့် ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ -
ဖြေ။ ။ “ကျနော်တို့ ဒုက္ခသည်အရေးအခင်းက local issue မဟုတ်ဘူး။ international issue ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ international principle အတိုင်းပဲ သွားမယ်နော်။ မိမိဆန္ဒအရ ကျနော်တို့ အခြေခံမယ်။ ဒုံးဒိုင်း၊ ဒုံးဒိုင်း ဖြစ်နေပေမဲ့လည်း ပြန်ချင်တဲ့လူ၊ ပြန်ရဲတဲ့လူ spontaneous return ကို ကျနော်တို့ မတားဘူး။ ဒါကတော့ UNHCR ရဲ့ principle ထဲမှာလည်း ပါတယ်လေ။”

မေး။ ။ ဒုက္ခသည်တွေကရော၊ ဆရာတို့ တွေ့မိသလောက် အခြေအနေမျိုးမှာ အများစုက ပြန်ချင်ကြတာမျိုးရောရှိလားဆရာ။
ဖြေ။ ။ “လမသာရင် ဘယ်သူမှ အိမ်၊ရွာမပြန်ချင်သေးဘူးလေ၊ ဆရာမ။ အဲဒီတော့ ကျနော်တို့က ကြည့်ရမယ်။ ကျနော်တို့ရွာမှာ လသာနေပြီလား။”

ကရင်လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ KHRG ကတော့ မိုင်းတွေရှင်းလင်းမှု မရှိသေးတဲ့ကိစ္စတွေနဲ့ မြေယာပြဿနာတွေ ရှိနေတာမျိုးတွေ လူအခွင့်အရေး ချိုးဖောက်မှုတွေ ကရင်ပြည်နယ်တွင်းမှာ ရှိနေသေးပေမဲ့ ကရင်ဒုက္ခသည်တွေရဲ့ သဘောထားဆန္ဒအတိုင်းသာ ဖြစ်သင့်တယ်လို့ လူအခွင့်အရေးအဖွဲ့ရဲ့ တာဝန်ခံတဦးဖြစ်တဲ့ ကိုစောဝေလင်းက ဆိုပါတယ်။

“ကျနော်တို့ သွားဆုံးဖြတ်ပေးလို့ မရဘူး။ သူတို့ဒီက တကယ်ဒုက္ခသည်မှာနေတဲ့ ဒုက္ခသည်တွေ နေတဲ့လူတွေ သူတို့မှာ ပြန်သင့်လို့ပြန်ရင်၊ သူတို့မှာ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။”

မေး။ ။ ဆိုတော့ ခုလောလောဆယ် အခြေအနေမျိုးမှာ ဒီမြန်မာအစိုးရပဲဖြစ်ဖြစ်၊ KNU ပဲဖြစ်ဖြစ်၊ ထိုင်းအစိုးရပဲဖြစ်ဖြစ်၊ ဆုံးဖြတ်ပြီးတော့ ပြန်ခိုင်းတယ်ဆိုရင် သင့်တော်မှုရှိမလားရှင့်။
ဖြေ။ ။ “ဒုက္ခသည်တွေ မပြန်ချင်ပဲနဲ့ အတင်းပြန်ခိုင်းလို့ရှိရင် ဘယ်လိုပြောမလဲ forced return, forced repatriation ဖြစ်သွားမှာပေါ့။ အဲဒီလိုမျိုး လုပ်ပြီးလို့ရှိရင် မသင့်တော်ဘူးလို့ ကျနော်ထင်တာပဲ။”

ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်းပေါင်း ၉ ခုရှိပြီး ကုလသမဂ္ဂရဲ့ တရားဝင်စာရင်းအရ ဒုက္ခသည် ၁ သိန်း ၂ သောင်းကျော် ရှိနေပါတယ်။ ဒါပေမဲ့လည်း နောက်ထပ် ရောက်လာတဲ့ ဒုက္ခသည်တွေနဲ့ဆို လူဦးရေက ဒီထက်မက ပိုရှိနေတာပါ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရတို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုတွေ လုပ်ခဲ့ပေမဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေတာတွေ ပဋိပက္ခတွေ ရှိနေသေးတဲ့အတွက် ပြည်တွင်းမှာလည်း ဒုက္ခသည်ဦးရေက တိုးနေတာပါ။

နော်ဝေနိုင်ငံအခြေစိုက် ဒုက္ခသည်များကောင်စီရဲ့ အစီရင်ခံစာမှာတော့ ၂၀၁၃ ခုနှစ်အတွင်းမှာ ပြည်တွင်းဒုက္ခသည် ၆ သိန်း ၄ သောင်းကျော်ရှိတယ်လို့ ပြောဆိုထားတာပါ။ မတည်ငြိမ်တဲ့ အခြေအနေအောက်မှာ ကရင်ပြည်နယ်တွင်းက ဒုက္ခသည်တွေကလည်း နေရပ်ရင်းပြန်ပို့ဖို့ကိစ္စကို စိုးရိမ်ပူပန်နေကြပါတယ်။ မဲဆောက်မှာပြုလုပ်တဲ့ ဆွေးနွေးပွဲကတော့ ထိုင်းနိုင်ငံဘက်က နေရပ်ရင်းကို အတင်းအကျပ် ပြန်ပို့မယ်ဆိုတဲ့ သဘောထားတွေတော့ မထုတ်ပြန်သေးပါဘူး။ ဒုက္ခသည်တွေအနေနဲ့ကတော့ ဒီသတင်းကြားပြီးတဲ့နောက်မှာ စိုးရိမ်ပူပန်မှုတွေ ရှိလာတယ်လို့ ကရင်ဒုက္ခသည်ကော်မတီကတော့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေအနေနဲ့ကတော့ အစိုးရမဟုတ်တဲ့ အဖွဲအစည်းတွေနဲ့ နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေ လျော့နည်းလာတဲ့အပေါ်မှာ နယ်စပ်မှာနေထိုင်ရတာတွေနဲ့ စားသောက်ရေးကအစ အခက်အခဲတွေ ရှိလာပြီဖြစ်ပါတယ်။
XS
SM
MD
LG