ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က သမ္မတ ဦးသိန်းစိန်ဟာ ၄ ရက်အတွင်း ဒုတိယအကြိမ် မိန့်ခွန်းတစ်ခု ပြောခဲ့ပါတယ်။ မိန့်ခွန်း တစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် အဲဒီ အချိန်က ဖြစ်ပွားပြီးစ မန္တလေးမြို့က ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုနဲ့ ပါတ်သက်ပြီး အမုန်းတရား ဖြန့်ဖြူးသူ၊ သွေးထိုးလှုံ့ဆော်သူ၊ လက်တွေ့ အကြမ်းဖက်သူတွေကို ဘယ်လို ပြင်းပြင်းထန်ထန် အရေးယူလိုက်မယ်ဆိုပြီး ပြောခဲ့တဲ့ မိန့်ခွန်းပါ။ ဒါပေမယ့် ထူးထူးခြားခြား မိန့်ခွန်းရဲ့ အစ ပိုင်းမှာ မန္တလေး အကြမ်းဖက်မှုနဲ့ မဆိုင်တဲ့ မီဒီယာလောကကို သတိပေး စကား ထည့်သွင်းပြောကြားထားခဲ့လို့ မီဒီယာ သမားတွေကလည်း သမ္မတကြီး ဘယ်လိုများ အရေးယူလာမလဲ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်ခဲ့ကြပါတယ်။
နောက်နေ့မှာတော. ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု MDCF အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက် ဖော်ပြခဲ့တဲ့ ဘိုင်မွန်းတည့်နေ ဂျာနယ် အယ်ဒီတာ သတင်းထောက် (၃) ယောက်နဲ့ ထုတ်ဝေသူရဲ့ ခင်ပွန်းဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဇူလိုင် ၁၀ ရက်နေ့မှာလဲ မကွေးတိုင်း ပေါက်မြို့နယ်က စစ်လက်နက်ပစ္စည်း စက်ရုံကို လျှို့ဝှက်ဓာတ်တု လက်နက် စက်ရုံ ဆိုပြီး ဖော်ပြရေးသားခဲ့တဲ့ ယူနတီဂျာနယ်က စီအီးအိုနဲ့ သတင်းထောက် (၅) ယောက်ကို ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ လျှို့ဝှက် အက်ဥပဒေ ပုဒ်မ ၃/၂၉ နဲ့ ထောင်ဒါဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ ဒါတွေဟာ မတော်တဆ တိုက်ဆိုင်တာတော့ မဟုတ်ဘဲ သမ္မတ မိန့်ခွန်း ပြောအပြီး မိန့်ခွန်းပါအတိုင်း အရေးယူ ဆောင်ရွက်လိုက်တာလို့ ယူဆ နိုင်ပါတယ်။ လွတ်လပ်ခွင့်ရတာ ၂ နှစ်ကျော်လောက်ပဲ ရှိသေးတဲ့ စာနယ်ဇင်းလောက ပြန်ဖိနှိပ်ခံနေရပြီလား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
ဇူလိုင် ၇ ရက် သမ္မတ မိန့်ခွန်းမှာ ဦးသိန်းစိန် က “ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ အဓိကအရေးအကြီးဆုံးဖြစ်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်နဲ့ ရေးသားခွင့်များ ရရှိလာပြီး အရှေ့တောင်အာရှမှာ မီဒီယာလွတ်လပ်မှုအမြင့်မားဆုံး နိုင်ငံများထဲက တစ်နိုင်ငံအဖြစ်ကိုလည်း ရောက်ရှိခဲ့ပါတယ်။ သို့သော်လည်း မီဒီယာလွတ်လပ်မှုကို တိုင်းပြည်အကျိုးဖြစ်စေမယ့် ရေးသားပြောဆိုမှုအစား နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ပေးလာပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားလိုပါသည်။” လို့ ဆိုပါတယ်။
ဒီနေ့အချိန်ထိ မြန်မာနိုင်ငံမှာ ရုပ်သံနဲ့ ရေဒီယို အသံလွှင့်လုပ်ငန်း လုံး၀ လွတ်လပ်ခွင့် မရှိသေးပါဘူး။ အစိုးရနဲ့ စစ်တပ်က အလုံးစုံ ချုပ်ကိုင်ထားပြီး စိတ်ချရတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင် တစ်ချို့ကိုပဲ လုပ်ကိုင်ခွင့်ပြုထားပါတယ်။ ၂၀၁၂ ဇွန်လကစ စာပေစိစစ်ရေး စနစ် ဖျက်သိမ်းပြီး လွတ်လပ်စွာ ရေးသား ပုံနှိပ်ခွင့်ရလာတာ မှန်ပေမယ့် ပုံနှိပ်-ထုတ်ေ၀ ဥပဒေ ပြဌာန်းဖို့ ကြိုးစားတာ အပါအဝင် အာဏာပိုင်တွေဘက်က အမျိုးမျိုး ကန့်သတ် ထိန်းချုပ်ဖို့ ကြိုးစားလာတာကို စာနယ်ဇင်းသမားတွေ တွန်းတွန်းတိုက်တိုက် ရုန်းကန် ဆန့်ကျင် ကြိုးစားပြီးမှ ရလာတာပါ။
အခု ဘိုင်မွန်းတည့်နေ ဂျာနယ်က အယ်ဒီတာ၊ သတင်းထောက် ၃ ယောက်နဲ့ ထုတ်ဝေသူရဲ့ ခင်ပွန်းဖြစ်သူကို ဖမ်းဆီးပြီး ပုဒ်မ ၅ (ဃ)၊ ၅ (ည) တွေနဲ့ အရေးယူ အမှုဖွင့်ထားတယ် ဆိုတာကလည်း မေးစရာ မေးခွန်း အများကြီး ရှိပါတယ်။ အယ်ဒီတာ တွေဟာ လက်ရှိ အကျဉ်းကျနေသူ ကိုထင်ကျော် ခေါင်းဆောင်တဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု MDCF အဖွဲ့ရဲ့ ထုတ်ပြန်ကြေငြာချက်ကို “ ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများအား ကြားဖြတ် အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF ထုတ်ပြန်” ဆိုတဲ့ ခေါင်းစဉ်နဲ့ မျက်နှာဖုံးမှာ ဖော်ပြခဲ့တာကြောင့် အရေးယူခံခဲ့ရတာပါ။ ဒီ သတင်း၊ ဒီအဖွဲ့ရဲ့ ကြေငြာချက်ထဲက စာသားတွေကို ဇူလိုင် ၈ ရက်နေ့ထုတ် ဒေးလီးအလဲဗင်းနဲ့ အခြား သတင်းစာ၊ ဂျာနယ်တွေမှာလည်း ဖော်ပြခဲ့တာကြောင့် သတင်းရေးသား ဖော်ပြမှုကြောင့် ဖမ်းရတာမျိုးလည်း ဟုတ်ပုံမရပါဘူး။ တကယ်လို့ ကြေငြာချက်မှာပါသလို ဘိုင်မွန်းတည့်နေ အယ်ဒီတာတွေက ကြားဖြတ် အစိုးရ ဖွဲ့တယ်ဆိုတဲ့ နိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်ဆိုရင်တော့ ဒီ ပုဒ်မတွေနဲ့ ဖမ်းဆီး အရေးယူတယ် ဆိုတာ သဘာ၀ ကျနိုင်ပါတယ်။ အဲလိုမှ မဟုတ်ပဲ သတင်းရေးသား ဖော်ပြရုံပဲ ဆိုရင်တော့ အလွန်ဆုံး သတင်းမီဒီယာ ဥပဒေနဲ့ပဲ အရေးယူဖို့ လိုပါလိမ့်မယ်။ ခုချိန်ထိတော့ အာဏာပိုင်တွေ ဘာမှ ရှင်းရှင်းလင်းလင်း ပြောဆိုထားတာ မရှိသေးပါဘူး။
ဇူလိုင် ၁၀ ရက် ယူနတီ ဂျာနယ် စီအီးအိုနဲ့ သတင်းထောက်တွေကို ထောင် ၁၀ နှစ်ချတာကတော့ တကယ်ပဲ ဥပဒေအရ မျှမျှတတ ဆောင်ရွက်ခဲ့သလား ဆိုတာ ပိုပြီး သံသယ ဖြစ်စရာ ရှိပါတယ်။ အမှုကို စစ်ဆေးစဉ်တုန်းက တရားခံ အကျိုးဆောင်တွေဘက်က တရားစွဲသူ ဒုဗိုလ်မှူးကြီးကျော်ကျော်ဦးကို ဒီ စက်ရုံကြီးမှာ နိုင်ငံတော် လျှို့ဝှက်ချက်ကိစ္စမျိုး ရှိသလား မေးပါတယ်။ သူက မရှိဘူးလို့ ပြန်ဖြေပါတယ်။ လျို့ဝှက်ချက် မရှိတဲ့အတွက် ဒီ သတင်းဖော်ပြချက်ထဲမှာ လျှို့ဝှက်ချက် ပေါက်ကြားတယ် ဆိုတာမျိုးရော ရှိနိုင်သလား မေးတာကို သူက မရှိနိုင်ကြောင်း ပြောခဲ့ပါတယ်။ ဒီလောက်ဆို ရှင်းပါတယ်။ အဲဒီ တရားစွဲခံရသူ အားလုံး ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ လျှို့ဝှက် အက်ဥပဒေ ပုဒ်မ ၃/၂၉ ကျူးလွန်ကြောင်း ဘယ်လိုမှ ကောက်ချက် မချနိုင်ပါဘူး။ ဖြစ်ခြင်းဖြစ် အရေးအသား မတတ်လို့၊ မမှန်မကန် ရေးလို့ အခြား ပုဒ်မတွေနဲ့ပဲ ငြိစွန်းနိုင်ပါတယ်။ ဒါပေမယ့် သမ္မတ က ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ မိန့်ခွန်းပြောအပြီးမှ ခုလို ထောင် ၁၀ နှစ် ချလိုက်တာကြောင့် တရားသူကြီးဟာ ဒီအမှုကို ဥပဒေနဲ့ အညီ လွတ်လွတ်လပ်လပ် စီရင်ဆုံးဖြတ်ခဲ့တယ်ဆိုပြီး ဘယ်လိုမှ လက်ခံလို့ မရနိုင်တော့ပါဘူး။
ပြောရရင် မြန်မာနိုင်ငံမှာ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာပြီး နှစ်နှစ်ကျော် ကာလ အတွင်း သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း နဲ့ လုံးချင်း စာအုပ်တွေဟာ အာဏာပိုင်တွေကို ဝေဖန်ထောက်ပြတဲ့ သတင်း၊ သတင်းဆောင်းပါးနဲ့ စာပေတွေ အများကြီး ရေးသား ထုတ်ဝေခဲ့ကြပါတယ်။ အထူးသဖြင့် အစိုးရအဖွဲ့အပေါ် ဝေဖန်တာတွေ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ဒါကို အရေးယူလိုက်ရင် မီဒီယာကို ဖိနှိပ်တဲ့ အစိုးရဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက ကဲ့ရဲ့ ပြစ်တင် ရှုတ်ချမှာကို စိုးရိမ်ပုံရပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်း အကြမ်းဖက်မှု ဖြစ်ပွားတဲ့ကိစ္စ အပါအဝင် အစိုးရရဲ့ တာဝန်ရှိမှုကို ဝေဖန်ထောက်ပြတာ ပြင်းထန် များပြားလာတဲ့အတွက် သည်းမခံတော့ပဲ သတင်းစာ ဂျာနယ်တိုက် တာဝန်ရှိသူတွေကို ရဲသတင်းတပ်ဖွဲ့က ခေါ်ယူ စစ်ဆေးတာ အပါအဝင် ခုလို ဖမ်းဆီး၊ နှစ်ရှည်ထောင်ဒါဏ်တွေချ ခြိမ်းခြောက်ဖို့ လုပ်လာတာလို့ ယူဆ နိုင်ပါတယ်။ အရင် အာဏာရှင်ခေတ်က အတိုင်း စာနယ်ဇင်း လွတ်လပ်ခွင့်ကို ခုလို မတရား ဖိနှိပ်ချုပ်ခြယ်တာတွေ လုပ်လာရင် ပြည်တွင်း စာနယ်ဇင်း သမားတွေရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်တုန့်ပြန်မှုကို ခံရမယ့်အပြင် နိုင်ငံတကာ မိသားစုရဲ့ ရှုံချကဲ့ရဲ့ ပြစ်တင်တာကိုပါ ခံရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။