သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကယ်ပြသနာ သမ္မတကြီးကိုယ်တိုင် ကိုင်တွယ်တော့မှာလား


မော်တော်ဆိုင်ကယ်လ် တင်သွင်းခွင့် ပါမစ်
မော်တော်ဆိုင်ကယ်လ် တင်သွင်းခွင့် ပါမစ်

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က သမ္မတ ဦးသိန်းစိန်ဟာ လွှတ်တော်ကို ထူးဆန်းတဲ့ သဝဏ်လွှာ တစ်စောင် ပေးပို့ပါတယ်။ သဝဏ်လွှာမှာ ဖော်ပြထားတာကတော့ အစိုးရအနေနဲ့ တရားမဝင် အခွန်မဆောင်ပဲ ခိုးသွင်းလာတဲ့ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို အချိန်တိတိကျကျ ကြေငြာပြီး မှတ်ပုံတင်ပေးခဲ့ပြီဖြစ်တဲ့အကြောင်း၊ ဒီအတွက် မှတ်ပုံတင်ခြင်း မရှိတဲ့ ဆိုင်ကယ်တွေကို ဥပဒေနဲ့အညီ ဖမ်းဆီးအရေးယူသွားတော့မယ် ဆိုတာ လွှတ်တော်ကို အသိပေးတဲ့အကြောင်း ဖော်ပြထားပါတယ်။ လိုင်စင်မဲ့ ဆိုင်ကယ် ဖမ်းမယ့် ကိစ္စ သမ္မတက လွှတ်တော်ကို သဝဏ်လွှာပေးပို့ရလောက်အောင် အရေးကြီးသလား၊ အဲဒီ ကိစ္စ ဘာအဓိပ္ပါယ် ဆောင်သလဲ၊ အစိုးရက လိုင်စင်မဲ့ ဆိုင်ကယ်တွေ ဖမ်းမယ် ဆိုတဲ့ ကိစ္စ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ ဆွေးနွေးတင်ပြသွားပါ့မယ်။

သဝဏ်လွှာမှာ အခုနောက်ဆုံး အသုတ်လို့ဆိုတဲ့ လိုင်စင်မဲ့ ဆိုင်ကယ်တွေ မှတ်ပုံတင်ပေးခဲ့မှု အခြေအနေကိုလည်း ဖော်ပြထားပါတယ်။ ရုံးဖွင့်ရက် စုစုပေါင်း ရက် ၉၀ အတွင်း လိုင်စင်မဲ့ ဆိုင်ကယ် အစီးရေ လေးသိန်းခွဲကျော် မှတ်ပုံတင်ပေးခဲ့ပြီး အခွန်ငွေ ကျပ် ဘီလျံ ၃၀ ကျော်ရခဲ့တယ်လို့ ဆိုပါတယ်။ ဆိုင်ကယ် တစ်စီးချင်းစီကနေ ပျမ်းမျှ အခွန် ကျပ် ၆ သောင်းခွဲကျော် ကောက်ခံရခဲ့တဲ့ သဘောပါ။ အဓိပ္ပါယ်ကတော့ ပြည်တွင်းကို ခိုးသွင်းလာတဲ့ ဆိုင်ကယ် အစီးရေ ၄ သိန်းခွဲလောက်ကို တရားဝင်ဖြစ်အောင် လိုင်စင်တွေ လုပ်ပေးလိုက်တာပါ။ ဒီအတိုင်းပါပဲ၊ ရှေ့ပိုင်းကာလတုန်းကလည်း အစိုးရဟာ ခုလိုပဲ သန်းနဲ့ချီရှိတဲ့ ခိုးသွင်းလာတဲ့ ဆိုင်ကယ်တွေကို အကြိမ်ကြိမ် လိုင်စင်လုပ်ပေးခဲ့ဖူး့ပါသေးတယ်။ လက်ရှိ မြန်မာတစ်ပြည်လုံးမှာ ရှိနေတဲ့ ဆိုင်ကယ်အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ ခိုးသွင်းလာတဲ့ Without ဆိုင်ကယ်တွေကို လိုင်စင်လုပ်ပေးထားတာတွေပါ။ ဒီကိစ္စ ထူးဆန်းနေပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရသလဲ ဆက်လေ့လာစူးစမ်းကြည့်ရအောင်ပါ။

အဓိက အကြောင်းရင်းက အစိုးရဆီမှာ ဆိုင်ကယ် တင်သွင်းခွင့်နဲ့ ပါတ်သက်ပြီး လက်တွေ့ကျတဲ့ တိကျတဲ့ သွင်းကုန် မူဝါဒ ရှိမထားလို့ပါ။ ဒီလို တိကျတဲ့ မူဝါဒ ရှိမထားတဲ့အခါ ပြည်တွင်းကို ဆိုင်ကယ် တင်သွင်းခွင့် ပိတ်ပင်ထားတဲ့ သဘောလို ဖြစ်နေပါတယ်။ ပြည်သူ တစ်ဦးချင်း အနေနဲ့လည်း ထိုင်းနဲ့ တရုတ်နယ်စပ်သွားပြီး တစ်ဖက်နိုင်ငံက ဝယ်လာတဲ့ ဆိုင်ကယ်တွေကို ဝယ်လာပြီး တရားဝင် အခွန်ဆောင် တင်သွင်းခွင့် မရှိသေးပါဘူး။ အခြားတစ်ဖက်မှာလည်း ပြည်တွင်းမှာ ဆိုင်ကယ်လိုအပ်ချက်က တစ်နေ့တခြား များပြားလာနေတာ ဖြစ်ပါတယ်။ ဒီအတွက် ပြည်ပတင်သွင်းဖို့ တိကျတဲ့ မူဝါဒလည်း မရှိ၊ ပြည်တွင်းမှာ ဝယ်ယူနိုင်မယ့် ဈေးနှုန်းမှန် ပစ္စည်းမှန်တဲ့ အရောင်းဆိုင်တွေကလည်း မရှိ၊ ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်တဲ့ စက်ရုံတစ်ချို့ကလည်း ပြည်ပက တင်သွင်းတဲ့ နှုန်းထားထက် ဈေးသက်သာအောင် ထုတ်လုပ်နိုင်ခြင်း မရှိ၊ စတဲ့ အခြေအနေအောက်မှာ ဆိုင်ကယ် တရားမဝင် မှောင်ခို တင်သွင်းမှုကြီး ထွန်းကားလာပါတော့တယ်။

နောက်တစ်ချက်က နယ်စပ်ကနေ ပြည်တွင်းကို လာရာလမ်းက အစိုးရ အာဏာပိုင် အဆင့်ဆင့် အဂတိလိုက်စားနေမှုပါ။ သူတို့ကြောင့်လည်း ဆိုင်ကယ် မှောင်ခိုတင်သွင်းတဲ့ လုပ်ငန်း ကြီးမား ကျယ်ပြန့်နေတာပါ။ ဒီလို များများစားစား ခိုးသွင်းလာ၊ လိုင်စင်မဲ့ ဆိုင်ကယ် အရည်အတွက် အများအပြား အသုံးပြုလာတဲ့အခါ ဖမ်းဆီးဖို့ ခက်ခဲလာပါတယ်။ ဒီလိုနည်းနဲ့ Without တွေ များလာ၊ အစိုးရက လိုင်စင်လုပ်ပေးလိုက် ဆိုတဲ့နည်းနဲ့ သံသရာလည်နေတာပါ။ အခုတစ်ကြိမ်ကတော့ သမ္မတ ကိုယ်တိုင်က ဖမ်းတော့မယ်ဆိုပြီး လွှတ်တော်ကို သဝဏ်လွှာပို့သည်အထိ ပြင်ဆင်လာတာ တွေ့ရပါတယ်။

ဒီနေရာမှာ မေးစရာ မေးခွန်းက ပြည်တွင်းမှာ တစ်နေ့တစ်ခြား များပြားလာတဲ့ ဆိုင်ကယ် လိုအပ်ချက် ဘယ်လို ဖြည့်တင်းနိုင်မလဲ ဆိုတာပါ။ အရင် စစ်အစိုးရနဲ့ နီးစပ်သူတစ်ချို့ လုပ်ပိုင်ခွင့်ရထားတဲ့ ဆိုင်ကယ် တပ်ဆင်စက်ရုံ တစ်ချို့ရှိပေမယ့် ထုတ်လုပ်နိုင်တဲ့ အရည်အတွက် နည်းသလို၊ နယ်စပ်က သွင်းလာတဲ့ ဆိုင်ကယ်တွေ ထက် ဈေးမြင့်နေလို့ ပြည်သူတွေက မကြိုက် မနှစ်သက်ပါဘူး။ ပြည်တွင်းက တစ်ချို့မြို့တွေမှာ အရောင်းပြခန်းတွေ ရှိနေပေမယ့်လည်း အရည်အတွက် နည်းနည်းလောက်ပဲ တင်သွင်းနိုင်ပါသေးတယ်။ လက်ရှိ လိုင်စင် လုပ်ပြီးသား ဆိုင်ကယ်တွေကိုပဲ အဲဒီ အရောင်းပြခန်းတွေမှာ ရောင်းချခွင့်ပေးမယ် ဆိုတာကြောင့် အရောင်းပြခန်းပိုင်ရှင် တစ်ချို့ အခက်အခဲ ဖြစ်နေတဲ့ အချိန်လည်း ဖြစ်နေပါတယ်။

ဒီလို လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် သွင်းကုန် မူဝါဒ တစ်ရပ် မရှိသေးရင်တော့ မှောင်ခို တင်သွင်းကြဦးမှာ ဖြစ်ပါတယ်။ တကယ့်တကယ် တာဝန်ရှိသူတွေ အဂတိ လိုက်စားကြတဲ့အခါ လိုင်စင်မဲ့ ဆိုင်ကယ်တွေ နယ်စပ်ကို ဖြတ်ကျော်ပြီး ပြည်တွင်း ရောက်လာပါဦးမယ်။ နောက်ထပ် အရေးကြီးတာ တစ်ခုက လိုင်စင်မဲ့ ဆိုင်ကယ်တွေ ဖမ်းဆီးရင် သူတို့ဆိုင်ကယ် ဆုံးရှုံးမှာကို မကျေနပ်တဲ့ ပြည်သူတွေက ခုခံကြမယ့် ပြသနာပါ။ ဆင်းရဲတဲ့ပြည်သူတွေအတွက် ဆိုင်ကယ်တစ်စီး တန်ဖိုးဟာ သူတို့အတွက် အလွန်များပြားလှတဲ့ ငွေပမာဏ ဖြစ်ပါတယ်။ အခုနှစ်ထဲမှာပဲ လိုင်စင်မဲ့ ဆိုင်ကယ် ဖမ်းဆီးတဲ့ ယာဉ်ထိန်းရဲတွေကို ဖမ်းဆီးခံရတဲ့ ပြည်သူတွေက တိုက်ခိုက်ရန်ရှာတာမျိုးတွေ ကြုံကြရပါတယ်။ သမ္မတ နဲ့ အစိုးရအဖွဲ့ပြောသလို တကယ် ဖမ်းဆီးမယ်ဆိုရင် အဲလို ခုခံတိုက်ခိုက်မှု ပြသနာမျိုး အကြီးအကျယ် ကြုံရဖွယ်ရှိနေပါတယ်။

လက်တွေ့မှာလည်း တစ်ချို့ ပြည်နယ်နဲ့ တိုင်းတွေမှာ ဆိုင်ကယ်ကို အသာထားလို့ လိုင်စင်မဲ့ ကားလိုမျိုးကိုတောင် အစိုးရက ထိထိရောက်ရောက် အရေးယူ ဖမ်းဆီးနိုင်သေးတာ မဟုတ်ပါဘူး။ အထူးသဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ထဲမှာ ဖြစ်ပါတယ်။ ဒီကိစ္စ ပြေလည်ရေးအတွက် အရေးတကြီး ဖြေရှင်းပေးရမှာက ဆိုင်ကယ်ကို တရားဝင် တင်သွင်းခွင့်ပေးပြီး လက်ရှိ လိုင်စင်လုပ်ပေးလိုက်တဲ့ နှုန်းထားအတိုင်း အခွန်ကောက်ခံပြီး မှတ်ပုံတင် လုပ်ပေးဖို့ပါ။ ဆိုင်ကယ် အများစု နယ်စပ်ကနေ သွင်းလာတာကြောင့် တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်တွေကနေ ပြည်သူ တစ်ဦးချင်းစီကို ဆိုင်ကယ် တရားဝင် တင်သွင်းခွင့်ပေး၊ ပြည်တွင်းရောက်တာနဲ့ တရားဝင် လိုင်စင် လုပ်ပေးဖို့ လိုပါတယ်။ ဒီလိုနည်းနဲ့ ဆိုင်ကယ်ကို လွယ်လွယ်ကူကူ တင်သွင်းခွင့်ပေးထားပြီ ဖြစ်တဲ့အကြောင်းလည်း ပြည်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးဖို့ လိုပါတယ်။

မှန်ကန်တဲ့ တင်သွင်းခွင့် မူဝါဒ ချမှတ်ပေးပြီးတဲ့အခါ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ရေး ဖြစ်ပါတယ်။ အစိုးရဝန်ထမ်းတွေ အဂတိ လိုက်စားမှု ကင်းဖို့ လိုပါတယ်။ ပြည်တွင်းမှာ ဖမ်းဆီးရမယ့် ဆိုင်ကယ် အရေအတွက် အလွန်များနေသေးရင် ဖမ်းဆီးပြီး တစ်ခါတည်း နိုင်ငံပိုင်အဖြစ် သိမ်းမလား၊ ဒါဏ်ငွေဆောင်ခိုင်းပြီး မှတ်ပုံတင် လုပ်ခိုင်းမလား စဉ်းစားဖို့ လိုပါတယ်။ ဒီလို မှန်ကန်တဲ့ သွင်းကုန်မူဝါဒ၊ မှန်ကန်တဲ့ အရေးယူရေး စနစ်၊ အာဏာပိုင်တွေရဲ့ မှန်ကန်တဲ့ ကိုင်တွယ်မှုသာ မရှိခဲ့ရင် သမ္မတ ရဲ့ လိုင်စင်မဲ့ ဆိုင်ကယ် ဖမ်းဆီးရေး အခက်အခဲ တွေ့နိုင်ပြီး လူမှုရေးပြသနာ တစ်ခုအဖြစ် ဦးတည်သွားနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG