သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝေဖန်မှုတွေကြုံနေရတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း


ရန်ကုန်မြို့လည်မြင်ကွင်း ညရူ့ခင်း။
ရန်ကုန်မြို့လည်မြင်ကွင်း ညရူ့ခင်း။

မြန်မာနိုင်ငံက စီးပွါးရေး အချက်အချာကျတဲ့ ရန်ကုန်မြို့ကိုတိုးချဲ့ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကြေညာလိုက်တဲ့အတွက် အခြေအတင်ဖြစ် စရာတွေ ထွက်ပေါ်လာခဲ့ပါတယ်။ စီမံကိန်းသစ် ကို အိမ်ခြံမြေ လုပ်ငန်းရှင်တွေ အပါအဝင် စီးပွားရေး အသိုင်းအဝိုင်းက ကြိုဆိုခဲ့ကြပေမယ့် အကုန်အကျများ လွန်းတယ်လို့ ဝေဖန်ခဲ့ကြသူတွေ ပွင့်လင်းမြင်သာမှု ရှိပါ့မလားလို့ ဆိုတဲ့ သံသယ အမြင်နဲ့ ကြည့်သူတွေလည်းရှိနေတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်ရဲမောင်မောင်က ပြောပြမှာပါ။

ရန်ကုန်မြို့ရဲ့ အနောက်ဘက် ပန်းလှိုင်မြစ်နဲ့ တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နဲ့ လှိုင်သာယာ တွံတေး ကားလမ်းကြားက မြေဧက ၃ သောင်းဝန်းကျင်ပေါ်မှာ မြို့သစ် တိုးချဲ့မယ့် အစီအစဉ်ကို ပြီးခဲ့တဲ့ သတင်းတစ်ပါတ်က ကျင်းပခဲ့တဲ့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးအတွင်းမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ကိုယ်စား မြို့တော်ဝန်ဦးလှမြင့်က ရန်ကုန်တိုင်း လွှတ်တော်တွင်း အစီအရင် ခံအပြီး မှာပဲ ဒီစီမံကိန်းကိစ္စ ဟာ အတော်လေး ရန်ကုန်မြို့ပေါ်မှာ လှုပ်လှုပ်ခတ်ခတ်ဖြစ် လာခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်း ကတော့ ကျပ်ငွေ ဘီလျံ ၇၀၀၀ လောက် ကုန်ကျခံသုံးစွဲမယ့် ရန်ကုန်မြို့သစ် စီမံကိန်းကို အလေးအနက်ထား ပြန်ပြီးတော့ စဉ်းစားဖို့ လိုမယ်လို့ ဒီကနေ့မှာ ဗွီအိုအေ ကို ပြောဆိုပါတယ်။

"ပူနေတာတွေတော့ရှိပါတယ်။ အထူးသဖြင့်ကျမတို့ ဒီနေရာကပေါ့ ကျမတို့ဘာကို သတိရသလဲဆိုတော့ ဒီနေရာကို အခြေပြုပြီးတော့ ပြီးခဲ့တဲ့ ၁၉၉၄ နဲ့ ၁၉၉၇ ကြားထဲမှာ အာရှနိုင်ငံတစ်ချို့ဆိုးဆိုးဝါးဝါးကြုံတွေ့ခဲ့ရတဲ့ Financial Crisis လေ Financial Crisis လိုမျိုး ဒီနေရာကိုအခြေခံပြီးဖြစ်သွားမှာကိုလည်း ကျမ အရမ်းကို စိုးရိမ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီစီမံကိန်းမှာ ပါဝင်မယ့် ကုမ္မဏီတွေ အနေနဲ့ကော နိုင်ငံတော်အစိုးရ တာဝန်ရှိသူများအနေနဲ့ရော ပညာရှင်တွေ အနေနဲ့ရော ဒီစီမံကိန်းကို ပြန်လည်သုံးသပ်ကြပါအုန်းလို့ ကျမအနေနဲ့ ပြောချင်ပါတယ်"

စီမံကိန်းကို အစောပိုင်းကာလ က မြန်မာ့စေတနာ မြို့သစ် အများပိုင်ကုမ္ပဏီက တာဝန်ယူ အကောင်အထည် ဖော်မယ် ဆိုတဲ့ အချက်အပေါ်မှာ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီးတော့ အပြင်းအထန် ဝေဖန်မှု တွေလည်း ရှိလာတာဖြစ်ပါတယ်။

ဒီအချက်အပေါ်မှာ ဒေါ်ညိုညိုသင်းက လက်ရှိ ကျင်းပနေဆဲ လွှတ်တော် အစည်းအဝေးတွေအတွင်းမှာ ထောက်ပြခဲ့ပြီးချိန်မှာပဲ သြဂုတ်လ ၂၈ ရက်နေ့မှာတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ဒီ ရန်ုကန်မြို့သစ်စီမံကိန်းကို တည်ဆောက်မယ့် သူတွေ ကို ပြန်ပြီးတော့ တင်ဒါခေါ်မယ်လို့ ကြေညာခဲ့ပါတယ်။ လက်ရှိ ရန်ကုန်မြို့ အနေအထားအရ လူနေထူထပ် များပြားလာတာ၊ လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်း ပမာဏ ကြီးမား လာတာ၊ မြေနေရာ ရှားလို့ မြေဈေးတွေ ခေါင်ခိုက် လာတာ စတဲ့ အချက်တွေနဲ့ကြည့်ရင် ရန်ကုန်မြို့သစ် စီမံကိန်းတစ်ခု လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒီမြို့သစ် စီမံကိန်း အကောင်အထည် ဖော်မယ့်နေရာမှာ အစိုးရ လိုလားတယ် ဆိုတဲ့ အိမ်ရာ အသစ်တွေ ပေါ်ပေါက်ရေးထက် လုပ်ငန်းရှင်တွေ ပဲ အမြတ်ထုတ်သွားမယ့် အနေအထား မဖြစ်အောင်တော့ ဂရုစိုက်ဖို့ လိုမယ်လို့ မြို့ပြရေးရာ ကျွမ်းသူလည်း ဖြစ်၊ ကိုယ်တိုင်လည်း မြို့ပြ အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ ဦးသော်ဇင်ထွန်းက ပြောပါတယ်။

"ကုမ္မဏီတော်တော်များများ သူဌေးတွေကလည်း Project ရှိရင် ငွေလုပ်စက်ဖြစ် သလို သူတို့က အဲလိုဖြစ်နေကြတယ်။ အဲဒီတော့ တန်ဖိုးနည်း အိမ်ယာ တန်ဖိုးနည်း အိမ်ယာ ဆိုပြီး အိမ်ဈေးတွေကြီးနေတာ အိမ်ခမ်းတွေ ရှားပါးနေတာကို ဖြေရှင်းဖို့ အစိုးရက ကြိုးစားတယ်ဆိုပေမယ့်လည်း အစိုးရရဲ့ ရည်ရွယ်ချက်က အကောင်အထည် မဖော်ဘဲနဲ့ ပိုက်ဆံရှိတဲ့လူတွေပဲ ထပ်ရှိသွား တယ်။ မြေဈေးယာဈေးတွေ ကဖောင်းပွမှု အဲဒါမျိုးတွေ ဖြစ်ကုန်တာ"

စီမံကိန်းကို အကောင်အထည် ဖော်တာကို ရန်ကုန် တိုင်း ဒေသကြီး အစိုးရ အနေနဲ့ အစောပိုင်းကာလတွေတုန်းက လျို့ဝှက်ပြီး လုပ်ခဲ့ရာကနေ အများဝေဖန်မှုတွေ ကြီးထွားလာချိန်မှာ အခုလို တင်ဒါခေါ်ပြီးလုပ်မယ်ဆိုတဲ့ အချက်ကို ပြည်တွင်း စီပွားရေး လုပ်ငန်းရှင် အတော်များများကလည်း ကြိုဆိုလာကြပါတယ်။

ယာဉ်ကြောပိတ်ဆိုမှု တွေ တစ်နေ့တစ်ခြား ဆိုးလာတဲ့ ရန်ကုန်ကို အခုလို မြို့ကွက် ခွဲထုတ်မယ့် အရေးကို ကြိုဆိုတယ်လို့ ပြည်တွင်းက စီးပွားရေးလုပ်ငန်း ရှင်ကြီး တစ်ဦး ဖြစ်တဲ့ ဦးနှင်းဦး ကပြောပါတယ်။

"ကျနော်တို့ကတော့ Support လုပ်တယ်ဗျ။ ကျနော့်အနေနဲ့ Support လုပ်တယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မြို့မှာ ကားကြပ်တဲ့ ပြသနာက တော်တော်နဲ့ ရှင်းဖို့မလွယ်ဘူး။ အဲဒီတော့ ကျနော်သဘောထား အကြံပေးဆိုရင်တော့ အဲဒီမြို့က အစောကြီးပေါ်ရမှာ။ အဲဒီဖက်ကနေ"

စီမံကိန်းထဲမှာ မြို့ပြ အခြေခံ အဆောက်အဦတွေ အပါအဝင် ၆ လမ်းသွား မြစ်ကူးတံတား ၅ စင်းပါမယ် လို့ ဆိုထားသလို လုပ်ဆောင်ရမယ့် အတိုင်းအတာ ကလည်း များတဲ့ အတွက် ဒီစီမံကိန်း အကောင်အထည် ပေါ်လာဖို့ဟာ အချိန် ၂ နှစ်လောက်ယူဖို့ ရှိပြီး ဘယ်လို မြေတွေ အလုပ်ဖြစ်မလဲ ဆိုတာကတော့ ၂၀၁၅ နှစ်လယ် လောက်မှ အဖြေပေါ်မယ်လို့ အိမ်ခြံမြေ လုပ်ငန်းရှင် အသင်းက အမှု ဆောင်တစ်ဦးလည်း ဖြစ်၊ မဏ္ဍိုင်အိမ်ခြံမြေ လုပ်ငန်းရဲ့ မန်နေဂျင်းဒါရိုက်တာ တစ်ဦး လည်း ဖြစ်တဲ့ ဦးသန်းဦး က သုံးသပ်ပါတယ်။

"အိမ်ယာတွေပေါ်လာမယ့် ကိစ္စက ဒါ ဝမ်းပမ်းတသာ လက်ခံရမှာပါ။ အရှုပ် အရှင်းကင်းကင်းနဲ့ မြန်မြန်ပေါ်ဖို့ကိုပဲ ကိုယ်ကတော့ ဆုတောင်းရမှာပေါ့။ ဒါကတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေလုပ်ကြပါလိမ့်မယ်လေ။ Gradually ပေါ်လာမယ် ဆိုရင်တောင်မှ ၂၀၁၅ နှစ်လည် နဲ့ ၂၀၁၆ လောက်မှ ဒါက အကောင်အထည်ပေါ်လာမှာပါ။ ဈေးကွက်ကတော့ ၂၀၁၅ နှစ်လည်လောက် ဆိုရင် မြေယာအမျိုးအစားတွေ အတန်းအစားခွဲပြီး သိမ်းပြီးလို့ အိမ်ယာ ကွက်တွေဖော်ပြီဆိုရင်တော့ ဈေးကွက်ကတော့ တက်လာမှာပဲလေ။ မြို့တော်ကြီး တခုဖြစ်လာမယ်။ သို့သော်လည်းပဲ အများသူငါနေဖို့အတွက် အိမ်ယာတွေဖော်ဖို့ ဆိုတာ အနည်း ဆုံး (၂)နှစ် လောက်တော့ကြာအုန်းမှာပါ"

လက်ရှိ အချိန်မှာတော့ မြိုသစ် စီမံကိန်း အကောင်အထည်ဖော်မယ့် နေရာမှာတော့ လက်ရှိ အချိန်မှာ မြေအရောင်းအဝယ်တွေ အလုပ်ဖြစ်သလို ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေ ဈေးကွက် စိတ်ဝင်စားမှု အများဆုံးနေရာဟာလည်း စီမံကိန်း တည်ဆောက်မယ့် နေရာနားမှာ ဖြစ်နေတယ်လို့ မြေရောင်းမြေဝယ် လုပ်ဆောင်နေသူတွေကလည်း အတည်ပြုပြောဆိုပါတယ်။

XS
SM
MD
LG