သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အလုပ်ဖြစ်ရဲ့လား


ဖွဲ့စည်း တာဝန်ပေးခဲ့ပြီးတာ ၆ လပြည့်ပြီဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ချက် တစ်ရပ် ကြေငြာပါတယ်။ အဲဒီ သတင်းထုတ်ပြန်ချက်ထဲမှာ ၆ လ အတွင်း သူတို့ဆီ ရောက်လာတဲ့ တိုင်စာ အရေအတွက်၊ အမျိုးအစားနဲ့ သူတို့ အရေးယူ ဆောင်ရွက် ပြီးခဲ့တဲ့ အရေအတွက် စတာတွေ ဖော်ပြထားပါတယ်။ ဒီ ကော်မရှင် စတင်ဖွဲ့စည်းစဉ် ကာလတုန်းက သတင်းမီဒီယာတွေကရော ပြည်သူလူထု အများစုကြီးကပါ အလုပ်ဖြစ်မယ့် ကော်မရှင် မဖြစ်နိုင်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။ အခု ၆ လတာ လုပ်ကိုင်ဆောင်ရွက်ချက်တွေကို ကြည့်ရင် ဒီ ကော်မရှင်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် တကယ်စိတ်ချယုံကြည်ရတဲ့ အဖွဲ့အစည်းအဖြစ် တွေ့မြင်ရပါပြီလား ဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

သတင်းထုတ်ပြန်ချက်အရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် သက်တမ်း ၆ လ အတွင်း ၂၀၁၄ မတ်လ ၁၂ ရက်နေ့ကနေ သြဂုတ်လ ၂၁ ရက်နေ့အထိ တိုင်ကြားစာ စုစုပေါင်း ၅၃၃ စောင်ရခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ အစောင် ၅၀၀ ကျော်ထဲမှာ သတ်မှတ်ချက်နဲ့ ကိုက်ညီတာ ၃ စောင်ပဲ ပါဝင်ပြီး စုံစမ်းစစ်ဆေး တရားစွဲဆိုနေပြီ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီအချက်ကို ကြည့်ရင် ကော်မရှင်က အရေးယူနိုင်တာ တိုင်စာအရေအတွက်ရဲ့ ၁ ရာခိုင်နှုန်းတောင် မရှိပါဘူးဆိုတာ တွေ့မြင်နိုင်ပါတယ်။ ဝ ဒသမ ၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အလွန်နည်းတဲ့ အရေအတွက်ပါ။ သတင်းထုတ်ပြန်ချက်ထဲမှာ ကျန်တဲ့ တိုင်စာ အားလုံးနီးပါးလောက်ကို ဘာကြောင့် အရေးယူ ဆောင်ရွက်ခြင်း မလုပ်ရတာလဲ ဆိုတာ ရှင်းထားပါသေးတယ်။

တိုက်ရိုက် လင့်ခ်

ကော်မရှင်က တိုင်စာတွေကို စိစစ်တဲ့အခါ တစ်ချို့ဟာ အဓိက ကျတဲ့၊ ခိုင်လုံတဲ့ အထောက်အထား၊ အရေးကြီးတဲ့ သက်သေခံချက်တွေ မပါတာ၊ တိုင်ကြားသူရဲ့ နာမည်၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ၊ ဆက်သွယ်ဖို့ လိပ်စာ ဖုန်းနံပါတ်တွေ မပါတဲ့ ပစ်စာသဘော ဖြစ်နေတာ၊ တစ်ချို့ကိစ္စတွေကတော့ တရားရုံးမှာ တရားစွဲဆို ဖြေရှင်းရမှာတွေ၊ တစ်ချို့က ပုဂ္ဂိုလ်ရေး ငွေပေးငွေယူ ကိစ္စအပေါ် မကျေနပ်လို့ တိုင်တာတွေ၊ တစ်ချို့ ဌာနဆိုင်ရာ က အရေးယူထားပြီး ဖြစ်ပေမယ့် ထောင်ဒဏ်မချတာကို မကျေနပ်လို့ တိုင်တာ၊ တစ်ချို့ဟာ သက်ဆိုင်ရာ ဝန်ကြီးဌာန နဲ့ ပြည်နယ်/တိုင်း အစိုးရအဖွဲ့တွေက ဖြေရှင်းပေးရမယ့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေ ဖြစ်နေတာကြောင့် လို့ ရှင်းလင်းထားပါတယ်။ ပြောရရင် ပြည်သူတွေဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆီ ဘယ်လို ကိစ္စတွေ တိုင်ရမယ်၊ ဘယ်နည်းဘယ်ပုံ တိုင်ရမယ် ဆိုတာ မသိကြဘူး ဆိုတဲ့ သဘော သက်ရောက်ပါတယ်။

တိုင်ကြားစာတွေနဲ့ ပါတ်သက်ပြီးတော့လည်း သတင်းထုတ်ပြန်ချက်မှာ အမျိုးအစား ခွဲခြားပြထားပါသေးတယ်။ အများဆုံးဟာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကို မကျေနပ်လို့ တိုင်တာဖြစ်ပြီး စောင်ရေ ၂၄၀ လောက်ရှိပါတယ်။ ဒုတိယ အများဆုံးကတော့ မြေယာကိစ္စဖြစ်ပြီး တတိယ တရားစီရင်ရေးကိုတိုင်တာ အစောင် (၁၀၀) နီးပါး ရှိတယ်လို့ ဖော်ပြထားပါတယ်။ သက်ဆိုင်ရာ ကော်မရှင် တာဝန်ရှိသူ ရှင်းပြချက်အရ လက်ရှိ အရေးယူထားတယ် ဆိုတဲ့ အမှု (၃)မှုမှာ တရားစီရင်ရေးက နှစ်မှုဖြစ်ပြီး ကျန်တစ်မှုကိုတော့ သတင်းမထုတ်ပြန်သေးပါဘူး။

ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက် တစ်ခုလုံးကို ခြုံငုံသုံးသပ်ရင် ကျေနပ်အားရစရာ လုံး၀ မရှိပါဘူး။ မြန်မာနိုင်ငံလို အဂတိလိုက်စားမှု ပြသနာကြီးမားနေတဲ့ နိုင်ငံတစ်နိုင်ငံအတွက် ၆ လတာ ကာလအတွက် အမှုသေးလေး (၃) မှုလောက်ကိုပဲ ဖော်ထုတ်နိုင်ပြီး ကျန်တာတွေ ဘာမှ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိဘူး ဆိုတာဟာ ကော်မရှင် အလုပ်မဖြစ်ဘူးဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်နေပါတယ်။ ဒါဟာ ကော်မရှင် ဖွဲ့စည်းပုံ၊ ကော်မရှင် အလုပ်လုပ်ဖို့ ပြဌာန်းထားတဲ့ ဥပဒေရဲ့ ချို့ယွင်းအားနည်းချက်လို့လည်း ပြောနိုင်ပါတယ်။

ဥပဒေအရ ကော်မရှင်ဥက္ကဠကို သမ္မတ က ခန့်ရပါတယ်။ အခြားသော ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဠ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဥက္ကဠ တွေလိုပဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဠ အဖြစ် သမ္မတ ဦးသိန်းစိန်ဟာ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်ကိုပဲ ခန့်ထားခဲ့ပါတယ်။ ဒါဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေ လွှမ်းမိုးထားတဲ့ အစိုးရ အုပ်ချုပ်ရေးယန္တယားကို ဘယ်လောက် လွှမ်းမိုးနိုင်မလဲ ဆိုတာ နဂိုကတည်းက ပြည်သူတွေ မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။ နောက်ပြဿနာ တစ်ခုက ကော်မရှင် လုပ်ထုံးလုပ်နည်းပါ။ ကော်မရှင်ဟာ တိုင်ကြားစာကို ခြေပြုပြီး အလုပ်လုပ်တယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။ တိုင်ကြားစာ ဆိုရာမှာ ရိုးရိုးတိုင်ကြားစာမျိုး လက်မခံပါဘူး။ တိကျတဲ့

သက်သေအထောက်အထား ခိုင်လုံတဲ့ တိုင်ကြားစာမျိုး ဖြစ်ရမယ် လို့ ဆိုပါတယ်။

ဒါနဲ့ ပတ်သက်ရင် ရှေ့တန်းမှာ တိုင်းရင်းသူလေးတွေ အစိုးရ စစ်သားတွေရဲ့ အားဓမ္မပြုကျင့်ခံရရင် သွားပြီး တိုင်ရတဲ့ အဖြစ်မျိုးနဲ့ ခပ်ဆင်ဆင် တူပါတယ်။ သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့ အရာရှိတွေက လာတိုင်သူ ကာယကံရှင်၊ ဒါမှမဟုတ် ဆွေမျိုးသားချင်းတွေကို အဓမ္မ ပြုကျင့်သူ ဘယ်သူလဲ၊ နာမည် ဘယ်လိုခေါ်လဲ၊ ဘယ်တပ်ရင်း တပ်ခွဲကလည်း၊ ကိုယ်ပိုင်နံပါတ် ဘယ်လောက်လဲ၊ ဘယ်အချိန်ကလည်း၊ ဘယ်နားမှာ ဘယ်လို အားဓမ္မ ပြုကျင့်တာလဲ၊ သက်သေ ဘယ်သူရှိသလဲ စသဖြင့် သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ ရှိမရှိ မေးပုံမျိုးလို ဖြစ်နေပါတယ်။ ဒါမျိုး အလုပ်မဖြစ်နိုင်ပါဘူး။ တကယ်လို့သာ ကာယကံရှင် တစ်ယောက်ယောက်ဆီမှာ တိကျ ခိုင်လုံလွန်းတဲ့ သက်သေ အထောက်အထားတွေ ရှိရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆီကိုတောင် တိုင်ဖို့ လိုမှာ မဟုတ်ပါဘူး။ ရဲစခန်းမှာတိုင် အမှုဖွင့်လိုက်ရင် ပြီးတာပါပဲ။ တကယ်တော့ မြန်မာနိုင်ငံက ကော်မရှင် အနေနဲ့ အင်္ဂါစုံရုံ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တစ်ရပ် ဆိုတာမျိုးထက် အဂတိလိုက်စားမှု ကို တကယ်တိုက်ဖျက်ချင်ရင် နိုင်ငံတကာ ပုံစံ ဖြစ်ဖို့လိုပါတယ်။ တိုင်ကြား သတင်းပေးသူ မရှိသည့်တိုင် အဂတိလိုက်စားမှု ဖြစ်တယ်လို့ မသင်္ကာရဘူး ဆိုတာနဲ့ ဝင်ရောက် စုံစမ်း စစ်ဆေးတာမျိုး လုပ်ဖို့ လိုပါတယ်၊ လုပ်ခွင့်ရဖို့ လိုပါတယ်။ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ သတင်းပေးချင်လာအောင်၊ ပူးပေါင်း ဆောင်ရွက်လာအောင် နည်းမျိုးစုံနဲ့ စည်းရုံးရပါမယ်၊ သတင်းပေးသူတွေ တစ်စုံတစ်ရာ အနှောင့်အယှက် မဖြစ်ရအောင် လျှို့ဝှက်ပေးထားတာ၊ အကာအကွယ်ပေးတာမျိုး လုပ်ကြရပါမယ်။

တကယ်တော့ အဂတိလိုက်စားမှုဆိုတာဟာ တရားရုံးမှာ ငွေ ၄ -၅ -၁၀ သိန်း လာဘ်ယူတာလောက်ကို ခေါ်တာ မဟုတ်ပါဘူး။ နိုင်ငံတော် အဆင့်စီမံကိန်းကြီးတွေကနေ ဒေါ်လာ သန်းနဲ့ချီ အဂတိလိုက်စားတာ၊ တင်ဒါ ကိစ္စတွေမှာ အဂတိလိုက်စားတာ၊ လက်နက် ဝယ်ယူရေးလို ဝယ်ယူရေး ကိစ္စတွေမှာ အဂတိ လိုက်စားတာ စသဖြင့် အများကြီးရှိသလို ဖော်ထုတ်ရတာတွေကလည်း အလွန်အန္တရာယ်ကြီးနိုင်ပါတယ်။ အခု ဖြစ်နေပုံက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆိုပြီး ဆိုင်းဘုတ် အကြီးကြီး တပ်ထားပေမယ့် တကယ့်တကယ် ဝန်ကြီးဌာန တစ်ခုလောက်ရဲ့ တိုင်စာ လက်ခံရာဌာနလေး အဆင့် ဖြစ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG