သုံးရလွယ်ကူစေသည့် Link များ

ပျက်ကျ ရဟတ်ယာဉ် မြန်မာ ကပ္ပတိန်သေဆုံး


ပျောက်ဆုံးရဟတ်ယာဉ်မှ သေဆုံးသွားတဲ့ မြန်မာ ရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုး (သတင်းဓာတ်ပုံ- ထူးဖောင်ဒေးရှင်း)

ထိုင်းရဟတ်ယာဉ် ခါကာဘိုရာဇီတောင် မှာ ပျောက်ဆုံးတောင်တက် သမားတွေကို ရှာဖွေနေတဲ့ အဖွဲ့တွေ အတွက် ရိက္ခာပို့ဖို့ အသွား ပျောက်ဆုံးသွားတဲ့ ထိုင်းရဟတ် ယာဉ် မှာ လိုက်ပါ သွားသူ မြန်မာ လေယာဉ်မှူး သေဆုံး သွားခဲ့ပြီဖြစ်ပါတယ်။ ရဟတ်ယာဉ် အတွင်း လိုက်ပါသွားသူ အနက် အသက်ရှင်ရက် ၂ ဦး ပြန်တွေ့ ခဲ့ရပေမယ့် တတိယမြောက် လေယာဉ်မှူး ဦးအောင်မြတ်တိုး ရဲ့ ရုပ်အလောင်းကို တရုတ်-မြန်မာနယ်စပ် တောတွင်းတနေရာမှာ ထူးဖောင်ဒေးရှင်းရဲ့ ကယ်ဆယ်ရေး အဖွဲ့က ရှာဖွေတွေ့ခဲ့ရကြောင်း ထူးဖောင်ဒေးရှင်းက ဗွီအိုအေကို ပြောပါတယ်။ ထူးဖောင်ဒေးရှင်း ပြောခွင့်ရသူ ကိုဖြိုးကိုကိုသက်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ လေယာဉ်မှူး ဦးအောင်မြတ်တိုးနဲ့ပတ်သက်ပြီး နောက်ဆုံး သိထားရတဲ့ အခြေအနေ ပြောပြပါဦးခင်ဗျ။

ကိုဖြိုးကိုကိုသက်( ထူးဖောင်ဒေးရှင်း) ။ ။ ဟုတ်ကဲ့။ ကျနော်တို့ ထူးဖောင်ဒေးရှင်း ကယ်ဆယ်ရေး အဖွဲ့က ရွှေရင်တော်ကြီးရဲ့ လမ်းညွှန် လမ်းပြမှုနဲ့ပေါ့နော်။ ကပ္ပတိန်အောင်မြတ်တိုး ကျန်ခဲ့တဲ့ ဂူကို ရောက်ရှိသွားပါတယ်။ ဒါပေမဲ့ အဲ့ဒီ့နေရာမှာ အဝတ်အစားနဲ့ ပစ္စည်း အသုံးအဆောင်တချို့တွေ့တယ်။ ဒါပေမဲ့ အနီးအနားကို ကျနော်တို့ လိုက်လံ ရှာဖွေတဲ့အခါမှာ မလှမ်းမကမ်းမှာပဲ ကပ္ပတိန် အောင်မြတ်တိုး ကွယ်လွန်နေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ သို့သော်လည်း စိတ်မကောင်းစွာနဲ့ပဲ လက်ခံလိုက်ရပါတယ်။ ကပ္ပတိန်အောင်မြတ်တိုး ကွယ်လွန်သွားတယ်ဆိုတာ။ ထူးဖောင်ဒေးရှင်း အဖွဲ့သားတွေ အကုန်လုံး ဝိုင်းဝန်း ဆုတောင်းနေပါတယ်။

အမြင့်မြတ်ဆုံး လူသားကယ်ဆယ်ရေး လုပ်ငန်းကို လုပ်ဆောင်နေရင်းနဲ့ မတော်တဆ ကွယ်လွန်သွားတဲ့အတွက်လည်း ကောင်းရာသုဂတိ ရောက်ပါစေလို့ အကုန်လုံး ဆုတောင်းနေကြပါတယ်။

မေး။ ။ အဲ့တာက ဘယ်နားမှာလဲ ခင်ဗျ။

ကိုဖြိုးကိုကိုသက်( ထူးဖောင်ဒေးရှင်း)။ ။ ကပ္ပတိန် အောင်မြတ်တိုး ရွှေရင်တော်ကြီး နဲ့ လမ်းခွဲခဲ့တဲ့ ဂူပေါ့နော်။ အဲ့ဒီ့ဂူနဲ့ မလှမ်းမကမ်းမှာပါ ခင်ဗျ။

မေး။ ။ ဟုတ်ကဲ့။ အခု သူ့ရဲ့ ရုပ်အလောင်းကို ဘယ်လို ဆက်လုပ်ထားလဲခင်ဗျ။

ကိုဖြိုးကိုကိုသက်( ထူးဖောင်ဒေးရှင်း)။ ။ ကပ္ပတိန်အောင်မြတ်တိုးရဲ့ဇနီးက ပူတာအိုမှာ ထူးဖောင်ဒေးရှင်း ကယ်ဆယ်ရေးအဖွဲ့သားတွေနဲ့အတူ ရှိနေပါတယ်။ ကာယကံရှင်ရဲ့ သဘောထားအတိုင်းပဲ ကျနော်တို့ အကောင်းဆုံး ဖြစ်အောင် လုပ်ပေးသွားမှာပါခင်ဗျာ။

မေး။ ။ ပျောက်ဆုံးနေတဲ့ တောင်တက်သမားနှစ်ဦးရဲ့ အခြေအနေရော ဘာတွေ ထူးသေးလဲ ခင်ဗျ။

ကိုဖြိုးကိုကိုသက်( ထူးဖောင်ဒေးရှင်း)။ ။ ကျနော်တို့ ပေတစ်သောင်း သုံးထောင့်နှစ်ရာမှာ တရုတ်နိုင်ငံ Blue Sky ကယ်ဆယ်ရေးအဖွဲ့ရော၊ နောက် ဂျပန်နိုင်ငံ တောင်တက်အဖွဲ့က ခါကာဘိုရာဇီတောင်တက်ဖို့အတွက် ရှိပါတယ်။ အဲ့တာကိုလည်း စားနပ်ရိက္ခာတွေ၊ လိုအပ်တဲ့ ပစ္စည်းပိုင်းတွေ ထောက်ပံ့ပြီးတော့ ဆက်လက်လုပ်ဆောင်နေပါတယ်။

မေး ။ ။ ကျေးဇူးပါခင်ဗျ။ ကျေးဇူးပါ။

ထူးဖောင်ဒေးရှင်းအဖွဲ့က ကိုဖြိုးကိုကိုသက်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။ အဲ့ဒီ့ မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုး စီးနင်းလိုက်ပါသွားတဲ့ ရဟတ်ယာဉ်ဟာ စက်တင်ဘာ ၂၇ရက်မှာ ပျောက်ဆုံး သွားခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၈ရက်နေ့ မှာ သူနဲ့အတူ လိုက်ပါသွားတဲ့ ထိုင်းရဟတ်ယာဉ်မှူးကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။ သူ့ရဲ့ပြောကြားချက်အရ ဦးအောင်မြတ်တိုးဟာ မျက်လုံးနဲ့ခါးမှာ ဒဏ်ရာရရှိပြီး ရဟတ်ယာဉ်ပျက်တဲ့နေရာမှာပဲ ကျန်ခဲ့တယ်လို့ သိရပါတယ်။

XS
SM
MD
LG