သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BBC အင်္ဂလိပ် Website တရုတ်မှာ အပိတ်ခံရ


BBC ၏ အင်္ဂလိပ်ဘာသာ အင်တာနက် စာမျက်နှာ။ အောက်တိုဘာ ၁၅၊ ၂၀၁၄။
BBC ၏ အင်္ဂလိပ်ဘာသာ အင်တာနက် စာမျက်နှာ။ အောက်တိုဘာ ၁၅၊ ၂၀၁၄။

ဗြိတိသျှ အသံလွှင့်ကော်ပိုရေးရှင်း BBC က သူတို့ရဲ့ အင်္ဂလိပ်ဘာသာနဲ့ အင်တာနက် စာမျက်နှာကို တရုတ်နိုင်ငံမှာ ဖွင့်မရတော့ ဘူးလို့ ပြောလိုက် ပါတယ်။ ဒါဟာ ရည်ရွယ်ချက်နဲ့ ဆင်ဆာလုပ်တာဖြစ်တယ်လို့ BBC က ပြစ်တင် ဝေဖန်ပါတယ်။

ဒီလုပ်ရပ်ဟာ သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ဖို့ ကြိုးစားတာဖြစ်တယ် ဆိုပြီး BBC World Service ညွှန်ကြားရေးမှူး Peter Horrocks က ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်တခုထဲမှာ အပြင်းအထန် ရှုတ်ချထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေကို ကန့်ကွက်ထားတယ်လို့လည်း Horrocks ကပြောပါတယ်။ တရုတ်အာဏာပိုင်တွေ ဟာ VOA အမေရိကန် အသံအပါအဝင် ပြည်ပသတင်းဌာနတွေကို မကြာခနဆိုသလို ပိတ်ပစ်လေ့ ရှိပါတယ်။

ဘီဘီစီဝက်ဘ်ဆိုက်တ် ပိတ်နေတာနဲ့ပတ်သက်ပြီး ဒီကနေ့မေးတဲ့အခါ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Hong Lei က ဒီကိစ္စ ကို တရုတ်ဥပဒေ အရ ကိုင်တွယ်နေတယ်လို့ပဲ ဖြေသွားပါတယ်။

တရုတ်နိုင်ငံဟာ သူတို့ရဲ့ Great Firewall လို့ခေါ်တဲ့ အင်တာနက်ဆင်ဆာ လုပ်တဲ့နည်းကို သုံးပြီး BBC ရဲ့ တရုတ်ဘာသာနဲ့ အင်တာနက်စာမျက်နှာ ကို ပိတ်ထားတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။ အင်္ဂလိပ်ဘာသာနဲ့ အင်တာနက်စာမျက်နှာကတော့ ဗုဒ္ဓဟူးနေ့အထိ အများအားဖြင့် ရနေပါသေးတယ်။

သူတို့ရဲ့ သတင်းတင်ပြပုံ တခုခုကြောင့် အခုလို နောက်ထပ် ပိတ်ပင်တာ လားဆိုတာကိုတော့ BBC က မပြောပါဘူး။ ဟောင်ကောင်မှာ ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေ သီတင်းပတ်အတော်ကြာ ဖြစ်နေချိန်မှာပဲ ဒီလို ပိတ်ပင်တာလည်းဖြစ်ပါတယ်။

တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တရုတ်ပိုင် ဟောင်ကောင်ကျွန်းက ဆန္ဒပြပွဲတွေကို ဥပဒေမဲ့လုပ်ရပ်၊ မတည်မငြိမ်ဖြစ်အောင် လုပ်တဲ့လုပ်ရပ် အဖြစ် တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေက ဖော်ပြပါတယ်။ ဒါဟာဖြင့် ဆန္ဒပြပွဲတွေ တရုတ်ပြည်မအထိ ကူးစက်မလာအောင် ကြိုတင် တားဆီး တဲ့သဘော ဖြစ်ပုံရပါတယ်။

XS
SM
MD
LG