သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက် ကိုပါကြီး သေဆုံးရမှု သူတို့ အမြင်


ပြည်တွင်းထုတ် ဂျာနယ်တွေအတွက် နယ်စပ် သတင်းများကို ပေးပို့ခဲ့တဲ့ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး
ပြည်တွင်းထုတ် ဂျာနယ်တွေအတွက် နယ်စပ် သတင်းများကို ပေးပို့ခဲ့တဲ့ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး

အလွတ် သတင်းထောက် ကိုအောင်ကျော်နိုင်ခေါ် ကိုပါကြီးကို စစ်တပ်က မွန်ပြည်နယ်မှာ ဖမ်းဆီးခဲ့ပြီးနောက် လက်နက်လုယူ ထွက်ပြေးတာကြောင့် အသေ ပစ်ခတ် ဆုံးသွားတဲ့အပေါ် ကိုပါကြီးနဲ့ ရင်းနှီးသူတွေက တုန့်ပြန်ချက်တွေ တုန့်ပြန်ပြောဆိုထားပါတယ်။ ကိုညဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

မြန်မာ့တပ်မတော်က ပစ်သတ်လိုက်တာကြောင့် သေဆုံးသွားတဲ့ ကိုပါကြီးနဲ့ ပတ်သက်ပြီး စစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက် ဓါတ်ပုံတခုထဲမှာ ကိုပါကြီးဘေးနား ထိုင်နေသူ ဂျပန်နိုင်ငံက ဦးကိုကိုအောင်ကတော့ ဒီဓါတ်ပုံဟာ ထိုင်းမြန်မာ နယ်စပ်နား မြန်မာပြည်ထဲ ၂၀၁၀ ဝန်းကျင်မှာ ရိုက်ခဲ့တဲ့ ပုံဖြစ်ပေမယ့် ကိုပါကြီးဟာ အဲဒီ့အချိန်ထဲက ဓါတ်ပုံ သတင်းထောက် လုပ်နေသူလို့ ဆိုပါတယ်။

"အဲ့ဒီ့အချိန်က ၂၀၁၀ခုနှစ်မှာပါ ဓာတ်ပုံက၊ ပါကြီးဟာ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုရဲ့ ဘာတာဝန်၊ ညာ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တယောက်လည်း မဟုတ်ဘူး။ သူက ကျနော်တို့နဲ့ အတူ လိုက်လာတယ်။ သူက အဲ့ဒီ့အချိန်ကတည်းက ဓာတ်ပုံ သတင်းထောက်ကို စပြီး လုပ်နေပြီဗျ။ ကျနော်တို့က တတ်နိုင်သလောက် ပံ့ပိုး ကူညီပေးတယ်။ ဆိုတဲ့သဘောက ကင်မရာတွေ၊ ဘာတွေ ပံ့ပိုးပေးတယ်။ သူက ဓာတ်ပုံ သတင်းထောက် လုပ်တယ်။ ဝါသနာပါတယ်။ အဲ့ဒီ့အဆင့်ပဲ ရှိပါတယ်။ အဲ့ဒီ့အချိန်တုန်းက ထိုင်း-မြန်မာနယ်စပ် မြန်မာပြည်နယ်စပ်ထဲမှာပါ။ နောက်တချက် တရားဥပဒေအရကတော့ ပြည့်ပြည့်စုံစုံ ဖြစ်အောင် ကျနော်တို့ စောင့်နေပါတယ်။ ဥပမာ အဖွဲ့အစည်းတခုကနေပြီးပဲ တဖက်သတ်သတင်းထုတ်ပြန်ထားတဲ့ ကိစ္စအပေါ်မှာတော့ အပြည့်အဝ လက်ခံဖို့ဆိုတာက အချိန်စောသေးတယ် လို့ ကျနော့်အနေနဲ့ မှတ်ချက်ပေးချင်ပါတယ်။

ကိုပါကြီးနဲ့ ငယ်သူငယ်ချင်းလည်းဖြစ် သတင်းလုပ်ငန်းတွေ ဆက်သွယ်ဆောင် ရွက်ခဲ့သူ ဝါရှင်တန်ဒီစီ အခြေစိုက် ကိုဇော်ဝင်းကတော့ ခုလို မှတ်ချက်ပေး ပြောဆိုပါတယ်။

" ကျနော်မြင်တာကတော့ ကိုပါကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တယောက်ပဲ။ သူဟာ ဘယ်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်မှလည်း မဟုတ်ဘူး။ ဘယ် လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်လည်း မဟုတ်ဘူး။ သူဟာ အလွတ် သတင်းထောက် တစ်ယောက်အနေနဲ့ သတင်းသွားယူနေရင်း အစိုးရက ကိုပါကြီးကို လက်လွတ်စပယ် ပစ်သတ်လိုက်တဲ့ဟာက တိုင်းပြည်မှာ ဥပဒေမဲ့နေတယ်။ စစ်တပ်က ထင်ရာစိုင်းပြီး လုပ်နေတယ်လို့ ကျနော်မြင်တယ်။

အလွတ် သတင်းထောက် တယောက်ကို ဒီလိုမျိုးပစ်သတ်တာက မဖြစ်သင့်ဘူး။ သတင်းလောက အတွက်လည်း ဆုံးရှုံးမှုပဲ၊ ကျနော်တို့ တိုင်းပြည်အတွက်လည်း ဆုံးရှုံးမှုပဲ။ ဦးသိန်းစိန်တို့ပြောနေတာက တပ်မတော်က တဖြေးဖြေးချင်း နိုင်ငံအာဏာ ယူထားတာတွေကို နောက်ဆုတ်နေတယ်။ လူထု အခန်းကဏ္ဍကို ချဲ့ထွင်နေတယ် ဆိုတဲ့ ဒီလိုမျိုး ကာလမှာ အခုလိုမျိုး သတင်းထောက် တစ်ယောက်၊ အလွတ်သတင်းထောက်တစ်ယောက်ကို စစ်မြေပြင်မှာ ဖမ်းဆီးတယ်။ ပစ်ခတ်တယ်။ သတ်ဖြတ်တယ်ဆိုတာက အင်မတန်မှ အရုပ်ဆိုးပါတယ်။"

ABSDF ကျောင်းသားတပ်မတော်ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဒေါက်တာနိုင်အောင် ကတော့ ကိုပါကြီး အသတ်ခံရတဲ့ ကိစ္စဟာ တရား ဥပဒေကြောင်းအရ ညီညွတ်မှု မရှိဘူးလို့ ဝေဖန်ပြောဆိုပါတယ်။

" ဒီဖြစ်စဉ်မှာကြည့်လို့ရှိရင် သံသယဖြစ်ဖွယ် ရှိတယ်ပေါ့နော်။ ဆိုတော့ အခုဆိုလို့ရှိရင် သတင်းထုတ်တဲ့အချိန်က ကျနော်ထင်တယ်။ စပြီးပျောက် တယ်လို့သိတဲ့အချိန်နဲ့ နှစ်ပတ် လောက်ရှိပြီထင်တယ်။ ဒီကြားထဲမှာ လည်း သက်ဆိုင်ရာတွေ၊ သူငယ်ချင်းတွေ သတင်းထောက်တွေ လိုက်မေးကြတာတွေရှိတယ်။ နောက်ြ့ပီး သူ့အမျိုးသမီး မသန္တာလိုက်မေးတာလည်း ရှိတယ်။ အဲ့ဒီ့အချိန်မှာ ဟိုမှာလိုလို ဒီမှာလိုလို ပေါ့ တိတိကျကျ မပြောတာ ရှိတယ်ပေါ့။ အဲ့မှာကတည်းက သံသယဖြစ်စရာ တခုရှိတယ်။

ပြီးတော့ တခုက သူတို့ထုတ်ပြန်ချက်အရဆိုလို့ရှိရင် တိုက်ပွဲထဲမှာ မိတာတို့၊ အမှန်မှန်တော့ ကျနော်တို့ သိသလောက်ဆိုရင် တိုက်ပွဲထဲမှာလည်း မိတာလည်း မဟုတ်ဘူး။ ကျိုက်မရော ကို ဆိုင်ကယ်နဲ့ ပြန်တက်တဲ့အချိန်မှာ ဖမ်းလိုက်တာ။ နောက် သတင်းပေးပဲ ဖြစ်ဖြစ် သူပုန်ပဲဖြစ်ဖြစ် တရားမျှမျျတတ လုပ်ရမှာရှိတယ်။

ကျနော်တို့အနေနဲ့ပြောချင်တာက ဒီကိစ္စမှာသံသယဖြစ်ဖွယ်ရာတွေ အများကြီးရှိတယ်။ နောက်ပြီးတော့ ဒီလိုမျိုး ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်နေတဲ့ အချိန်မျိုးမှာ ဒီလိုမျိုး ဖမ်းဆီးတဲ့နည်းတွေ၊ အပြစ်ပေးအရေးယူတဲ့နည်းတွေ ရှိနေတယ် ဆိုတာ မကောင်းဘူးလို့ထင်တယ်။ အဲ့တာကြောင့်မို့လို့ ကာယကံရှင် မိသားစုတွေ လက်ခံနိုင်တဲ့ တရားမျှတတဲ့ လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်တွေ ဖွဲ့ပြီးတော့မှ အဖြစ်မှန်ကို ပေါ်ပေါက်အောင် အဲ့ဒီ့ကိစ္စကိုလည်း အစိုးရကနေ ပြီးတော့ လုပ်ပေးစေချင်တယ်။ စစ်တပ်ကလည်း ပူးပေါင်းဆောင်ရွက်စေချင်ပါတယ်ခင်ဗျ။

အလွတ်သတင်းထောက် ကိုပါကြီးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အပေါ်မှာ တုန့်ပြန်ချက်တွေကို ကိုညဏ်ဝင်းအောင်က စုစည်းတင်ပြသွားတာပါ။

XS
SM
MD
LG