သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS စစ်သွေးကြွတွေကို Beiji မြို့ထဲက အီရတ်တပ် မောင်းထုတ်


Mosulနဲ့ Beiji မြို့ မြေပုံ။
Mosulနဲ့ Beiji မြို့ မြေပုံ။

အီရတ် မြောက်ပိုင်းက ရေနံချက် စက်ရုံတွေ ရှိရာ Beiji မြို့ထဲက IS အစ္စလာမ္မစ် စစ်သွေးကြွတွေကို အီရတ် အစိုးရ တပ်တွေက တိုက်ထုတ်နိုင်ခဲ့တယ်လို့ အီရတ် အရာရှိတွေက ဒီကနေ့မှာ ပြောဆိုပါတယ်။ ဒီနှစ်အစောပိုင်းတုန်းက အီရတ် မြောက်ပိုင်းနဲ့ အနောက်ပိုင်းကို အစ္စလာမ်မစ် ဘာသာရေး စစ်ပွဲ ဆင်နွှဲသူတွေ တိုက်ခိုက်ချိန်အတွင်း Beiji မြို့ကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

Beiji မြို့ဟာဆိုရင် IS စစ်သွေးကြွတွေ အများစု သိမ်းပိုက်ထားရာ Mosul မြို့ကို အသွား အဝေးပြေး လမ်းမကြီးပေါ်မှာ တည်ရှိနေတာပါ။ အီရတ်ခြေလျင်တပ်တွေရဲ့ စွမ်းဆောင်ရည် မြင့်မားအောင် လုပ်ဆောင်နေတာနဲ့ အမျှ IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို အမေရိကန်တို့ ဦးဆောင် တိုက်ခိုက်နေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာလည်း အနာဂတ်မှာ ပိုပြီး ပြင်းထန်လာမယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Chuck Hagel က ပြောဆိုလိုက်ပါတယ်။

အီရတ်တပ်ဖွဲ့တွေ အားကောင်းလာတာနဲ့ အတူ IS စစ်သွေးကြွတွေ အပေါ် ညွန့်ပေါင်း တပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်မှာ ဖြစ်တဲ့ အကြောင်း ဝန်ကြီး ဟေဂယ်လ် က မနေ့က အောက်လွှတ်တော် ကြားနာ စစ်ဆေးပွဲမှာ ထွက်ဆိုခဲ့တာပါ။ အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွင်းက IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို အမေရိကန်နဲ့ ညွန့်ပေါင်း တပ်ဖွဲ့တို့ရဲ့ တိုက်ခိုက်မှုတွေဟာ တိုးတက်မှုတွေ ရှိနေတယ်ဆိုတာနဲ့ ကာလရှည်မယ့် ဒီတိုက်ခိုက်မှု အတွက် အမေရိကန် ပြည်သူတွေ ပြင်ဆင်ထားရမယ်လို့လည်း ဝန်ကြီး ဟေဂယ်လ်က ပြောဆိုပါတယ်။

အမေရိကန် ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေရဲ့ အထောက်အကူနဲ့ အီရတ်၊ ကာဒ် နဲ့ လူမျိုးစု တပ်တွေဟာ စစ်သွေးကြွတွေရဲ့ စစ်ဆင်မှု တချို့ကို တုန့်ပြန်နိုင်ခဲ့တယ်လို့လည်း ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း IS စစ်သွေးကြွတွေဟာ အမေရိကန် အကျိုးစီးပွား၊ အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့ အရှေ့အလယ်ပိုင်း အတွက် ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်နေဆဲပဲလို့လည်း ဝန်ကြီး ဟေဂယ်လ်က ထပ်လောင်း ပြောဆိုပါတယ်။

အောက်လွှတ်တော် အမေရိကန် တပ်ဖွဲ့များ ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ ကော်မတီ ရှေ့မှောက် မှာ ဝန်ကြီး ဟေဂယ်လ်နဲ့ အမေရိကန် ပူးတွဲ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Matin Dempsey တို့ ကြာသပတေးနေ့က ထွက်ဆိုခဲ့တာပါ။

အီရတ် မြောက်ပိုင်း မိုဆူးလ်မြို့နဲ့ တခြားဒေသတွေမှာ အီရတ်တပ်တွေကို ကူညီဖို့ အမေရိကန် တပ်ဖွဲ့ တချို့ကို စေလွှတ်ဖို့ အမေရိကန် အစိုးရ အရာရှိတွေ အနေနဲ့ နောင်မှာ စဉ်းစားနိုင်မယ့် အလားအလာရှိတယ်လို့ ဗိုလ်ချုပ်ကြီး Dempsey က ပြောပါတယ်

XS
SM
MD
LG