သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA ဗိုလ်သင်တန်းကျောင်း သေဆုံးသူတွေ အတွက် ဆုတောင်းပွဲ


နှစ်သိမ့်ခွန်အားယူ ဆုတောင်းပွဲ (သတင်းဓာတ်ပုံ Credit to Humanity Institute FB)
နှစ်သိမ့်ခွန်အားယူ ဆုတောင်းပွဲ (သတင်းဓာတ်ပုံ Credit to Humanity Institute FB)

အစိုးရတပ်ဘက်က လက်နက်ကြီး ကျည် ကျလို့ ကျဆုံးသွားတဲ့ ကချင် လွတ်မြောက်ရေး တပ် KIA သင်တန်းကျောင်းက ဗိုလ်လောင်းတွေ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အောက်မေ့ ဆုတောင်းပွဲတွေကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ကချင်စစ်ပြေး ဒုက္ခသည်စခန်းတွေမှာ ကျင်းပနေကြပါတယ်။ မနောကွင်းမှာ ဒီကနေ့ စတင်ကျင်းပတဲ့ အောက်မေ့ ခွန်အားယူ ဆုတောင်းပွဲကို ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က ဦးဆောင်ကျင်းပပြီး ကချင်ပြည်သူလူထု ထောင်ချီ တက်ရောက် ဆုတောင်းကြပါတယ်။ အပြည့်အစုံ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် ပြောပြပေးပါ။

နိုဝင်ဘာလ ၁၉ရက်နေ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာက KIA ကချင်လွတ်မြောက်ရေးတပ်ရဲ့ ဗိုလ်လောင်း စစ်သင်တန်းကျောင်း တည်ရှိရာကို အစိုးရတပ် ဘက်က လက်နက်ကြီး ကျည်ကျတဲ့ အတွက် ဗိုလ်လောင်း ၂၀ကျော် ကျဆုံးခဲ့ရပြီး အတော်များများ အပြင်းအထန် ဒဏ်ရာရခဲ့ကြပါတယ်။ အခုလို ဗိုလ်လောင်းတွေ အစုလိုက်အပြုံလိုက် အသက်ဆုံးခဲ့ရတဲ့အပေါ် ကချင်ပြည်သူလူထု က ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်နဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းကို လာရောက် စုဝေးကြပြီး အောက်မေ့ဖွယ် ဝတ်ပြုဆုတောင်းပွဲ ကျင်းပပါတယ်။

နိုဝင်ဘာ ၂၁ရက်နေ့ကစတင်တဲ့ နှစ်သိမ့်ခွန်အားယူ ဝတ်ပြု ဆုတောင်းပွဲကို ဒီကနေ့ အတွက် ကချင်လူငယ်တွေက ဦးဆောင်ကျင်းပတာဖြစ်တယ်လို့ အခမ်းအနား ပွဲဖြစ်မြောက်အောင် စီစဉ်သူတစ်ဦးဖြစ်တဲ့ ကချင်လူငယ် Gum Ja Naw က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

"ကျနော်တို့ မြစ်ကြီးနားမှာ ရှိတဲ့ ခရစ်ယာန် ဂိုဏ်းဂဏပေါင်းစုံ က လူငယ်တွေ၊ CSO အဖွဲ့အစည်းက လူငယ်တွေလည်း ပါတာပေါ့နော်။ မြစ်ကြီးနားရယ်။ ဝိုင်းမော်တို့၊ ဝိုင်းမော်နဲ့ ထိစပ်နေတဲ့ ကျေးရွာတွေကပေါ့နော်။ လူပေါင်း ၄၀၀၀ ဝန်းကျင်လောက် လာတယ်။ အဲ့တော့ မြို့သူမြို့သားတွေရဲ့ သဘောထားကတော့ သူတို့တော်တော်ကို ဝမ်းနည်းကြေကွဲနေကြတာပေါ့နော်။ သူတို့ရဲ့ အသံကို လေ့လာကြည့်တော့ ဘာကို တွေ့ရသလဲဆိုရင် ရှေ့တန်းစစ်မြေပြင်မှာ သူတို့အချင်းချင်း တိုက်ပြီးတော့ သေဆုံးတဲ့ အချိန်ကျတော့ သူတို့ ဝမ်းတော့ ဝမ်းနည်းတာပေါ့နော်။ ဒါပေမဲ့ ဒါက ရှောင်လွဲလို့ မရတဲ့ အဖြစ်အပျက်တွေပေါ့နော်။ ဒါပေမဲ့ အခုက သူက သူနေရာနဲ့သူ နေနေတယ်။ ဌာနချုပ်ရဲ့ ဝန်းကျင်မှာ ရှိနေတယ်။ သင်တန်းပဲ တက်နေတယ်။ သင်တန်းတက်နေတဲ့အချိန် အလစ်သုတ်ပြီးတော့ တိုက်ခိုက်ခံရတဲ့အတွက် ဒါဟာ အင်မတန်မှာ ညစ်ပတ်တဲ့ အပြုအမူဆိုပြီးတော့ ပြည်သူလူထုက ဒီလိုပဲ သုံးသပ်ကြပါတယ်။

အခုလို ကချင်လွတ်မြောက်ရေးတပ်ရဲ့ဗိုလ်လောင်းတွေ အများအပြား သေဆုံးရတဲ့ အပေါ် ကချင်ဒုက္ခသည်စခန်းတွေမှာလည်း အထူးဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ စာသင်ကျောင်းတွေပိတ်တာ ကချင် အမျိုးသားအလံ ကို တိုင်တဝက် လွှင့်ထူခြင်း အပါအဝင် အောက်မေ့ဖွယ် ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပနေတယ်လို့ ကချင် စစ်ပြေးဒုက္ခသည်များ ကူညီမူအဖွဲ့ WPNက ဒေါ်မေရီတွမ်က ပြောပါတယ်။

" ဒီအဖြစ်အပျက်က ပြောရမယ်ဆိုရင် ဒါ ကျမတို့ အားလုံး ကချင်တမျိုးသားလုံး သာမက လူသားချင်း စာနာမှုစိတ်ရှိတဲ့သူတွေ အတွက်က တကယ်ကို ကြောက်လန့် စက်ဆုပ်ရွံရှာဖွယ်ရာဖြစ်တယ်ပေါ့။ ၂၀ရက်နေ့ မနက်မှာဆို ကျမတို့ သက်ဆိုင်ရာ ဒုက္ခသည်စခန်းတွေ အားလုံးမှာ အထူး သူတို့အတွက်ကို ဆုတောင်းပေးတာတွေ လုပ်ပါတယ်။ နောက်ပြီးမှ KIO ထိန်းချုပ် ဒေသမှာ ရှိတဲ့ ကျောင်းတို့ရုံးတို့ ပိတ်တာရှိတယ်။ တမနက်လုံး အလံတော် တဝက်လွှင့်ထူပြီးမှ လုပ်တယ်။ နောက် နိုင်ငံတိုင်းမှာ ရှိတဲ့ ကချင် ကွန်မြူနတီ တွေ ဘာသာရေးအသင်းအဖွဲ့တွေ အားလုံးကလည်း အထူးဆုတောင်းခြင်းတွေ လုပ်ပေးတာကို ကြားရပါတယ်။"

အခုအချိန်မှာတော့ စစ်ဘေးဒဏ်က ထွက်ပြေးတိမ်းရှောင်နေရဆဲ ဒုက္ခသည်တွေဟာ သူတို့ရဲ့ အသက်လုံခြုံရေး စိုးရိမ်မှုတွေ ပိုတိုးလာပြီး ကြောက်လန့်နေကြတယ်လို့ ကချင်စစ်ပြေး ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေ တဲ့ ဒေါ်မေရီတွမ် ကပြောပါတယ်။

"၁၉ရက်နေ့ဖြစ်သွားတဲ့ အဲ့ဒီ့အဖြစ်အပျက်ဟာဆိုရင် ဒုက္ခသည်တော်တော် များများရှိတယ်။ ကမ့်နဲ့လည်း သိပ်ပြီးမှ မဝေးပါဘူး။ အခုဆိုရင် ဒုက္ခသည်တွေက အရမ်းကြောက်သွားကြတယ်။ အဲ့ဒီ့မှာ လိုင်ဇာမှာ ရှိတဲ့သူတွေတင်မဟုတ်ဘူး။ မိုင်ဂျာယန်မှာရှိတဲ့ တောက်လျောက်မှာ ရှိတဲ့ ဒုက္ခသည်စခန်းမှာ ရှိတဲ့သူတွေ မပြောနဲ့ ရိုးရိုးသာမာန်လူတွေတောင်မှ သူတို့မှာ လုံခြုံမှု မရှိဘူးပေါ့လေ။ စိတ်ပေါ့လေ။ စိတ်ခြောက်ခြားမှုလေးတွေပေါ့။ ကျမ နည်းနည်း စကားလိုက်ပြောကြည့်တဲ့ အခါမှာ အဲ့လိုမျိုး ကြားရတယ်။ ငါတို့ အိမ်မှာ ရှိနေရင်တောင် ဒီလိုလက်နက်ကြီးက အချိန်မရွေး ကျရောက်နိုင်တယ်ပေါ့လေ။ လူတွေရဲ့စိတ်ထဲမှာ တော်တော်လေးကို ကြောက်ရွံ့လာတယ်။

ကျမတို့သိတဲ့အတိုင်းပဲ ဒါငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုပြီးမှ အများကြီး လုပ်နေတဲ့အခါမှာ ဒီ်လိုမျိုး တရားလက်လွတ်နဲ့ ငြိမ်းချမ်းရေးကို မလိုလားပါဘူးဆိုတဲ့ အပြုအမှုမျိုးကတော့ တော်တော်လေးကို လူသားမဆန်ဘူး။ လူသားစိတ်ကိုတောင် မရှိဘူးလို့တောင် ကျမ စိတ်ထဲ ထင်မိတယ်။ ဒီလိုမျိုး ဖြစ်နေတဲ့ပုံတွေမြင်ရတာ မျက်ရည်မကျတဲ့သူ မရှိဘူး။

ဆုံးရှုံးသွားတဲ့ ကျဆုံးသွားတဲ့ လူတွေ အားလုံးကို ကျမအနေနဲ့ အားလုံး ကို ကောင်းရာ မွန်ရာ ရောက်ဖို့အတွက် ကျမ တကယ် ဆုတောင်းပါတယ်။ နောက်ပြီးတော့ ကျန်ရစ်တဲ့ မိသားစုတွေ အနေနဲ့လည်း ဘုရားသခင်ဆီကနေ ပူဆွေးလွမ်းဆွတ် သက်သာစေမယ့် နှစ်သိမ့်မှုကို ရရှိဖို့အတွက် ကျမတို့ ကချင်တမျိုးသားလုံးသာ မဟုတ်ပါဘူး။ အားလုံး ဝိုင်းဆုတောင်းပေးတဲ့အတွက် သူတို့မှာ ဖြေသိမ့်မှုပေါ့ နောက်ပြီးတော့ ကျဆုံးသွားသူတွေရဲ့ မိသားစု တွေကို မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း ပေါ့နော်။ နောက်ပြီးတော့ အခုလက်ရှိ ဆေးရုံမှာ ဒဏ်ရာ ဒဏ်ချက်ကို ကုစားခံနေရတဲ့သူတွေ အတွက်လည်း အထူး ဆုတောင်းပေးပါတယ်။ ပိုပြီးမှ ကျန်းမာဖို့အတွက် တရားမျှတမှုအတွက် ဆက်လက်ပြီး လုပ်ဆောင်နိုင်ပါစေလို့ဆုတောင်းပါတယ်။"


အခုလို ကချင်ဒေသတွင်း မြန်မာစစ်တပ်နဲ့ကချင်လွတ်မြောက်ရေးတပ်ကြား စစ်ရေးတင်းမာလာပြီး တည်ဆောက်နေဆဲ ပြည်တွင်းငြိမ်းချမ်းရေး အလှမ်း ကွာဝေးလာနေတဲ့ အနေအထားအပေါ် ကချင်လူထုနဲ့ ကချင်ဒုက္ခသည်တွေ စိုးရိမ်မကင်း ဖြစ်လာနေတာဖြစ်ပါတယ်။

XS
SM
MD
LG