သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူဝင်မှုကြီးကြပ်ရေး ဥပဒေ အိုဘားမား ပြု ပြင်ပြောင်းလဲမည်


လူဝင်မှုကြီးကြပ်ရေးဥပဒေအရေး အိုဘားမား မိန့်ခွန်းပြော။ (နိုဝင်ဘာ ၂၁၊ ၂၀၁၄)
လူဝင်မှုကြီးကြပ်ရေးဥပဒေအရေး အိုဘားမား မိန့်ခွန်းပြော။ (နိုဝင်ဘာ ၂၁၊ ၂၀၁၄)

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက နိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေး စနစ်ကို ပြင်ဆင်မယ့် သူ့ရဲ့ အမိန့်ကိုလူထု စုဝေး ထောက်ခံမှု ရရှိရေး အတွက် ဒီကနေ့မှာ လာ့စ်ဗီးဂတ်စ် ကိုသွားရောက်ပါတယ်။ အမေရိကန် ပြည်ထောင်စု အတွင်းက သန်းနဲ့ချီတဲ့ တရားဝင် စာရွက်စာတမ်း မရှိသူတွေကို ဌာနေပြန်ပို့မယ် အရေး ရုပ်သိမ်းပေးမယ့် သမ္မတရဲ့ အစီအစဉ်ကို အမေရိကန်တွေကြား ယုံကြည်လာစေဖို့ ရည်ရွယ်ပြီး စည်းရုံးပွဲ တခုကို သမ္မတ အိုဘားမားက လုပ်ဖို့ရှိနေတာပါ။

အမေရိကန် ပြည်ထောင်စုမှာ နေထိုင်နေကြတဲ့ တရားဝင် စာရွက်စာတမ်း အထောက်အထား မရှိသူတွေကို ဌာနေပြန်ပို့မယ့် အရေး ခြိမ်းခြောက်မှုကို ခေတ္တ ရုပ်သိမ်းလိုက်တဲ့ လူဝင်မှု ကြီးကြပ်ရေး အဓိကကျတဲ့ ပြုပြင်ပြောင်းလဲမှုကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ကြေညာလိုက်ပါတယ်။

လွှတ်တော်ကို မဖြတ်သန်းဘဲ သမ္မတ အိုဘားမားက သူ့ရဲ့ အစီအစဉ်ကို ကြာသပတေးနေ့ နှောင်ပိုင်းမှာ ပြောဆိုတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့တာကြောင့် သမ္မတရဲ့ အစီအစဉ်ကို ရပ်ဖို့ ကြိုးစားမယ်လို့ ပြောဆိုနေကြတဲ့ ရီပက်ပလီကန်တွေကို စိတ်ဆိုးစေခဲ့ပါတယ်။

"အမေရိကန် နိုင်ငံတွင်းမှာ ၅ နှစ်ကျော် နေထိုင်ပြီးသူ၊အမေရိကန် နိုင်ငံသားတွေ၊ အမြဲနေထိုင်ခွင့်ရှိသူ သားသမီးတွေ ရှိရင်၊ ရာဇဝတ်မှု ဆိုင်ရာ နောက်ကြောင်းရာဇဝင်တွေ စစ်ဆေးပြီးရင်၊ နောက် သင့်တင့်မျှတတဲ့ အခွန်ဆောင်လိုစိတ်ရှိရင် ဌာနေပြန်ပို့ခံရမယ့် အရေး ကြောက်စရာ မလိုဘဲ ဒီနိုင်ငံတွင်းမှာ ယာယီနေထိုင်ခွင့် ကို လျှောက်ထားနိုင် ပါတယ်။ မှောင်ရိပ်ခိုနေ တာကနေ ထွက်လာပြီး တရားဥပဒေနဲ့ အညီ အခွင့်အရေးကို ရယူနိုင်ပါတယ်။ လို့ သမ္မတ အိုဘားမားက ကြာသပတေးနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။"

အမေရိကန် ပြည်ထောင်စုတွင်းက တရားဝင် စာရွက်စာတမ်း မရှိသူ ၄ ဒသမ ၇ သန်းလောက် ရှိနေတဲ့ ရွေ့ပြောင်းအခြေချသူတွေကို ယာယီ အလုပ်လုပ်ခွင့် ပေးမယ့် သမ္မတရဲ့ အခု အမိန့်သစ်ဟာဆိုရင် လာမယ့် ၆ လအတွင်း မှာ သက်ရောက်မှာ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားရဲ့ အခု လုပ်ရပ်ဟာ လွတ်ငြိမ်းချမ်းသာခွင့် အဖြစ် ရီပက်ပလီကန်တို့က ပျက်ရယ်ပြုပြောဆိုကြပြီး ဒီလုပ်ရပ်ကြောင့် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာမှု အသစ်တွေကို တွန်းအားပေးသလို ဖြစ်လိမ့်မယ်ဆိုပြီးလည်း ပြောဆိုကြပါတယ်။

9342918 Hong Kong China (TV)

ဟောင်ကောင်ကျွန်းက ဒီမိုကရေစီ အရေး လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ သတင်းပတ်တွေနဲ့ချီ ကြာမြင့်လာခဲ့ပြီးနောက်မှာတော့ ဒီဆန္ဒပြပွဲ အပေါ် လူထု ထောက်ခံမှုကလည်း ကျဆင်းသွားတယ်လို့ လူထုဆန္ဒ သဘောထား ကောက်ယူမှု အသစ် တခုက ဖော်ပြလိုက်ပါတယ်။

လူထု ဆန္ဒ သဘောထား ကောက်ယူမှု စစ်တမ်းအရ ဖြေဆိုသူ ၈၃ ရာခိုင်နှုန်းတို့က ဒီမိုကရေစီ အရေး လမ်းပေါ်ထွက် ဆန္ဒပြမှုကို အဆုံးသတ်သင့်တယ်လို့ ပြောဆိုကြပါတယ်။ လှုပ်ရှားမှုကို စတင်ခဲ့တဲ့ သူတွေကတောင်မှာ ၂၀၁၇ မှာ တင်မြှောက်မယ့် ဟောင်ကောင်ရဲ့ ထိပ်တန်းခေါင်းဆောင်ကို ပွင့်ပွင့်လင်းလင်း ရွေးကောက်တင်မြှောက်ရေး ဖိအားပေးနိုင်မယ့် တခြားနည်းလမ်းတွေ ရှာကြဖို့ကို ဆန္ဒပြသူတွေကို အကြံပေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဆန္ဒပြ ကျောင်းသားတချို့ကတော့ ဟောင်ကောင်ရဲ့ စီးပွားရေး အချက်အချာ ရပ်ကွက် Mong Kok မှာ ဆက်နေပြီး အခွင့်အရေးအတွက် တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုနေကြပါတယ်။ ဒါပေမယ့်လည်း အများစုကတော့ ဆန္ဒပြပွဲတွေကို ဖြိုခွဲရမယ့် အချိန်ရောက်ပြီလို့တောင်မှ ပြောကြတာပါ။ တရုတ် တောင်ပိုင်းမြို့ ဂွမ်ဂျိုးက ဒေသခံတွေကတော့ ဟောင်ကောင်က ဆန္ဒပြသူတွေဟာ သူတို့ ရရှိနေပြီးသား လွတ်လပ်မှုကို တန်ဖိုးမထားကြဘူးဆိုပြီး တရုတ်ပြည်မကြီးမှာ ရရှိနေတဲ့ လွတ်လပ်မှုနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုကြပါတယ်။ တရုတ်ပြည်မကြီးက စီးပွားရေး လုပ်ငန်းရှင် တဦးကတော့ ဒီမိုကရေစီ ဆိုတာ တခုတည်းသော အဖြေ မဟုတ်ပါဘူးလို့ ပြောဆိုပြီး လူမှုအသိုင်းအဝိုင်းကို ကောင်းသထက် ကောင်းအောင် ဆောင်ကျဉ်းပေးနိုင်မယ့် စနစ်တခုကို နိုင်ငံတိုင်း၊ ဒေသတိုင်း၊ လူတိုင်းက ရှာဖွေနေကြတာပါလို့ ဆိုပါတယ်။ အခုလို ဟောင်ကောင် ကျောင်းသားတွေရဲ့ Occupy Central ဆန္ဒပြပွဲ အပေါ်မှာ တရုတ်ပြည်မကြီး ဘက်ကရော ဟောင်ကောင်ကျွန်းမှာပါ ဝေဖန်မှုတွေ ရှိနေပေမယ်လို့လည်း ဟောင်ကောင်ကျွန်းက ပြည်သူ တချို့ကတော့ ဆန္ဒပြမှုတွေဟာ လူသားတဦး အနေနဲ့ လေးစားမှု ရှိဖို့ တောင်းဆိုနေတဲ့ သာမန် တောင်းဆိုမှု တခုလို့ ရှုမြင်ကြသူတွေလည်း ရှိနေကြပါတယ်

XS
SM
MD
LG