သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဖြစ်ရေး ဦးရွှေမန်း တရားသဖြင့် ယှဉ်ပြိုင်မည်


အဖွဲ့ချုပ်ဥက္ကဋ္ဌ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နဲ့ လွှတ်တော် နာယက သူရဦးရွှေမန်း။
အဖွဲ့ချုပ်ဥက္ကဋ္ဌ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နဲ့ လွှတ်တော် နာယက သူရဦးရွှေမန်း။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သူ သမ္မတဖြစ်ရေးအတွက် ဘယ်သူကပဲ ထောက်ခံထောက်ခံ ကြိုဆိုမှာဖြစ်တယ်လို့ ပြောပါတယ်။ ကြာသပတေးနေ့က နေပြည်တော်မှာ ဗွီအိုအေမြန်မာပိုင်းနဲ့ သီးသန့််တွေ့ဆုံမေးမြန်းခန်း အတွင်း သူရဦးရွှေမန်းက အဲဒီလိုပြောတာပါ။ ဒါ့အပြင် ပြိုင်ဆိုင်ရမယ်ဆိုရင်လည်း တရားသောယှဉ်ပြိုင်ခြင်းနဲ့ ယှဉ်ပြိုင်သွားမယ် လို့ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွေပြီးတော့မှပဲ လုပ်မယ်လို့ သူရဦးရွှေမန်းက ပြောပြီးတဲ့နောက် အဓိကအကျဆုံးပုဒ်မတွေဖြစ်တဲ့ ၄၃၆ နဲ့ ၅၉ (စ) တို့ကို ရွေးကောက်ပွဲ မတိုင်ခင် ပြင်နိုင်တော့မှာ မဟုတ်သလို ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် အလားအလာလည်း မှေးမှိန်သွားတာပါ။

၅၉ (စ) ကိုသာ အချိန်မီမပြင်နိုင်ဘူးဆိုရင် ဦးရွှေမန်း သမ္မတဖြစ်ရေး ဒေါ်အောင်ဆန်းစုကြည် က ထောက်ခံမယ့် အလားအလာနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းကို ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်းက မေးပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ပုဒ်မ ၅၉(စ) ကိုပြင်နိုင်ခဲ့ရင်ပေါ့နော်။ ပြင်နိုင်ခဲ့မယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်လည်း နာမည်စာရင်း တင်သွင်း ခံပိုင်ခွင့် ရှိလာပြီပေါ့နော်။ တကယ်လို့များ နာမည်စာရင်း တင်သွင်းခံပိုင်ခွင့် မရှိဘူးဆိုရင် အပြင်မှာ ထွက်နေတဲ့ ပြောဆိုမှုတွေအရ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဥက္ကဋ္ဌကြီးကို ထောက်ခံပေးမယ်ဆိုတဲ့ စကားမျိုး ထွက်လာတာတောင် ရှိတယ်လေ။ အဲ့တာတွေနဲ့ပတ်သက်လို့ရော ဥက္ကဋ္ဌကြီးအနေနဲ့ ဘာကြားထားတာ ရှိလဲခင်ဗျ။ အများပြောနေတာတော့ ဥက္ကဋ္ဌကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်မင်မှု ပိုလာတယ်။ ပူးပေါင်းဆောင်ရွက်မှုက ပိုလာတယ်ဆိုတော့ အဲ့ဒီ့လို ထောက်ခံပံ့ပိုးပေးမယ်ဆိုတဲ့ အဆင့်အထိရော ဖြစ်နိုင်မလား ခင်ဗျ။

သူရဦးရွှေမန်း။ ။ တကယ်လို့ ထောက်ခံလာမယ်ဆိုလည်း ကြိုဆိုတာပေါ့။ ဝမ်းမြောက်တာပေါ့။ ထောက်ခံခြင်း၊ မထောက်ခံခြင်းကလည်း အခုပြောလို့တော့ မဖြစ်နိုင်သေးပါဘူး။

ဦးသန်းလွင်ထွန်း။ ။ ဒီမေးခွန်းက ဒေါ်အောင်ဆန်းစုကြည် ကိုမေးရမယ့် မေးခွန်းပါ။ ထောက်ခံမယ်။ မထောက်ခံမယ်လို့ ဒါပေမဲ့လု့ိ ဒီအကြောင်းတွေကို ဥက္ကဋ္ဌကြီးအနေနဲ့ ကြားသလား။ ဘယ်လိုဆန္ဒရှိသလဲဆိုတာ ကျနော် သိချင်လို့ပါ။

သူရဦးရွှေမန်း။ ။ ကိုယ်တိုင်ကပြောတယ်။ ဘယ်သတင်းကထွက်လို့ ဘယ်လိုပြောတယ်ဆိုတာ ပြောနေကြတာပဲလေ။ ဒါပေမဲ့ သူတို့အပြောပဲလေ။ တကယ်လို့သာ ခုနက ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ်ရင် သူ့ရဲ့ပါတီ တခြားပုဂ္ဂိုလ်တွေက ထောက်ခံမယ်ဆိုလည်း တို့က ဝမ်းသာရမှာပေါ့။"

သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ဖို့အတွက် ဒုတိယသမ္မတသုံးဦးကို စစ်တပ် ကိုယ်စားလှယ်တွေက တဦး၊ ပြည်သူ့ လွှတ်တော်က တဦးနဲ့ အမျိုးသားလွှတ်တော်ကတဦးစီ ရွေးချယ်ပေးကြရတာဖြစ်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးလုပ်တဲ့အခါ ပုဒ်မ ၄၃၆ တို့၊ ၅၉ (စ) တို့ကို ပြင်နိုင်တယ်ဆိုရင် သူရဦးရွှေမန်းနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ အပြိုင်အဆိုင် ကြိုးပမ်းကြရမယ့် ပုံရှိနေတာပါ။ ဒီလိုပြိုင်ဆိုင်ဖို့အတွက်လည်း သူရဦးရွှေမန်းဘက်က အဆင်သင့် ရှိနေပုံရပါတယ်။

"ပြိုင်ဆိုင်ဖို့အတွက်ကတော့ ဒေါ်အောင်ဆန်းစုကြည်လည်း ပြိုင်ဆိုင်မှာပဲ။ ကျန်တဲ့ တခြားသူ ရှိမယ်ဆိုရင်လည်း ပြိုင်ဆိုင်မယ်။ ဒါက အခွင့်အရေးပါပဲ။ ပြိုင်ဆိုင်မှုအတွက် မိမိတို့ လိုလားတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောမယ် ဆိုရင်လည်း အခု ပါတီချင်းပြိုင်ဆိုင်နေတာပဲ။ လူချင်းလည်း ပြိုင်ဆိုင်ရမှာဖြစ်တယ်။ အဲဒီလို ပြိုင်ဆိုင်ဖို့အတွက် ဒီလို ရှိတဲ့နေရာမှာ တယောက်နဲ့တယောက် ရန်သူလို သဘောထား ဆောင်ရွက်မယ့်အချိန်လည်း မဟုတ်ဘူး။ ဟိုတုန်းကလို ပါတီချင်းအနေနဲ့လည်း အပြုတ်တိုက် အပြတ်ရှင်း လုပ်ရမယ့် အချိန်လည်း မဟုတ်ဘူး။ ဒီဟာသည် ခေတ်စနစ်နဲ့ ပေါ်ပေါက်လာတဲ့ကိစ္စ ဖြစ်တယ်။ ပြိုင်ဆိုင်မှုအတွက် လိုလားတယ်။ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ခင်ခင်မင်မင်နေပြီးတော့ ဆောင်ရွက်တဲ့ နေရာမှာလဲ နိုင်ငံနဲ့နိုင်ငံသား အကျိုးစီးပွားအတွက်ဆိုရင် အားလုံး ပူးပေါင်း ဆောင်ရွက်မယ်။ သို့သော် ရွေးကောက်ပွဲကျရင် ပြိုင်မယ်။ အနိုင်ရအောင်။ အဲဒီအတိုင်းပဲ ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်လာမယ့်ကိစ္စလည်း ပြိုင်မယ်။ ကောင်းသော ယှဉ်ပြိုင်ခြင်း၊ တရားသော ယှဉ်ပြိုင်ခြင်းအတွက် အားလုံး နှစ်ယောက်လုံးက သဘောတူပါတယ်။"

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဗွီအိုအေနဲ့ သီးသန့်တွေ့ဆုံမေးမြန်း ခန်း အတွင်း ဖြေကြားသွားတာပါ။
၅၉ (စ) မပြင်နိုင် လို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ရွေးချယ်ခံပိုင်ခွင့် မရှိဘူးဆိုရင် သူရဦးရွှေမန်း သမ္မတဖြစ်ရေး ထောက်ခံမယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့တော့ မဟုတ်မှန်တဲ့ အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဘက်က ငြင်းဆိုထားပါတယ်။

XS
SM
MD
LG