သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ဝေဘုရင် ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြော


Norway King
Norway King

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို အသိအမှတ်ပြုပေမဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာတော့ စိန်ခေါ်အကဲစမ်းမှုတွေနဲ့ ရင်ဆိုင်ရဦးမယ်လို့ နော်ဝေဘုရင် Harald (ဟာဒါးလ်) က ဒီကနေ့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြုလုပ်တဲ့ အခမ်းအနားတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နော်ဝေ-မြန်မာ ဆက်ဆံရေးနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်လာဖို့ ဆောင်ရွက်သွားမယ်လို့ နော်ဝေဘုရင်က ကတိပြု ပြောကြားပါတယ်။ နော်ဝေဘုရင်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ်မှာ ပြောကြားတဲ့ မိန့်ခွန်းအကြောင်း ကိုစည်သူက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နော်ဝေနိုင်ငံဟာ ကာလကြာရှည်စွာ ပါဝင်ကူညီခဲ့သလို အနာဂတ်မှာလည်း မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ကူညီသွားဖို့ နော်ဝေဘုရင် Harald (ဟာဒါးလ်) က ပြောကြားခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေရဲ့ စိန်ခေါ်မှုတွေကို သတိချပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

“အကူးအပြောင်းဖြစ်စဉ်မှာ ခင်ဗျားတို့ ရင်ဆိုင်ရမယ့် အခက်အခဲတွေကို ကျွန်တော်တို့ နားလည်သဘောပေါက်ပါတယ်။ ပွင့်လင်းမြင်သာတဲ့ စီးပွားရေးစနစ်ကို ကူးပြောင်းရာမှာ ခင်ဗျားတို့ ကျော်လွှားရမယ့် အခက်အခဲ များစွာရှိပါလိမ့်မယ်။ ဆက်ပြီးတော့ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာလည်း စိန်ခေါ်မှုတွေကို ရင်ဆိုင်ရဦးမှာပါ။ ရေရှည်တည်တန့်ခိုင်မာတဲ့ ငြိမ်းချမ်းရေးရယူ တည်ဆောက်တဲ့ ဖြစ်စဉ်မှာ အချိန်ယူရပါမယ်။”

ဒီမိုကရေစီ ပြည့်ဝတဲ့ နိုင်ငံတခုဖြစ်လာရေး မြန်မာပြည်သူတွေရဲ့ ကြိုးစားမှုကို အသိအမှတ်ပြု အားကျမိကြောင်း နော်ဝေဘုရင် Harald (ဟာဒါးလ်) က ရန်ကုန်တက္ကသိုလ်မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

“နော်ဝေးနိုင်ငံသားတွေရဲ့ ကိုယ်ပိုင်ရပိုင်ခွင့်တွေဖြစ်တဲ့ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ ဒီမိုကရေစီ အစရှိတဲ့ တန်ဖိုးရှိတဲ့ အရာတွေကို ရယူဖို့ မြန်မာပြည်သူတွေက စိတ်အားထက်သန်စွာ ကြိုးပမ်းအားထုတ်နေတာကို ကျွန်တော်တို့ လေးစားမိပါတယ်။ ခက်ခဲတဲ့ အတိတ်ကာလတွေကို မျှော်လင့်ချက်ရှိတဲ့ အနာဂတ်အဖြစ် ပြောင်းလဲဖို့ ကြိုးစားနေကြတာကိုလည်း ချီးကျူးပါတယ်။ ခင်ဗျားတို့ ရှေ့ဆက်လုပ်ဆောင်ရမယ့် ခက်ခဲတဲ့ ရှေ့လုပ်ငန်းစဉ်တွေမှာ အထောက်အကူပေးဖို့ ကျွန်တော်တို့ ဒီနေရာကို ရောက်နေရတာပါ။”

မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့နဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးလာရေး ဦးစားပေး ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

“နော်ဝေနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံတခုဖြစ်ခဲ့ပါတယ်။ များပြားလှတဲ့ သဘာ၀ သယံဇာတတွေကို သတိကြီးကြီးနဲ့ စီမံခန့်ခွဲနိုင်ခဲ့မှုကြောင့် ကျွန်တော်တို့ နော်ဝေပြည်သူတွေဟာ ကောင်းမွန်တဲ့ လူမှုဘဝကို ခံစားနေရပါပြီ။ အဓိကအားဖြင့် ပညာရေးနဲ့ ကျန်းမာရေး နယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နံှခဲ့ပြီးတော့ ကျွန်တော်တို့ရဲ့ လူ့အရင်းအမြစ်တွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။”

နော်ဝေဘုရင်ရဲ့ ရန်ကုန်တက္ကသိုလ် မိန့်ခွန်းဟာ အပြုသဘောဆောင်တဲ့ တိုက်တွန်းမှုတွေ ဖြစ်တယ်လို့ တက်ရောက်သူတွေက သုံးသပ်ပါတယ်။ နော်ဝေအစိုးရရဲ့ မြန်မာအပေါ် အကူအညီပေးမှုတွေနဲ့ နော်ဝေဘုရင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် မြန်မာပြည်သူ့ဖိုရမ် လုပ်ငန်းအဖွဲ့ အမှုဆောင် ဒါရိုက်တာ ကိုကျော်လင်းဦးက အခုလို သုံးသပ်ပါတယ်။

“လက်ရှိမှာ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ကလည်း နိုင်ငံတကာ အကူအညီတွေက တော်တော်လေး လိုအပ်နေသေးတဲ့ အနေအထားမျိုး ဖြစ်နေတဲ့အခါကျတော့ ဒီနော်ဝေနိုင်ငံအနေနဲ့ ဒီလိုကူညီတဲ့ဟာက တော်တော်လေးကို အကျိုးရှိပါတယ်။ နောက်တခုကတော့ ကျနော် ဒီနေ့ ဒီဘုရင်ကြီးရဲ့ မိန့်ခွန်းတခုမှာ ကျနော်တခု သတိပြုလိုက်မိတာကတော့ ဒီနော်ဝေဆိုတာကလည်း တချိန်တုန်းက အင်မတန် ဆင်းရဲတဲ့ နိုင်ငံပါပဲပေါ့နော်။ ကမ္ဘာပေါ်မှာ ဒီလို အခြေအနေကနေပြီးတော့မှ ကမ္ဘာ့အချမ်းသာဆုံး အလှူရှင်တိုင်းပြည်တခုဖြစ်အောင် သူတို့ ကြိုးစားရုန်းကန်ခဲ့ရတယ် ဆိုတဲ့ဟာကို တွေ့ရတဲ့အခါကျတော့ ကျနော်တို့ တိုင်းပြည်လည်း ဒီလို ကြိုးစားရုန်းကန်မှုတွေ အများကြီး လုပ်ရမယ်လို့ ကျနော် မြင်တယ်။ နောက်တခုကတော့ ဒီလို ကြိုးစားရုန်းကန်မှုတွေ အများကြီး လုပ်တဲ့နေရာမှာ နော်ဝေလို တိုင်းပြည်မျိုးရဲ့ အကူအညီတွေ အများကြီး ကျနော်တို့ တိုင်းပြည်အတွက် လိုအပ်တယ်လို့ ထင်ပါတယ်။”

ယုံကြည်မှုတည်ဆောက်ခြင်းနဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက် ကြိုးစားခဲ့သူ ကရင်အမျိုးသား David Taw (ဒေးဗစ်တော) ကို အစွဲပြုပြီး David Taw ပညာသင်ဆု ရန်ပုံငွေတခုကို မတည်ထားကြောင်းလည်း ယနေ့မိန့်ခွန်းနဲ့ တပါတည်း ကြေညာခဲ့ပါတယ်။ နော်ဝေးနိုင်ငံက ထောက်ပံ့မယ့် David Taw ပညာသင်ဆုဟာ မြန်မာနိုင်ငံအနှံ့က သမိုင်းနဲ့ လူမှုရေး ဘာသာရပ်တွေမှာ ထူးချွန်ကြတဲ့ ကျောင်းသားတွေကို ရွေးချယ် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

နော်ဝေးဘုရင် Harald (ဟာဒါးလ်) နဲ့ မိဖုရား Sonja (ဆွန်ရာ) တို့ဟာ မနေ့က ဒီဇင်ဘာလ ၁ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ နေပြည်တော်မှာ သီးသန့် တွေ့ဆုံခဲ့ပါတယ်။ ဒီဇင်ဘာလ ၁ ရက်ကနေ ၅ ရက်နေ့အထိ ခရီးစဉ်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံတို့ကို လည်ပတ်ဖို့ရှိတဲ့အပြင် လူထုအခြေပြု အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

XS
SM
MD
LG