သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုပါကြီးအမှု အရပ်ဘက်တရားရုံးမှာ စစ်ဖို့ လူ့အခွင့်အရေးကော်မရှင် အကြံပြု


စစ်တပ်ရဲ့ ပစ်ခတ်မှုနဲ့ သေဆုံးခဲ့ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှုကို နိုင်ငံသား အခွင့်အရေးနဲ့အညီ အရပ်ဘက် တရားရုံးမှာ စစ်ဆေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အကြံပြုလိုက်ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ ကိုပါကြီးသေဆုံးမှုမှာ တပ်ဘက်က အချိန်နဲ့တပြေးညီ ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ခြင်း မပြုခဲ့သလို တပ်တွင်း အဆင့်ဆင့် ဆောင်ရွက်ရမယ့် လုပ်ထုံးလုပ်နည်းတွေမှာ အားနည်းချက်တွေ ရှိခဲ့တယ်ဆိုတာကိုလည်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဘက်က အသေးစိတ် ထောက်ပြပြောဆိုထားပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကိုအောင်ကျော်နိုင် (ခေါ်) ကိုပါကြီး သေဆုံးမှုနဲ့ ပတ်သက်တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှု ထုတ်ပြန်ချက် သတင်း အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ညွှန်ကြားချက်နဲ့ အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှု အဖြစ်မှန်နဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း ရှိ-မရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်တဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး သေဆုံးမှုဖြစ်ပွားခဲ့ရာ မွန်ပြည်နယ်အထိ ကွင်းဆင်း စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုတွေအတွင်းမှာ အမှုဖြစ်ပွားခဲ့ရာ နေရာ၊ မျက်မြင်သက်သေ၊ ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ၊ ထိန်းသိမ်းစဉ်အတွင်း ပစ်ခတ်မှုဖြစ်ခဲ့တဲ့ တပ်က တပ်မတော် အရာရှိတွေနဲ့အတူ ပြန်တူးဖော်ခဲ့တဲ့ ကိုပါကြီးရဲ့ အလောင်းကို ရင်ခွဲစစ်ဆေးခဲ့တဲ့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို အသေးစိတ်စစ်ဆေးခဲ့ကြတာပါ။

ဒီဇင်ဘာ၂ရက်နေ့မှာတော့ ကိုပါကြီး သေဆုံးမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှု ကြေညာချက် ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ဒီကြေညာချက်ထဲမှာ ဖွဲ့စည်းပုံပါ နိုင်ငံသား အခွင့်အရေးနဲ့အညီ ကိုပါကြီးသေဆုံးမှုကို အရပ်ဖက်ဆိုင်ရာ တရားရုံးမှာ စစ်ဆေးဖို့ အဓိက တိုက်တွန်း အကြံပြုထားတယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဦးဆောင်သူ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“အဓိကကတော့ ၂ ချက်ပဲ၊ ရဲတပ်ဖွဲ့က သေမှုသေခင်း ဖွင့်ထားပြီ ဆိုရင်တော့ ဒီအမှုကိစ္စဟာ သူတို့ ဆုံးခန်းတိုင်အောင် လုပ်ဖို့လိုတယ်။ ဒါကိုကျနော်တို့ တိုက်တွန်းတယ်၊ အားပေးတယ်။ အဲဒီတော့ ဒီတိုက်တွန်းတဲ့ တွန်းအားပေးချက်က ရဲကိုလည်း ပေးတာဖြစ်သလို၊ သက်သေထွက်ဆိုဖို့ လိုအပ်နေတဲ့ တပ်မတော်ကိုလည်း ကျနော်တို့ တိုက်တွန်းတဲ့သဘော သက်ရောက်ပါတယ်။ နောက်ဆုံး ကျနော်တို့ ဖော်ပြတဲ့အချက်မှာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၃၄၇ ပါ အကျိုးကို ကိုပါကြီး ရခွင့်ရှိပါတယ်။ သူက မှတ်ပုံတင်အတု ကိုင်တယ်ဆိုသော်လည်းပဲ သူဟာနိုင်ငံသား ဖြစ်တယ်လို့ ကျနော်တို့က ဆုံးဖြတ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံသားဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေး ရသင့်ပါတယ်။ ဒါ့ကြောင့် ပွင့်လင်းမြင်သာမှု ရှိစေရန်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တရားစီရင်မှု မျှတမှု၊ နောက် တရားဥပဒေရဲ့ အကာအကွယ် ရခွင့်ရှိတဲ့အတွက် နယ်ဖက်တရားရုံးမှာ စစ်သင့်ပါတယ်လို့ ဒါကိုကျနော်တို့ အဓိကအချက်အနေနဲ့ ထောက်ခံအကြံပြုထားတာ ဖြစ်ပါတယ်။”

ကွင်းဆင်းစစ်ဆေးချက်တွေအရ ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင်ကို ဖမ်းဆီးစစ်ဆေးစဉ်နဲ့ ထိန်းသိမ်းထားစဉ်အတွင်း တပ်တွင်းအဆင့်ဆင့် ဆောင်ရွက်ရမယ့် လုပ်နည်းလုပ်နည်းတွေကို ရှင်းလင်း ညွှန်ကြားချက် အားနည်းခဲ့သလို သေဆုံးသွားခဲ့ပြီးနောက်မှာလည်း အလောင်းမြှုပ်နှံမှု မှတ်တမ်းတွေကို စနစ်တကျ ဆောင်ရွက်ခြင်းမရှိခဲ့တာ နဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်မှု အားနည်းခဲ့တာကိုလည်း စုံစမ်းစစ်ဆေးမှု ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

“၄ ရက်နေ့ သေဆုံးတာနဲ့ ပတ်သက်လို့ကတော့ အမှန်အတိုင်းပြောရင်တော့လည်း တပ်ဖက်က ထွက်ဆိုချက်ပဲ ရနိုင်တာကိုး။ အဆင့်ဆင့် ကြီးကြပ်မှု အားနည်းတာကတော့ ကျနော်တို့ စစ်ဆေးလို့ တွေ့ရှိတဲ့အချက်ကို ဖော်ပြတာပါ။ အဆင့်ဆင့် စီမံမှုအားနည်းတယ်၊ ကြီးကြပ်မှု အားနည်းတဲ့အတွက် နောက်ဆုံးမှာ သေဆုံးတဲ့အဆင့် အထိအောင် ဖြစ်စဉ်က ဖြစ်သွားတယ်ဆိုတဲ့ သဘောမျိုး ကျနော်တို့ တွေ့ရှိရပါတယ်။ အမှန်တော့ စနစ်တကျ ထိန်းသိမ်းမယ် ဆိုရင်တော့ ဒီပုဂ္ဂိုလ်က၊ ကိုပါကြီးက ထွက်ပြေးလို့ ကျိုးပမ်းတဲ့အဆင့်ကို မရောက်နိုင်ဘူးလို့ ကျနော်တို့က ဒီလိုယူဆတာပေါ့ဗျာ။”

အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်အပေါ် ကိုပါကြီး မိသားစုဘက်က ဥပဒေ အကျိုးဆောင်ရှေ့နေ ဦးရော်ဘတ်စန်းအောင် က အခုလို သုံးသပ်ပါတယ်။

“နယ်ဖက်တရားရုံးမှာ စစ်ဆေးသင့်တယ်ဆိုတာနဲ့ ဒါကပြီးပြည့်စုံမလားဗျ။ ဒီလိုယေဘုယျဆန်တဲ့ အစီရင်ခံစာမျိုးကတော့ အခုလို နိုင်ငံတခုအတွက် အမြင့်ဆုံး လူ့အခွင့်အရေး ကော်မရှင်က မထုတ်ပြန်သင့်ဘူး။ ကျယ်ပြန့်တဲ့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှု ဖြစ်အောင်တော့ ကျနော်တို့ ဆက်ဆောင်ရွက်မှာပဲ။ အခုက ဒီဥစ္စာကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်လို အဆင့်မြင့်တဲ့ နေရာမှာစစ်မှ ကျနော်တို့ရဲ့ လုံခြုံရေးဟာ အာမခံချက်ရှိမှာ။”

ကာကွယ်ရေးဝန်ကြီးဌာနဘက်က ကိုပါကြီးကို KKO အဖွဲ့ရဲ့ ပြန်ကြားရေး အဆင့်ရှိတဲ့ ဗိုလ်ကြီး အောင်နိုင် အဖြစ်နဲ့ ထုတ်ပြန်ထားတဲ့အပေါ်မှာ KKO အဖွဲ့ဝင်ဖြစ်တယ်ဆိုတဲ့ အထောက်အထား အခိုင်အမာ မတွေ့ရဘူးလို့ ဖော်ပြပါရှိတဲ့ အကြောင်း ကော်မရှင်ရဲ့သုံးသပ်ချက်ကို ဦးစစ်မြိုင်က အခုလို ရှင်းပြပါတယ်။

“သူတို့က KKO ဗိုလ်ကြီးဆိုတာနဲ့ ပတ်သက်လို့ ကျနော်တို့ အနေနဲ့ အတည်ပြု အထောက်အထား မရရှိဖူးဆိုတဲ့ သဘောထား ကျနော်တို့ ဖော်ပြထားပါတယ်။ သတင်းထောက် အနေနဲ့ကတော့ ထွက်ဆိုချက်များအရ သူက အလွတ်သတင်းထောက် ဖြစ်တယ်လို့ ကျနော်တို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ သို့သော်လည်း KKO, DKBA, ABSDF တို့နဲ့တော့ တော်တော်လေး ရင်းရင်းနှီးနှီး နီးနီးကပ်ကပ်၊ ထဲထဲဝင်ဝင် ဆောင်ရွက်မှုရှိတယ် ဆိုတာလည်း ကျနော်တို့တွေ့ရှိပါတယ်။”

ကိုပါကြီး သေဆုံးမှု ရင်ခွဲစစ်ဆေးချက်တွေမှာ သေဆုံး ဒဏ်ရာတွေနဲ့ ပတ်သက်လို့ တွေ့ရှိချက်တွေအပေါ် ကိုပါကြီးရဲ့ ဇနီးဖြစ်သူ မသန္တာက မှန်ကန် ရှင်းလင်းမှု မရှိဘူးလို့ သူ့အမြင် အခုလို ပြောပါတယ်။

“စုံစမ်းစစ်ဆေးရေး ထုတ်ပြန်ကြေညာချက်မှာ အားနည်းချက်တွေ ကျမတို့တွေ့တယ်။ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အပေါ်မှာ ဒဏ်ရာနဲ့ ပတ်သက်တာတွေလည်း ဒီလိုပဲ သူတို့ထုတ်ပြန် ကြေညာချက်ကလည်း တပ်မတော် ထုတ်ပြန်ကြေညာချက်နဲ့ လွဲနေတာတွေ့တယ်။ စဉ်းစားစရာတွေ အများကြီးရှိတယ်ပေါ့နော်။”

အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနဲ့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ သတင်းမီဒီယာ စောင့်ရှောက်ကာကွယ်ရေးအဖွဲ့တွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေဘက်က ဒီအမှုကို တရားဥပဒေနဲ့အညီ လွတ်လပ်ပြီး စုံစမ်းစစ်ဆေးမှုတွေ တရားမျှတစွာ ဆောင်ရွက်ဖို့ကို မြန်မာအစိုးရကို တိုက်တွန်း ပြောဆိုနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG