သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNFC လုပ်ဆောင်ချက် ပံ့ပိုးနိုင်ရေး ဖက်ဒရယ် ပြည်ထောင်စုတပ်ဖွဲ့စည်း


UNFC
UNFC

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကိစ္စရပ်အတွက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ မထိခိုက်အောင် ထိန်းသိမ်းကြီးကြပ်ဖို့ ရည်ရွယ်ချက်နဲ့ UNFC (ခေါ်) ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ FUA လို့ခေါ်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် စစ်ဦးစီးအဖွဲ့ကနေ ထိုင်း-မြန်မာနယ်စပ် တနေရာမှာ ပထမအကြိမ် အစည်းအဝေးပွဲ ကျင်းပခဲ့ပါတယ်။

ဒီအစည်းအဝေးကနေ ဘယ်လိုထူးခြားမှုတွေ ရှိနေသလဲဆိုတာကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ကနေ စုဖွဲ့ထားတဲ့ FUA လို့ခေါ်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် စစ်ဦးစီးအဖွဲ့ကနေ ထိုင်း-မြန်မာနယ်စပ် တနေရာမှာ အစည်းအဝေး ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေး ကျင်းပရတဲ့ အခြေအနေနဲ့ ပက်သက်လို့ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ရဲ့ အကြံပေးအဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလို ပြောပါတယ်။

“FUA ဆိုတာ UNFC ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ခံယူတဲ့ တပ်ဖွဲ့ဖြစ်တဲ့အခါကျတော့ အခုလက်ရှိ UNFC ကနေပြီးတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဒီလမ်းကြောင်းပေါ်မှာ သွားနေတဲ့အခါကျတော့ FUA ကလည်း ဒီလမ်းကြောင်းကို အထောက်အကူပြုဖို့ အထောက်အကူဖြစ်စေဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ အခုလက်ရှိ စုဖွဲ့မှုကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပေါ်ပေါက်လာအောင် လုပ်ရမယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပေါ်ပေါက်လာပြီးရင် သဘောတူညီချက်ကို ဖောက်ဖျက်မှုမရှိအောင် ထိန်းသိမ်းကွပ်ကဲရမယ်၊ ထိန်းသိမ်းရမယ်။ နောက်ပြီးတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာအောင် ပံ့ပိုးရမယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ အေးအေးချမ်းချမ်းနဲ့ တည်တည်ငြိမ်ငြိမ် လုပ်နိုင်အောင် ကာကွယ်ရမယ် စသဖြင့် ဒီလမ်းကြောင်းပေါ်မှာပဲ ရှိပါတယ်။ ဒီဖက်ဒရယ်တပ်ဖွဲ့တွေဟာ အဖွဲ့အစည်း ၁၂ ဖွဲ့ ပါဝင်ပြီးတော့ အခု ကျနော်တို့ စုပေါင်းပြီးတော့ အလုပ်လုပ်ကြတဲ့ သဘောပါ။”

FUA လို့ခေါ်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ဟာ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတာပါ။

နိုဝင်ဘာလကုန်မှာ ကျင်းပတဲ့ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် စစ်ဦးစီးအဖွဲ့ ပထမအကြိမ် အစည်းအဝေးမှာ UNFC ရဲ့ ကာကွယ်ရေးဌာနဆိုင်ရာ တာဝန်ခံ၊ ဒုတိယတာဝန်ခံတို့ရဲ့ ဦးဆောင်ကြီးကြပ်မှုနဲ့ အဖွဲ့ဝင်အသီးသီးက စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်ကိုယ်စားလှယ်တွေအပြင် အကြံပေးပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒီအစည်းအဝေးကနေ တပ်မတော် စစ်ဦးစီးအဖွဲ့တို့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး တောင်ပိုင်းနဲ့ မြောက်ပိုင်း စစ်ဒေသတွေကို သတ်မှတ်နိုင်ခဲ့ပါတယ်။ တောင်ပိုင်းစစ်ဒေသ စစ်ဦးစီးချုပ်ကတော့ KNU–KNLA ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဘောကျော်ဟဲ ဦးဆောင်သွားမှာဖြစ်သလို မြောက်ပိုင်းစစ်ဒေသကို KIO က ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂန်ရှောင်ကနေ ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

KNU ကရင်အမျိုးသား အစည်းအရုံးဟာ UNFC အဖွဲ့ကနေ နှုတ်ထွက်သွားပြီဆိုပေမဲ့လည်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ဘက်ကတော့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်တွင်းမှာ ပါဝင်နေပါသေးတယ်။ ဒီစစ်ဒေသကို ဖွဲ့စည်းရတာဟာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ ကြားကာလမှာ တပ်မတော်ကနေ ထိုးစစ်ဆင်လာမယ့်အပေါ် ကာကွယ်ဖို့ ဖွဲ့စည်းထားတယ်လို့လည်း အစည်းအဝေး တက်ရောက်သူ အမည်မဖော်လိုသူ အကြီးတန်း စစ်ဘက်အရာရှိတဦးက ပြောပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေးကို လုံး၀ လက်မခံဘူးလို့ KNU ခေါ် ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌ ဆေးဖိုးမူတူးတို့အဖွဲ့နဲ့ နိုဝင်ဘာလကုန် တွေ့ဆုံဆွေးနွေးစဉ်မှာ ပြောဆိုခဲ့ပါတယ်။

UNFC အနေနဲ့ အခုလို ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းတဲ့ ကိစ္စရပ်နဲ့ပက်သက်ပြီး ကွဲလွဲချက်ရှိနေတဲ့ အနေအထားအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့အမြင်ကို မေးမြန်းရဦးမယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က အခုလို ပြောပါတယ်။

“သူဆိုလိုတဲ့ ပြည်ထောင်စုတပ်မတော်ဆိုတာ အနာဂတ်မှာ ဖွဲ့စည်းမယ့်ဟာကိုပဲ ညွှန်းသလား၊ သို့တည်းမဟုတ် လက်ရှိ UNFC ရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာရှိနေတဲ့ အဖွဲ့ပေ့ါဗျာ ဖက်ဒရယ်တပ်ဖွဲ့တွေကိုပဲ ညွှန်းသလားပေါ့ အဲ့ဒီ ၂ ခုတော့ ကျနော်တို့က မရှင်းသေးတော့ သူက ရောပြီးတော့ပဲ ပြောလိုက်သလားတော့ မသိဘူးပေါ့လေ။”

လက်ရှိ အနေအထားအရ မြန်မာအစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT တို့အနေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာ တိကျရေရာတဲ့အဖြေ မရရှိသေးသလို တိုင်းရင်းသားဒေသတွေမှာ စစ်ရေးတင်းမာမှုတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း NCCT အနေနဲ့ အခက်အခဲကြားထဲကနေ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသား အင်အားစုတွေအားလုံး တပ်ဖွဲ့တွေအားလုံးကတော့ နိုင်ငံရေးဆွေးနွေးပွဲက ကျနော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တော့ နိုင်ငံရေးဆွေးနွေးပွဲရောက်ရှိအောင် ကျနော်တို့ အစွမ်းကုန် ကြိုးစားကြမှာပါ။ အဖျက်အမှောင့်တွေ ရှိသော်လည်းပဲ လက်လျှော့မှာတော့ မဟုတ်ဘူးဗျ။”

ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် စစ်ဦးစီးအဖွဲ့ ပထမအကြိမ် အစည်းအဝေးကို ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ် KIO၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီ၊ ပလောင်လွတ်မြောက်ရေးအဖွဲ့ချုပ်၊ ချင်းအမျိုးသားတပ်မတော် CNF၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP၊ လားဟူအဖွဲ့တို့ တက်ရောက်ခဲ့ကြပြီး၊ ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့နဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်၊ မိုင်းလားအဖွဲ့တွေကတော့ တက်ရောက်နိုင်ခြင်း မရှိပါဘူး။

ဒီဖက်ဒရယ် ပြည်ထောင်စု တပ်မတော် စစ်ဦးစီးအဖွဲ့ အစည်းအဝေးကနေ ပြီးခဲ့တဲ့နိုဝင်ဘာ ၁၉ ရက်နေ့က မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် KIO ဗိုလ်လောင်း ၂၃ ဦး ကျဆုံးသွားတဲ့ကိစ္စ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် SSPP/SSA ရဲ့ တာဖါဆောင်း ကူးတို့ဆိပ်ဒေသကို အင်အားသုံးပြီး သိမ်းပိုက်ခဲ့တဲ့ကိစ္စ၊ ပလောင်လွတ်မြောက်ရေးအဖွဲ့ချုပ်ကို ထိုးစစ်ဆင်နေတဲ့ကိစ္စနဲ့ ပက်သက်ပြီး ကန့်ကွက်ရှုတ်ချကြောင်း ဒီကနေ့မှာ ကြေညာချက် ထုတ်ပြန် ဖြန့်ဝေခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံသားအားလုံး မျှော်လင့်တောင့်တနေတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဖို့အတွက် ကြိုးပမ်းနေတဲ့ ကာလမှာ စစ်ဆင်မှုတွေ ရန်လိုမှုတွေ ရပ်ဆိုင်းပေးဖို့ကိုလည်း ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် စစ်ဦးစီးအဖွဲ့ကနေ တောင်းဆိုခဲ့ပါတယ်။

နိုင်ကွန်းအိန်ရဲ့ သတင်းပေးပို့ချက်မှာပါဝင်တဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ FUA လို့ခေါ်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အမြင်ကို ဆက်ပြီး တင်ပြလိုပါတယ်။ ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း မကြာသေးခင်က နေပြည်တော်ကို ရောက်ရှိစဉ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သီးခြားတွေ့ဆုံမေးမြန်းရာမှာ ဒီအကြောင်းကိုလည်း မေးမြန်းခွင့်ရခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့ ငြိမ်းချမ်းရေးမှာပဲ အခု ဗိုလ်ချုပ်မှူးကြီးလည်း စောစောက တော်တော်လေးရှင်းပြခဲ့ပါတယ်။ ဒီ်နေရာမှာ တိုင်းရင်းသားတွေက ပြောတဲ့အချက်တွေထဲမှာ တိုင်းရင်းသားတွေက ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်ဆိုတဲ့ စကားလုံး အသုံးအနှုန်းလေးတွေကို မကြာခဏတွေ့ပါတယ်။ တောင်းဆိုချက်တွေ ပြင်းပြင်းထန်ထန် ရှိပါတယ်။ တပ်မတော်အနေနဲ့ ဒီအချက်တွေကို ကြားထဲမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တပ်မတော်နဲ့ကြားမှာ ဘာများကွဲလွဲမှုရှိလဲ။ ဖက်ဒရယ်-ဆိုတဲ့ စကားလုံး စကားရပ်တွေကြားမှာ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ အင်း…ပြဿနာကတော့ ဖက်ဒရယ်ရဲ့ definition ပေါ့။ အဲဒီတော့ အရင် ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောသွားတာတွေ ရှိတယ်။ ယူနီယံတို့၊ ဖက်ဒရယ်တို့ ပြောတာစကားရှုပ်ပါတယ်ကွာ-တဲ့။ wording ကတော့ ကျနော် အတိအကျ မဟုတ်ဘူးပေါ့နော်၊ အဲဒီသဘောပေါ့- ရှုပ်တယ်၊ တို့ မြန်မာလိုပဲ ပြည်ထောင်စုပဲ ခေါ်တာကောင်းတယ်ဆိုပြီးတော့ ပြည်ထောင်စုဆိုတဲ့အသုံးအနှုန်းလေး သူစခဲ့တာပါ။ ဒီစကားလုံးလေး ကျနော်တို့ မှတ်သားမိဖူးပါတယ်။ အရေးကြီးတာတော့ ဖက်ဒရယ်တို့၊ ပြည်ထောင်စုတို့ အဓိပ္ပာယ်လိုချင်တာ လျှောက်ဆွဲထုတ်မယ့် အစား တကယ်တော့ ကျနော်တို့ တိုင်းရင်းသားအားလုံးစုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ နေဖို့အတွက်ပေါ့လေ၊ ဒီလိုဆိုချင်ပါတယ်။ သူတို့ပြောနေတဲ့ ဖယ်ဒရယ်ဆိုတာကတော့ သူတို့ရဲ့ ဖယ်ဒရယ် UNFC ရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရေးထားတဲ့အချက်အလက် နောက် သူတို့ရေးထားတဲ့ အချက်အလက်၊ နောက်သူတို့ပြောတဲ့ ပြောမယ်ဆိုရင်တော့ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့တော့မတူဘူး၊ ကွဲပြားမှုရှိနေတာကို သွားတွေ့တယ်။ ခုနကပြောတဲ့ဖယ်ဒရယ် ပြည်ထောင်စုတပ်မတော်ပေါ့ ။ ဖယ်ဒရယ် ယူနီယံအာမီပေါ့ FUA ပေါ့၊ ဖယ်ဒရယ် ယူနီယံအာမီကလည်း သူတို့ ဖွဲ့ဖို့အတွက် ဖွဲ့ထားတာ၊ အဲ့ဒီခုနက ဖယ်ဒရယ် ပြည်ထောင် - UNFC ထဲမှာ ပါပါတယ်။ ဒီလိုသာဆိုလို့ရှိရင် ကျနော်တို့ဆီမှာလည်း တပ်မတော်ရှိတာပေါ့၊ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာတော့ အမျိုးသားတပ်မတော်ဆိုတာ ရှိတယ်၊ ကျနော်တို့ဆီမှာ ဆို ကျနော်တို့ တပ်မတော်ပေါ့၊ ဘယ်နိုင်ငံမှာ ကြည့်ကြည့် အမျိုးသားတပ်မတော်ဆိုတာ တစ်ခုပဲ ရှိတယ်၊ နှစ်ခု သုံးခု အပြိုင်ဖွဲ့ထားတာ ဘယ်မှာမှ မရှိဘူး။ Even အမေရိကန်လည်းမရှိဘူး၊ အိမ်းနီးနားချင်း အိန္ဒိယလည်း မရှိဘူး၊ တရုတ်လည်းမရှိဘူး၊ ထိုင်းလည်းမရှိဘူး၊ ဘင်္ဂလားဒေ့ရှ်လည်း မရှိပါဘူး၊ ဒါ နိုင်ငံတကာ စံနှုန်းနဲ့ ကြည့်မယ်ဆိုရင်ပေါ့၊ ကျနော်တို့တပ်မတော်ပေါ့၊ ကျနော်တို့ တပ်မတော်ဟာ တိုင်းရင်းသားအားလုံးနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်ဖြစ်ပါတယ်၊ အရာရှိထဲမှာဆိုရင် (၄၅၀၀) တိုင်းရင်းသားအရာရှိတွေဖြစ်ပါတယ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်အထိ ရှိတယ်၊ ကျွန်တော်ကိုယ်တိုင်ပင်လျှင် ထားဝယ်က ဖြစ်ပါတယ်။ မိဘတွေက ထားဝယ်က ဖြစ်ပါတယ်။ အဲ ကျွန်တော်က မြန်မာစိတ်ရှိပါတယ်။ မြန်မာစိတ်ပါပဲ။ အဲ့တော့ ဒီ နေရာမှာလည်း စောစောကပြောတဲ့ ဖက်ဒရယ် တပ်မတော်တပ်မတော်လို့ပြောရင် ကျနော်တို့ တပ်မတော်မှာလည်း စစ်မှုထမ်းတဲ့ စဉ်းမျဉ်းစဉ်းကမ်းတွေရှိတယ်၊ မည်သည့်တိုင်းရင်းသားမဆို ၁၈ နှစ်ပြည့်ပြီးတဲ့ မိမိသဘောဆန္ဒအလျှောက်ပြည့်တဲ့ ၊ ဆန္ဒအလျှောက် တာဝန်ထမ်းဆောင်တဲ့ ၁၈ နှစ်ပြည့်တယ်၊ ကျန်းမာသန်စွမ်းတဲ့သူဆိုရင်တော့ တပ်မတော်က စံချိန် သတ်မှတ်ထားချက်တော့ ရှိတာပေါ့ဗျာ၊ ၁၃ ချက်ပေါ့၊ ၁၃ ချက်နဲ့ ကိုက်ညီမယ်၊ ကိုယ်တိုင်ဆန္ဒပြုမယ်၊ အသက် ၁၈ နှစ် ပြည့်ပြီးမယ် အဲ ဆိုလို့ရှိရင်တော့ မည်သည့် တိုင်းရင်းသားမဆို တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်ပိုင်ခွင့်ရှိပါတယ်။ အဲလုပ်လို့လည်းရပါတယ်၊ စစ်မှုထမ်းစည်းမျဉ်စဉ်းကမ်းနဲ့ ပေါင်းမယ်ဆိုရင် ဒါ အများကြီးဖြစ်တာပေါ့၊ အဲ့တော့ ဒီမှာတင် သူတို့နဲ့ ကျနော်တို့က နည်းနည်းလေး သဘေားထားလေးတွေ မတူတာလေးတွေဖြစ်လာတာပေါ့၊ အရင်တုန်းက ကျနော်တို့ဆီမှာလည်း တိုင်းရင်းသားတပ်တွေရှိပါတယ်။ ဥပမာ အရင် ဗမာ့ သေနတ်ကိုင်တပ်ရင်းတို့၊ ရှမ်းသေနတ်ကိုင်တပ်ရင်းတို့၊ ချင်းသေနတ်ကိုင်တပ်ရင်းတို့၊ အရင်က လွပ်လပ်ရေးမရခင်က ကျနော်တို့ လွပ်လပ်ရေးရတဲ့အချိန်မှာတပါတည်း ပါလာတဲ့ တပ်တွေရှိတယ်။ ဒါတွေလည်း အခက်အခဲတွေ အများကြီးကြုံရတယ်။ ဒါကြောင့်လည်း လူကြီးတွေက အရင်တပ်မတော် အကြီးအကဲတွေက ဒါလေးတွေကို နံပါတ်တစ်အရ လူတွေကိုပြောင်းလဲ ဖွဲ့စည်းတာပေါ့၊ တခါ ခြေလျှင် ခြေမြန်တွေနဲ့ နံမည်ပြောင်းပြီးတော့ တပ်မတော်ပုံစံတခုတည်းနဲ့ ပြောင်းခဲ့တာဖြစ်ပါတယ်။ တပ်မတော်ဆိုတာကတော့ စည်းစည်းလုံးလုံးရှိမှဖြစ်မယ်။ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့အတွက် တပ်မတော်ဆိုတာ ကွဲနေလို့ မရဘူး။ ဒါကြောင့် စုစည်းညီညွတ်တဲ့ တပ်မတော်တခုဘဲ ရှိဖို့သင့်တယ်လို့ ကျနော်တို့ ယူဆတယ်။

ဦးသန်းလွင်ထွန်း။ ။ အခုတော့ လက်ရှိတပ်မတော်အနေနဲ့က ပြောရမယ်ဆိုလို့ရှိရင် ပြည်ထောင်စုတပ်မတော်၊ ဒါပေမယ့်လည်း တဘက် အသုံးအနှုန်း အနေနဲ့ဆိုလို့ရှိရင် ဖက်ဒရယ်တပ်မတော်ဆိုတဲ့သဘောမျိုး ပြောနိုင်ပါသလား။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ ။ ဒီလိုပါပဲ။ ဒီအဓိပ္ပာယ်ပါပဲ။ ပြည်ထောင်စုတပ်မတော်ပါပဲ။ တိုင်းရင်းသားအားလုံး - ကျနော်တို့ကောက်နုတ်ထားတဲ့ စာရင်းမှာဆိုရင် တိုင်းရင်းသားအားလုံးရှိတယ်။ တပ်မတော်ထဲမှာ တိုင်းရင်းသားအားလုံးရှိတယ်။ တချို့လည်းကပြား၊ တချို့လည်း တိုင်းရင်းသား စစ်စစ်တွေ ရှိပါတယ်။ လက်ရှိလည်း တပ်သားကနေစပြီးတော့ အရာခံဗိုလ်အထိ အခြားအဆင့်ပေါ့။ ရှိတယ် ။ အရာရှိဆိုလို့ရှိရင်လည်း စောစောက ပြောသလို အရာရှိငယ်ကနေ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ တိုင်းရင်းသားတွေရှိတယ်ဆိုတာ ပြောလိုတယ်။

XS
SM
MD
LG