သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ရေးဝန်ကြီး Hagel နေရာခန့်အပ်မှု ဒုတိယဝန်ကြီးတစ်ပြေး


အမေရိကန် ဒုတိယကာကွယ်ရေးဝန်ကြီး Ashton Carter ဟာ ကာကွယ်ရေးဝန်ကြီး ရာထူးကနေ ဖိအားပေးမှုကြောင့် မကြာသေးခင်က နှုတ်ထွက်စာတင်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး Chuck Hagel နေရာမှာ အစားထိုးခန့်အပ်ဖို့ အမည်တင်သွင်းခြင်းခံရမယ့် သူတွေအနက် ထိပ်က ပြေးနေပါတယ်။

အိမ်ဖြူတော်ပြောခွင့်ရ Josh Ernest က အင်္ဂါနေ့က ဒီကိစ္စနဲ့ ပတ်သတ်ပြီး သူ့အနေနဲ့ ထုတ်ပြန်ကြေညာဖို့ မရှိပေမဲ့ Carter ရဲ့ အရည်အသွေးတွေကို ချီးကျူးထောက်ပြခဲ့ပြီး Carter ဟာ ကာကွယ်ရေးဝန်ကြီး ရာထူးအတွက် သမ္မတအိုဘားမား စဉ်းစားမယ့်သူတွေထဲမှာ ပါဝင်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးအရ သဘောထားကွဲနေတဲ့ ဝါရှင်တန်မှာ ဒီအရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ ဒုတိယကာကွယ်ရေးဝန်ကြီး အဖြစ် အထက်လွှတ်တော်က သူ့ကို ယခင်က တခဲနက် အတည်ပြုခဲ့တာ ဖြစ်တယ်လို့ ပြောခွင့်ရက ထောက်ပြပါတယ်။ အသက် ၆၀ အရွယ်ရှိ Carter ဟာ ရူပဗေဒပညာရှင်တဦးဖြစ်ပြီး အမေရိကန် အမျိုးသား လုံခြုံရေးအသိုင်းအဝိုင်းမှာ အတွေ့အကြုံ ရင့်ကျက်သူအဖြစ် လူသိများပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှာတော့ သူဟာ တချိန်က နိုင်ငံအတွက် စစ်လက်နက် ရောင်းဝယ်ရေးဌာနမှာ အကြီးအကဲဖြစ်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၂ နှစ်နီးပါးက ဒီကာကွယ်ရေးဝန်ကြီး ရာထူးကို သူရဲ့ အထက်လွှတ်တော် ရောင်းရင်းဟောင်း Hagel ကို သမ္မတ အိုဘားမားက အမည်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ Carter ဟာ Hagel ရော အရင်က ကာကွယ်ရေးဝန်ကြီးဟောင်း Leon Panetta လက်ထက်မှာရော ဒုဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

သူဟာ Hagel ရဲ့ လက်ထောက်အဖြစ် ဒေါ်လာ ၆ ဘီလီယံ ဘတ်ဂျက်အသုံးစားရိတ်အပြင် အရပ်ဘက်နဲ့ စစ်ဘက် အမှုထမ်း ၂ သန်းကျော်ကို ကြီးကြပ်ခဲ့ရပါတယ်။ သူဟာ စစ်မှုထမ်း မဟုတ်ပေမဲ့လို့ ခေတ်မီလက်နက်ပစ္စည်းနဲ့ ပတ်သတ်ပြီးတော့ ကျယ်ပြန့်တဲ့ အတွေ့အကြုံရှိတယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

XS
SM
MD
LG