သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပိုမိုလုပ်ဆောင်ဖို့ လိုအပ်

Transparency
1/3 Transparency
Transparency
2/3 Transparency
An Airbus A400M soars during the International Aerospace Exhibition (ILA) in Schoenefeld, Germany.
3/3 An Airbus A400M soars during the International Aerospace Exhibition (ILA) in Schoenefeld, Germany.
Previous slide
Next slide

ကမ္ဘာအဝှမ်း အဂတိလိုက်စားမှုအခြေအနေတွေကို စောင့်ကြည့်တဲ့ Transparency International အဖွဲ့ရဲ့ CPI ခေါ်တဲ့ နှစ်စဉ် ကမ္ဘာအဝှမ်း အဂတိလိုက်စားမှု အခြေအနေ စစ်တမ်းထွက်ပေါ်လာရာမှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၇၅ နိုင်ငံထဲ ၁၅၆ အဆင့်နဲ့ အောက်ပိုင်းမှာပဲ ရှိနေဆဲဖြစ်ပါတယ်။

ဒါပေမဲ့လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဟာ အရေးတကြီး လိုအပ်တယ်ဆိုတာကို တာဝန်ရှိသူတွေအကြား နားလည်လက်ခံလာတာဟာ မြန်မာနိုင်ငံအတွက်တော့ တိုးတက်လာမှု တရပ်အနေနဲ့ ရှုမြင်နိုင်တယ်လို့ သမ္မတရဲ့ စီးပွားရေးအကြံပေး ဒေါက်တာ အောင်ထွန်းသက်က ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

Transparency International အဖွဲ့ရဲ့ CPI ကမ္ဘာအဝှမ်း အဂတိလိုက်စားမှု အခြေအနေ သုံးသပ်တဲ့ စစ်တမ်းထဲမှာ နိုင်ငံပေါင်း ၁၇၅ နိုင်ငံထဲ မြန်မာနိုင်ငံဟာ အဆင့် ၁၅၆ ဆိုပေမဲ့ မနှစ်တုန်းက ၁၅၇ ထက် တဆင့် တက်လာတယ်လို့ ပြောရမှာပါ။ သတ်မှတ်တဲ့ အမှတ်ပေးနှုန်းမှာတော့ ၂၁ မှတ်ဖြစ်လို့ မနှစ်ကနဲ့ အတူတူဖြစ်ပါတယ်။ စီးပွားရေးပညာရှင် ဒေါက်တာ အောင်ထွန်းသက်ကတော့ မြန်မာအနေနဲ့ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဦးစားပေးလုပ်လာပေမဲ့ ဒီစစ်တမ်းကိုကြည့်ရင် ဒီထက် လုပ်စရာ ပိုတယ်ဆိုတာကို တွေ့ရမယ်လို့ သူ့အမြင် ဗွီအိုအေကို ပြောပါတယ်။

“သူတို့ရဲ့ ကိန်းဂဏန်းက၊ သူတို့ကဒါနှစ်စဉ် ထုတ်နေကျဆိုတော့ သူတို့ Score ပေါ့နော်၊ မနှစ်ကထက် သိပ်မသိသာဘူး။ ဆရာသိသလောက်တော့ ၁% ဆိုရင် Ranking တခုတက်လာတယ်။ ၂ မျိုးကြည့်လို့ရတယ်။ Ranking နဲ့ကြည့်မလား၊ အဓိပ္ပါယ်ဖွင့်တာ တမျိုးစီပေါ့နော်။ ဒါပေမဲ့ ဆရာနားလည်ပါတယ်။ တကယ်တမ်းတော့ ဒီထက်ဆရာတို့ ပိုပြီးတိုးတက်မှု ရှိစေချင်တာပဲ။ အဲဒီတော့ Corruption ကိုလည်း သိတဲ့အတိုင်းပဲ Anti-corruption ကော်မတီတွေဘာတွေ လုပ်ပြီးတော့ ကြိုးစားနေတာလေ။ ကြိုးစားနေတယ် ဆိုပေမဲ့ ဒီအဖြေကို ကြည့်လိုက်ရင်တော့ ဒီထက်ပိုပြီး ထပ်လုပ်ရမယ်ဆိုတာ၊ ဆရာတော့ အဲဒီလိုပဲ ကိုယ်ကစဉ်းစားကြည့်တာလေ။ လုပ်စရာတွေ ကျန်သေးတယ်။ ဒီကိန်းဂဏန်းကို ကြည့်မယ်ဆိုရင်တော့ ဆရာတို့ လိုသေးတယ်၊ ဘယ်နေရာလိုမလဲ ဝိုင်းစဉ်းစားကြရမှာပဲ။”

စစ်တမ်းအရဆိုရင် မြန်မာနိုင်ငံဟာ အိမ်နီးချင်းကမ္ဘောဒီးယားနိုင်ငံနဲ့ အဆင့်တူပေမဲ့ အခြား အိမ်နီးချင်းတွေထက်ဆိုရင် အတော်ကြီး အဆင့်အောက်ပိုင်း ရောက်နေတာကြောင့် ဒေသတွင်း အဂတိလိုက်စားမှု အရှိဆုံး နိုင်ငံလို့ ပြောနိုင်ပါတယ်။ မြန်မာအောက်မှာ မြောက်ကိုရီးယားတော့ ရှိပါတယ်။ မြန်မာအပါအဝင် နိုင်ငံအချို့ဟာ နိုင်ငံအဝှမ်း အဂတိလိုက်စားမှု ပျံ့နှံ့ဖြစ်ပေါ်မှုကို ရင်ဆိုင်နေရတယ်လို့လည်း အစီရင်ခံစာ ကောက်နှုတ်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံဟာ တာဝန်ရှိသူတွေအကြားမှာ ဒီပြဿနာကို အရင်ကထက် ပိုပြီး ဂရုပြုလာတာ အားရစရာဖြစ်တယ်လို့ သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာ အောင်ထွန်းသက်က ပြောပါတယ်။

“အရင်တုန်းကဆရာတို့က ဒါကိုလုံး၀ အသိအမှတ်မပြုခဲ့ဘူးလေ။ အခုမှ ဒီဖက်ပိုင်းကျမှ Transparency International ကို နေပြည်တော်အထိဖိတ်၊ ဒီကိန်းဂဏန်းတွေကို ဆွေးနွေးကြ၊ ဘာညာဖြစ်လာတော့၊ အဲဒီအနေအထား ကျရင်တော့ ဆရာထင်တာတော့ ဒါဆရာတဦးချင်း ဆန္ဒနော်၊ ဒါတော်တော် တိုးတက်လာတယ်လို့ ဆရာတို့ပြောလို့ရတယ်။ အရင်တုန်းက ဒါကြီးကို လက်တောင်မခံတာလေ။ နောက်ပြီးတော့ အခုဆရာတို့ သိတဲ့အတိုင်းပဲ သတင်းစာမှာလည်းပါတယ်။ EITI, Extractive Industry အဲဒီဟာလည်း လုပ်တာတော့ တဖြည်းဖြည်း တဖြည်းဖြည်းပေါ့နော်၊ ဆရာတို့ Corruption ကိစ္စကို Transparent ပိုဖြစ်ရမယ် ဆိုတာကိုတော့ လူတွေအနေနဲ့ ပိုပြီးတော့ နားလည်လာတယ်၊ အရင်ကထက်စာရင်။ ဆရာတို့ အနေနဲ့ကတော့ ဒါတိုးတက်လာတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ အရင်ကတုန်းကတော့ လုံး၀ ဒါကြီးကို issue တခုအနေနဲ့တောင် မစဉ်းစားတဲ့ အခြေအနေကနေ အခုက ဒါကို ကျယ်ကျယ်ပြန့်ပြန့်လည်း ပြောလို့ရတယ်၊ ဆွေးနွေးလို့ရတယ်။ ကိန်းဂဏန်းတွေ တက်လာတာ၊ ကျလာတာ၊ အရင်တုန်းကဆိုရင် ဒီကိန်းဂဏန်းတွေကို လက်တောင်မှ မခံတဲ့ ကိစ္စလေ။ အနည်းဆုံးတော့ discuss လုပ်လို့ရတာပေါ့။ ဆရာထင်တယ် အဲဒီ discussion ကို ကြည့်ပြီးတော့ မီဒီယာကလည်း ဒါကို discussion လုပ်ပြီးရင် လူတွေအားလုံးက ဝိုင်းစဉ်းစားလို့ရတဲ့ အနေအထား ဖြစ်လာမှာပါ။”

အဂတိလိုက်စားမှု ဆင်းရဲမွဲတေမှု စီးပွားရေးဖွံဖြိုးမှုတွေဟာ ဆက်စပ်နေတဲ့ ပြဿနာရပ်တွေဖြစ်တယ်လို့ ဖွံဖြိုးမှုဆိုင်ရာလေ့လာသူတွေက ယူဆကြပါတယ်။ မြန်မာနိုင်ငံဟာ LDC ခေါ်တဲ့ ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံစာရင်းထဲ ပါဝင်နေတုန်းပဲလို့ နိုဝင်ဘာလကုန်က ထုတ်ပြန်တဲ့ UNCTAD အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ လူတဦးချင်းဝင်ငွေနည်းပါးတာ၊ ကလေးငယ် အဟာရချို့တဲ့ သေဆုံးမှုတွေ များတာ၊ စီးပွားရေးအန္တရာယ်ရှိမှုနှုန်းမြင့်မားတာတွေကို ထောက်ပြထားပါတယ်။ ဒါပေမယ့်လည်း ကုလသမဂရဲ့ LDC စာရင်း ကိန်းဂဏန်းတွေဟာ ၃၊ ၄ နှစ်လောက် နောက်ကျတာမို့ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေဆိုပြီးတော့ မပြောနိုင်ဘူးလို့တော့ ဒေါက်တာ အောင်ထွန်းသက်က ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လက်ရှိအနေအထားမှာ LDC စာရင်းကနေ ထွက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။

“တကယ်တမ်းတော့ တချို့နိုင်ငံတွေက LDC ဖြစ်နေတာကိုပဲ လက်ခံကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဆင်းရဲတဲ့အထဲ ပါတဲ့အတွက် ODA တွေ ပိုရနိုင်တယ်၊ incentive တွေ ပိုရနိုင်တယ်လို့။ ဆရာတို့တွက်တာက အဲဒီလိုမတွက်ဘူး။ LDC Status ဖြစ်ပြန်ရင်လည်း Trade တို့ဘာတို့ကျတော့ ဒီနိုင်ငံက ဆင်းရဲတဲ့နိုင်ငံမို့လို့ Foreign Direct Investment တွေဘာတွေ အတွက်က အနှောက်အယှက် ဖြစ်နိုင်တယ်။ ဒါကြောင့် ဆရာတို့က အမြန်ဆုံး LDC Status ကနေ ထွက်ချင်တာ။ ထွက်လိုက်လို့ရှိရင်တော့ Trade များများရလာမယ်၊ FDI တွေ ဝင်လာလို့ရှိရင် Aid ကို ဒီလောက်ကြီး အားကိုးစရာ အကြောင်းမရှိတော့ဘူးလေ။”

မြန်မာနိုင်ငံတွင်း အဂတိလိုက်စားမှုတွေ ပြန်နှံဖြစ်ပေါ်မှုနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တိုက်ရိုက် အချိုးကျ ပတ်သက်တယ်လို့တော့ မဆိုနိုင်ပေမယ့်၊ အဂတိလိုက်စားမှုတွေကြောင့်တော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ထိခိုက်နိုင်တယ်ဆိုတာကိုတော့ ဒေါက်တာအောင်ထွန်းသက်က လက်ခံယူဆပါတယ်။ ဒါကြောင့်လည်း Transparency International အဖွဲ့ရဲ့ ကိန်းဂဏန်းတွေကိုကြည့်ပြီး ဘယ်အပိုင်းမှာ ဘယ်လို လုပ်ရမလဲမဆိုတာကို ဆန်းစစ် ပြင်ဆင်သွားရမှာ ဖြစ်တယ်လို့လည်း ပြောသွားပါတယ်။

XS
SM
MD
LG