သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဗုဒ္ဓဘာသာမိန်းမများ ထိမ်းမြားခြင်းမူကြမ်း ဘက်စုံအားနည်း


မျိုးစောင့်ဥပဒေတွေထဲက တခုဖြစ်တဲ့ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒီဇင်ဘာလ ၃ ရက် ဗုဒ္ဓဟူးနေ့က အစိုးရပိုင်သတင်းစာတွေ ပြည်သူတွေ လေ့လာဖို့ဆိုပြီး ဖော်ပြလာပါတယ်။

ဒီဥပဒေဟာဆိုရင် လူ့အခွင့်အရေး ရှုထောင့်အရရော၊ ဥပဒေရှုထောင့်အရရော ကြည့်မယ်ဆိုရင် ဗုဒ္ဓဘာသာ အမျိုးသမီးတွေအတွက်ပဲ သီးသန့် ကာကွယ်ပေးထားပြီးတော့ အခြား ဘာသာဝင် အမျိုးသမီးတွေအတွက် လျစ်လျူရှုထားသလို ဖြစ်နေတယ်လို့ ဥပဒေပညာရှင်တွေနဲ့ လူ့အခွင့်အရေးသမားတွေက ထောက်ပြကြပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

မျိုးစောင့်ဥပဒေတွေထဲက တတိယမြောက်တခုဖြစ်တဲ့ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူတွေ လေ့လာနိုင်အောင် အစိုးရသတင်းစာတွေကနေတဆင့် ချပြလာတာပါ။ ဒီဥပဒေမူကြမ်း ထွက်ပေါ်လာပြီးပြီးခြင်းမှာပဲ ဥပဒေရှုထောင့်အရရော၊ လူ့အခွင့်အရေး ရှုထောင့်တွေမှာ အားနည်းချက်တွေ ရှိနေတယ်လို့ ပညာရှင်တွေက ထောက်ပြ ပြောဆိုကြပါတယ်။

မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းဟာ ဗုဒ္ဓဘာသာ အမျိုးသမီးတွေအတွက်ပဲ သီးသန့် အကာအကွယ်ပေးမယ့်သဘော ဖြစ်နေပြီး မြန်မာနိုင်ငံမှာ နေထိုင်တဲ့ အခြားဘာသာဝင် အမျိုးသမီးတွေကို အကာအကွယ်ပေးမှုမျိူး မရှိတာဟာ ဥပဒေတရပ် ဖြစ်လာဖို့မှာ အားနည်းချက် ဖြစ်နေတယ်လို့ ဥပဒေပညာရှင် ဦးကိုနီက ပြောပါတယ်။

“အခုလက်ရှိ အဲ့ဒီ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းသည် တော်တော်လေး မမျှမတ ဖြစ်နေတာကို တွေ့ရတယ်။ ဘယ်လိုမမျှမတဖြစ်တာတုန်းဆိုတော့ ကျနော်တို့ ဗမာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့်ပေးတဲ့ နိုင်ငံဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၂ နဲ့ ၃၆၃ မှာ ဗုဒ္ဓဘာသာအပြင် နောက်ထပ် အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ စတဲ့ ဘာသာကြီး ၃ ရပ် ရှိတယ်ဆိုတာကိုလည်း အသိအမှတ်ပြုထားတယ်။ အဲတော့ အဲ့ဒီလိုမျိုး ဘာသာအားလုံးကို အသိအမှတ်ပြုပြီး လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်ပြုထားတဲ့ အခြေအနေမှာ အခု ဗုဒ္ဓဘာသာ မိန်းမတွေကိုပဲ အထူး အကာအကွယ်ပေးမယ်ဆိုရင် တရားပါ့မလား စဉ်းစားရတော့မယ်။ ဗမာနိုင်ငံမှာ ဗုဒ္ဓဘာသာ ကိုးကွယ်သော မိန်းမများအပြင် အစ္စလာမ်ဘာသာ ကိုးကွယ်သော နိုင်ငံသားမိန်းမများနဲ့ ခရစ်ယာန်ဘာသာ ကိုးကွယ်သော နိုင်ငံသားမိန်းမများနဲ့ ဟိန္ဒူဘာသာ ကိုးကွယ်သော နိုင်ငံသားမိန်းမတွေ ရှိသေးတယ်။”

လူအခွင့်အရေး ရှုထောင့်ကကြည့်ရင်လည်း မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေအတွက်ပဲ ကွက်ပြီး ပြဌာန်းပေးတဲ့သဘော ဖြစ်နေတာဟာ ခွဲခြားတဲ့ အနေအထားတရပ်လို့ ရှုမြင်နိုင်တဲ့အကြောင်း Equality Myanamar ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောပါတယ်။

“ဘာကြောင့် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကိုပဲ အဓိကဦးစားပေး လုပ်ဆောင်တာလဲ ဆိုတဲ့အချက်ပါ။ ဒီလိုမျိုးဖြစ်တဲ့ကိစ္စက ဗုဒ္ဓဘာသာ အမျိုးသမီးမှ မဟုတ်ပါဘူး။ တခြားဗုဒ္ဓဘာသာ မဟုတ်သော အမျိုးသမီးတွေလည်း ခံစားရတယ်။ ဘာသာကွဲမှမဟုတ်ဘဲနဲ့ ဘာသာတူခြင်းပေါင်းလည်း ဒါမျိုးလုပ်ဆောင်မှုသည် အကြမ်းဖက်မှုတွေ ကြုံတွေ့ရတဲ့အတွက် ဦးတည်ချက်ကောင်းပေမဲ့ ဒီလိုမျိုး မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကိုပဲ အဓိကထား လုပ်ဆောင်ခြင်းက အမျိုးသမီးတွေကြားထဲမှာ ထပ်မံပြီးတော့ ခွဲခြားမှုတွေ ဖြစ်သွားသလို အမျိုးသမီးအားလုံးကို လွှမ်းခြုံပြီးတော့ ကာကွယ်ပေးနိုင်တဲ့ အရာမျိုး မဖြစ်ပါဘူး။”

မျိုးစောင့်ဥပဒေတွေထဲက တခုဖြစ်တဲ့ ဒီဥပဒေကို တဘက်က ဝေဖန်နေပေမဲ့လည်း ဒီဥပဒေ မူကြမ်းတွေ အစပြုဖို့ ကြိုးစားခဲ့တဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ ပြန်ကြားရေးတာဝန်ခံ ငါးကျမ်းပြန် ဆရာတော် ဒေါက်တာ ဓမ္မပီယ ကတော့ -

“ကိုယ့်ဘာသာအသီးသီးကို ကာကွယ်တဲ့အနေနဲ့ ဘုန်းဘုန်းတို့လည်း ဘာသာရေးခေါင်းဆောင်တွေနဲ့ မေးပြီးပါပြီ။ ဒါကတော့ ကိုယ့်ဘာသာကိုယ် စောင့်ရှောက်တာကတော့ ဒါ ဘာမှပြောစရာ မလိုပါဘူးပေါ့။ ခုနလို မတရားသဖြင့် ဖြစ်တာတို့၊ တိုက်ခိုက်တာတို့၊ ဒါတွေသာ သူတို့က ပြောတာ။ အဲတော့ ဥပဒေပညာရှင်တွေ ပြန်ကြည့်ရင် တခြားဘာသာတွေမှာက ရှိပြီးသားဖြစ်တဲ့အတွက်ကြောင့် ဒါက လိုအပ်နေတဲ့ ဘာသာအတွက် လုပ်ရတယ်လို့ အဲ့ဒါဆို မျှတတယ်လို့ ဘုန်းဘုန်းကတော့ မြင်တယ်လေ။”

မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်း ဥပဒေမူကြမ်းဟာ ဥပဒေတရပ်အဖြစ် လွှတ်တော်က အတည်ပြုလိုက်ပြီဆိုရင် အရင်ကရှိနေတဲ့ ၁၉၅၄ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနဲ့ အမွေဆက်ခံမှု အက်ဥပဒေကို ဖျက်သိမ်းပြီး ဒီဥပဒေနဲ့ အစားထိုးမှာလည်း ဖြစ်ပါတယ်။ ဒီဥပေဒကို ပြဌာန်းရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမတွေနဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ ယောကျာ်းတွေ ထိမ်းမြားတဲ့အခါ၊ ကွာရှင်းတဲ့အခါ၊ အမွေဆက်ခံတဲ့အခါ၊ သားသမီး ထိန်းသိမ်းတဲ့အခါတွေမှာ မြန်မာမိန်းမတွေဘက်က နစ်နာမှုမရှိအောင် ပြဌာန်းတာလို့လည်း နိဒါန်းမှာ ဖော်ပြထားပါတယ်။

မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လွတ်လွတ်လပ်လပ် ဗုဒ္ဓဘာသာကိုးကွယ်တာကို သူ့ရဲ့ဘာသာခြား အမျိုးသားက နှောင့်ယှက်မယ်ဆိုရင် ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ကျပ် ၅ သိန်း ပြီးတော့ ဗုဒ္ဓဘာသာ အမျိုးသမီးကို ဘာသာပြောင်းခိုင်းမယ်ဆိုရင် ထောင်ဒဏ် ၃ နှစ်ထိ ချနိုင်တယ်ဆိုပြီးတော့လည်း ဒီဥပဒေကြမ်းမှာ ပါရှိနေပါတယ်။

ဒါ့အပြင် ဘာသာမတူတဲ့ အခြားဘာသာဝင် အမျိုးသားတယောက်က ဗုဒ္ဓဘာသာဝင် မိန်းကလေးတယောက်ကို လက်ထပ်မယ်ဆိုရင် မြို့နယ်ထွေအုပ်အရာရှိဆီမှာ မှတ်ပုံတင်ရမှာလည်း ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီးတော့ မျိုးစောင့်ဥပဒေတွေထဲမှာ ပါရှိတဲ့ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမူကြမ်း ပြီးတော့ လူဦးရေ ထိန်းညှှိခြင်းဆိုင်ရာ ဥပဒေမူကြမ်းနဲ့ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဖော်ပြလာတာပါ။

ဒီကနေ့မှာဆိုရင်တော့ တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ချပြမှာ ဖြစ်တယ်လို့လည်း အစိုးရပိုင်း သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG